Wednesday, November 20, 2019

စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့် ပူးပေါင်းရေးကိစ္စ ကိုယ်စားလှယ်များအမြင်ကွဲလွဲ ဆွေးနွေးမှုထဲပါသည့် ကြ့ခိုင်ရေးအမတ်၊ NLD အမတ်အချို့၊တပ်မတော်သားကိုယ်စားလှယ်တို့မှလွဲ၍ NLD အမတ်အများ စုထောက်ခံ



စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့် ပူးပေါင်းရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အကြား အမြင်များ ကွဲလွဲနေကြောင်း ဆွေးနွေးမှုများအရ သိရသည်။

နိုင်ငံတော်သမ္မတက စက်မှုဝန်ကြီးဌာနကို စီမံဘဏ္ဍာဝန်ကြီးဌာန နှင့်တွဲပြီး စီမံဘဏ္ဍာစက်မှုဝန်ကြီးဌာနဟု ပြောင်းလဲ လိုကြောင်း လွှတ်တော်ကို တင်ပြထားရာ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ဦး၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၂ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ဦးတို့ ဆွေးနွေးခဲ့ကြရာတွင် သဘောတူသူ၊ သဘောမတူသူဖြင့် ကွဲပြားသည့် အမြင်များစွာ ထွက်ပေါ်လာသည်ကိုတွေ့ရသည်။
စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၅) အမတ် ဦးရဲထွဋ်က စက်မှုဝန်ကြီးဌာနကို ယခုအတိုင်းပဲ ထားရန် အကြံပြုသည်။
“၂၀၁၆ခုနှစ်ထဲက ဒါတွေကို လုပ်ခဲ့ရမှာ။အခုအချိန်မရှိတော့ဘူး။ဝန်ကြီးတွေ ခန့်လိုက်၊ဌာနတွေ ပေါင်းလိုက် ဒါတွေက အရင်ထဲက လုပ်ခဲ့ရမှာ ခုမလုပ်သင့်တော့ဘူး။ရှေ့မှာ ရွေးကောက်ပွဲလည်းရှိတယ်။ပေါင်းလိုက်ရင် ၆လ လောက်ကြာမယ်။အလုပ်ဖြစ်မှာ မဟုတ်ပါဘူး၊ထိရောက်မှာ မဟုတ်ပါဘူး“ဟု ပြောသည်။
စီမံ၊ဘဏ္ဍာဝန်ကြီးဌာနသည် ဘဏ္ဍာရေးနှင့် ပတ်သတ်ပြီး တရားသူကြီး၊ခုံသမာဓိ ဖြစ်ပြီး အမှုသည်နှင့်ရှေ့နေနှင့် တစ်ဝိုင်းထဲထိုင်နေသည်က အလုပ်မဖြစ်၊အမြင်မတင့်သကဲ့သို့ စက်မှုနှင့်စီမံဘဏ္ဍာ တွဲခြင်းက မသင့်တော်ဘဲ စက်မှုဝန်ကြီးဌာနကိုသာ တိုးတက်အောင်လုပ်သင့်ကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။
အောင်လံအမတ်ဦးအောင်ထူးမြင့်က နိုင်ငံတော်သမ္မတက သတ္တိရှိရှိ ပြုပြင်ပြောင်းလဲရန် စီစဉ်ခြင်းဖြစ်၍ ၎င်းအနေဖြင့် ထောက်ခံကြောင်း ပြောသည်။
“ရှုံးနေတယ်။အလုပ်မဖြစ်ဘူး။၁၀၀မြတ်ဖို့ကို ၆၀၀လောက် ရှုံးနေတော့ မဖြစ်သင့်ဘူးလေ။သက်မှုဝန်ကြီးဌာန လက်အောင်က စက်ရုံတွေ ဘယ်လောက်မြတ်လို့လည်း မြတ်တဲ့စက်ရုံက ၃၊၄ရုံ၊ရှုံးတာက ၅၀ကျော်တယ်။ ကျွန်တော်ကတော့ ပေါင်းလိုက်တာကို သဘောတူတယ်“ဟု ဦးအောင်ထူးမြင့်က ပြောသည်။
ယခင်အစိုးရလက်ထက် စက်မှုဝန်ကြီးဟောင်းလည်းဖြစ်၊သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးစိုးသိန်းက ဝန်ကြီးဌာန ၂ခုပူးပေါင်းမှုကို ကန့်ကွက်ကြောင်းပြောကာ ပူးပေါင်းလိုက်လျှင် ဝန်ထုတ်ဝန်ပိုးများဖြစ်သွားလိမ့်မည်ဟု သတိပေးသည်။
NLD အမတ်များထဲ စက်မှုနှင့်ပါတ်သတ်ပြီး တော်သည့်သူများရှိပြီး၊လက်ရှိ စက်မှုဒုဝန်ကြီးဒေါက်တာရဲမင်းပိုင်သည်လည်း တော်၍ ၎င်းတို့ကို တာဝန်ပေးခြင်း၊စောင့်ကြည့်ခြင်းများ ပြုလုပ်သင့်ကြောင်းလည်း ဦးစိုးသိန်းက ပြောသည်။
ယင်းအပြင် စက်မှုဝန်ထမ်း ၂၅၀၀၀ကျော်၊ယင်းဝန်ထမ်းများကိုမှီခိုနေသည့်မိသားစုတို့ ကိုပါ ထည့်တွက်လျှင် လူပေါင်း ၂သိန်းကျော်၏ ဘဝကို ကြည့်ရန်နှင့် အစိုးရအပေါ် ဝန်ထမ်းများ၏ အမြင်ပြောင်းလဲသွားနိုင်သည်ကိုလည်း သတိပြုရန်လည်း ဦးစိုးသိန်းက ထောက်ပြသည်။
ရွေးကောက်ပွဲနီးချိန်မှ အဘယ်ကြောင့် ထိုသို့လုပ်ရသနည်းဟုလည်း ဦးစိုးသိန်းက မေးခွန်းထုတ်ကာ ဆင်းရဲမှုလျှော့နည်းပပျောက်စေရန် စိုက်ပျိုးရေးလုပ်ငန်းထက် စက်မှုဖွံ့ဖြိုးတိုးတက်ရန်လိုသည်ဟု ဦးစိုးသိန်းက ဆက်ပြော ခဲ့သည်။
အုတ်တွင်းမဲဆန္ဒနယ်အမတ် ဒေါ်ချိူချိုက စက်မှုဝန်ကြီးဌာနကို စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် ပူးပေါင်းမှုကို မှန်ကန်သည့် လုပ်ရပ်ဟု ရှုမြင်ကြောင်းပြောကာ ထောက်ခံကြောင်းဆိုသည်။
ထို့အပြင် ချောက်မဲဆန္ဒနယ်မှ အမတ်ဦးဘိုကြီးက စက်ရုံများရပ်ထားရပြီး ဝန်ထမ်းများကိုလစာပေးနေရခြင်းက နိုင်ငံတော်အတွက် နစ်နာသည်ဟု ထောက်ပြကာ ဝန်ကြီးဌာန ၂ခုပူးပေါင်းမှုကို ထောက်ခံကြောင်းပြောသည်။
ယခင်အစိုးရလက်ထက် စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်က ယခုအစိုးရသည် သာသနာရေးနှင့်ယဉ်ကျေးမှုပေါင်းခြင်း၊ လဝက နှင့်အလုပ်သမားပေါင်းခြင်း စသည့် ပေါင်းစည်းမှုများသည် ဆီလျှော်သည်ဟု ၎င်းအနေဖြင့် ရှုမြင်ကြောင်းပြောပြီး ယခုဆောင်ရွက်မည့် စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့် ပူးပေါင်းရေးကိစ္စသည် မသင့်တော်သည့် လုပ်ရပ်ဟု ထောက်ပြဝေဖန်သည်။
“ဘယ်နိုင်ငံမှာမှ ဒီလို ပူးပေါင်းတာမျိုးမတွေ့ဖူးဘူး“ဟု ဦးမောင်မြင့်က ပြောသည်။
၎င်းက စက်မှုနှင့်စီမံ၊ဘဏ္ဍာ မပူးပေါင်းသင့်သည့်ဘက်တွင် ရပ်တည်ခဲ့သည်။
လှိုင်းဘွဲ့အမတ် ဦးခင်ချိုက ဝန်ကြီးဌာန ၂ခုပူးပေါင်းမည့်ကိစ္စအပေါ် ထူးထူးခြားခြားပြောင်းလဲလာမည်မဟုတ်ဟု ရှုမြင်ကြောင်းပြောကာ ယခုပူးပေါင်းမည့်ကိစ္စသည် ယာယီပေါင်းစပ်ခြင်းသာဖြစ်နိုင်၍ ကန့်ကွက်ရန် မရှိသော်လည်း ဝန်ထမ်းများကိစ္စ၊ဘက်ဂျက်ကိစ္စ များနှင့် ပတ်သက်ပြီး ထောက်ပြမှုများပြုလုပ်ခဲ့သည်။
ကရင်မဲဆန္ဒနယ်မှ အမတ်ဦးစိုင်းသန်းနိုင်က လက်ရှိစက်မှုဝန်ကြီးသည် အသက်အရွယ်အားဖြင့် ၈၀ကျော်ပြီဖြစ်၍ ဝင်စာ၊ထွက်စာ အားလုံး၊စက်ရုံ၊အလုပ်ရုံများအားလုံးစသည်တို့ကို အလုံးစုံကြည့်ရှုနိုင်မည်လား ဆိုသည့် စိုးရိမ်စိတ် ၎င်းတွင်ရှိနေပါသည်ဟု ထောက်ပြကာ ဝန်ကြီးဌာန ၂ခုပူးပေါင်းအပေါ်ကန့်ကွက်ခဲ့သည်။
ပျော်ဘွယ်အမတ်ဦးသောင်းအေး မတူညီသည့်သဘောသဘာဝရှိသော ဝန်ကြီးဌာန ၂ခုကိုပေါင်းစည်းခြင်းက အောင်မြင်မည်မဟုတ်သည့်အတွက် ၎င်းအနေဖြင့် ကန့်ကွက်သည်ဟု ပြောသည်။
ခွက်ခွက်လန်အောင် ရှုံးနေသည်က တိုင်းပြည်နွံပိုနစ်သည်ဟု စေတုတ္တရာအမတ်ဦးကျော်အောင်လွင် က ထောက်ပြပြီး ဝန်ကြီးဌာန ၂ခုပေါင်းခြင်းကမှန်ကန်သည့်လုပ်ရပ်ဟု ပြောသည်။
“ခုဆိုစက်မှုဝန်ကြီးဌာနက ပိုက်ဘော မိနေတယ်“ဟု ဦးကျော်အောင်လွင်က ပြောသည်။
မအူပင်အမတ်ဦးစိန်ဝင်း စီမံ၊ဘဏ္ဍာ နှင့် စက်မှုပေါင်းလိုက်လျှင် အောင်မြင်မှုထက် ကျဆုံးမှုသာဖြစ်မည်ဟုပြောကာ ပူးပေါင်းချင်နေလျှင် အခြားဝန်ကြီးဌာနများနှင့် ပေါင်းသင့်ကြောင်းနှင့် မပေါင်းဘဲနှင့် လုပ်လျှင်လည်း မရဘူးလားဟု မေးခွန်းထုတ်သည်။
ကရင်မဲဆန္ဒနယ်၆မှ ဒေါ်နန်းနီနီအေး၊တပ်မတော်သားအမတ် ဗိုလ်မှူးဇေဖြိုး၊တပ်မတော်သားအမတ်ဗိုလ်မှူးကျော်စိုးဦး တို့က သဘောမတူမသင့်တော်ကြောင်း ထောက်ပြကြပြီး ဗိုလ်မှူးဇေဖြိုးက နိုင်ငံတကာတွင် လုပ်ငန်းသဘောသဘာ၀ တူညီသည့်ဝန်ကြီးဌာနများနှင့် စက်မှုကို ပူးတွဲထားသည်ကို ထောက်ပြပြီး ယခုပူးပေါင်းမှုက သင့်တော်ခြင်းမရှိဟု ပြောသည်။
“ဝန်ထမ်းတွေကို ဘယ်လိုလုပ်ဆောင်ဖို့ စီမံထားပါသလဲဆိုတာလဲ မေးချင်ပါတယ်“ဟု ဗိုလ်မှူးဇေဖြိုးက ပြောသည်။
ရွှေကျင်အမတ်ဦးစောသလေးစော၊ထီးလင်းအမတ်ဦးမြတ်လေးဦး၊စလင်းအမတ်ဦးကံဦး တို့က ပေါင်းစည်းမှုကို သဘောတူ ထောက်ခံခဲ့ပြီး ဦးစောသလေးစောက စီမံ၊ဘဏ္ဍာဝန်ကြီးဌာနသည် ဘဏ္ဍာရေးတစ်ခုထဲကို ကိုင်တွယ်နေသည်မဟုတ်ဘဲ စီမံမှုကိုပါ ကိုင်တွယ်နေသည်ဟု သတိချပ်ကြရန်လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ဦးမြတ်လေးဦးက အမျိုးသားစီမံကိန်းနှင့်စက်မှုဝန်ကြီးဌာနဟူ၍ တွေ့မြင်ဖူးသည့်အတွက် ပူးပေါင်းမှုတွင် အခက်အခဲ မရှိနိုင်ဟု ပြောသည်။
တပ်မတော်သားအမတ်ဗိုလ်မှူးကျော်စိုးဦးက ဝန်ကြီးဌာနတစ်ခုကို ဖျက်သိမ်းမည်ဆိုလျှင် သေချာလေ့လာစီစစ် သင့်ကြောင်း အကြံပြုသည်။
“ဒုဝန်ကြီး ၁ဦးကို ခန့်ပြီး ၃လအကြာမှာပဲ ဝန်ကြီးဌာနကိုပါ ဖျက်မယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ဝန်ထမ်းတွေရဲ့ ဘဝတွေကိုပါ ထည့်တွက်ဖို့လိုပါတယ်၊မှန်းချက်နဲ့ နှမ်းထွက် မကိုက်မှာကို စိုးရိမ်မိပါတယ်“ဟု တပ်မတော်သားအမတ် ဗိုလ်မှူးကျော်စိုးဦးကပြောသည်။
ပုလဲအမတ်ဒေါ်ခင်စန်းလှိုင်က ဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းမည့်ကိစ္စကို လေးလေးနက်နက် ထောက်ခံကြောင်းပြောသည်။
“စက်မှုဝန်ကြီးဌာနအောက်မှာ ရှိတဲ့ စက်ရုံအများစု ဟာ အရှုံးပေါ်နေပါတယ်ဟု၊ဒါ့အပြင် ချေးငွေအတိုးတွေလည်း တက်နေပါတယ်“ဟု မြေပြင်ကွင်းဆင်းလေ့လာချက်များကို ကိုးကားပြီး ဒေါ်ခင်စန်းလှိုင်က လွှတ်တော်ကို ပြောသည်။
ထို့ကြောင့် ဝန်ကြီးဌာန ၂ခုပူးပေါင်းခြင်းကို သူမအနေဖြင့် လေးလေးနက်နက်ထောက်ခံကြောင်း ပြောသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List