Wednesday, November 20, 2019

ပြည်သူတစ်ယောက်ချင်းစီတိုင်းက ပြည်ထောင်စုကိုလိုလားမှ စစ်မှန်‌သော ပြည်ထောင်စုပေါ်ထွက်နိုင် အများပြည်သူ၏ ထောက်ခံမှု မရှိဘဲ မည်သည့်လုပ်ငန်းမှ ရေရှည်မအောင်မြင်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


Image may contain: 3 people, people standing and child

ပြည်သူတစ်ယောက်ချင်းစီတိုင်းက ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ပြည်ထောင်စုကိုလိုလားမှ စစ်မှန်‌သော ပြည်ထောင်စုပေါ်ထွက်နိုင် ကြောင်းနှင့် အများပြည်သူ၏ ထောက်ခံမှု မရှိဘဲ မည်သည့်လုပ်ငန်းမှ ရေရှည်မအောင်မြင်နိုင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့တော်ခန်းမ၌ ရှမ်းပြည် နယ်အတွင်းရှိ မြို့နယ်များမှ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် မနေ့ကတွေ့ဆုံစဉ်‌ ပြောကြားလိုက်သည်။
ထို့ပြင်ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြင်မှုရရှိနိုင်မည်လားဆိုသည့် ယုံမှားသံသယရှိသူများက မေးခွန်းထုတ်နေကြကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ငြိမ်းချမ်း စွာ ညီညီညွတ်ညွတ်နေနိုင်ပါက တစ်တိုင်းပြည်လုံး မနေနိုင်စရာမရှိကြောင်းနှင့် ထိုသို့ သံသယဖြင့် မေးခွန်းထုတ်သူများကို တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေသည့် တောင်ကြီးကဲ့သို့နေရာမျိုးကို လာရောက်လေ့လာရန် လည်းတိုက်တွန်းခဲ့သည်။

"ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ရင် ဖြစ်ပါ့မလား၊ အောင်မြင်ပါ့မလားဆိုပြီး တစ်ချို့က မေးခွန်းထုတ်ပါတယ်။ အရင်တုန်းက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ အခုလည်း အထစ်အငေါ့တွေ အခက်အခဲတွေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ အောင်မြင်နိုင်ပါ့မလားဆိုပြီးတော့ မေးခွန်းထုတ်တဲ့သူတွေရှိပါတယ်။ အောင်မြင်နိုင်ပါ့ မလားလို့ မေးခွန်းထုတ်တဲ့သူတွေကို ကျွန်မကနေပြီးတော့ တောင်ကြီး လိုနေရာမျိုးကို ကြည့်လိုက်ပါ။ တောင်ကြီးလိုနေရာမျိုးမှာ ကျွန်မတို့ရဲ့ ပြည်သူများဟာ ပြည်ထောင်စု စိတ်ဓာတ် အပြည့်အဝနဲ့ အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်နေနိုင်ရင် ကျွန်မတို့ တစ်တိုင်းပြည်လုံးက မနေနိုင်စရာအကြောင်း ဘာရှိသလဲ၊ သို့သော်လည်း ကျွန်မတို့ ကြိုးစားမှဖြစ်မှာပါ။ အလုပ်တစ်ခု အောင်မြင်ဖို့ဆိုတာဟာ ကျွန်မတို့ ထိုင်ပြီး ဆုတောင်း နေရင်းနဲ့တော့ မဖြစ်ပါဘူး။ ကျွန်မတို့ ကြိုးစားယူရမယ်။ ကျွန်မတို့ရဲ့ ဦးတည်ချက် ပန်းတိုင်ကို မရောက်မချင်း ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရပါ့မယ်" ဟု ပြောသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က " တောင်ကြီးကိုလာတိုင်း ကျွန်မ စိတ်ချမ်းသာရတယ်၊ ဂုဏ်ယူရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တောင်ကြီးက ကျွန်မတို့ပြည်ထောင်စုရဲ့ အောင်မြင်မှုတစ်ရပ်လို့ ကျွန်မ ဒီ်လိုပဲယူဆပါတယ်။ တောင်ကြီးမှာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်သူ ဘာသာပေါင်းစုံဟာ ညီညီညွတ်ညွတ်အေးအေးချမ်းချမ်းနဲ့ နေကြတယ်။ အဲဒီလိုနေနိုင် ခြင်းဟာ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများအကြားမှာ လူမျိုးမရွေး၊ ကိုးကွယ်တဲ့ ဘာသာမရွေး၊ ပြောဆိုတဲ့ ဘာသာစကားမရွေး အားလုံး ညီညီညွတ်ညွတ် နေနိုင်တယ်။ အေးအေးချမ်းချမ်း နေနိုင်တယ်ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ ဒီလိုကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆောင်တဲ့ဒေသတစ်ခုကို လာရတယ်ဆိုတာဟာ ကျွန်မတို့အတွက် အများကြီးအင်အားဖြစ်ပါတယ်။ အင်အားဖြစ်ပြီးတော့ ကျွန်မတို့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ဘယ်လောက် ရှိသလဲဆိုတာကို ကျွန်မတို့ မြင်တွေ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေတာဟာ ဆယ်စုနှစ်တွေနဲ့ ချီလာပါပြီ၊ လွတ်လပ်ရေးရတဲ့ အချိန်ကနေစပြီးတော့ အခုထိ ကျွန်မတို့နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်မီးငြိမ်းတယ် ရယ်လို့ မရှိသေးပါဘူး။ ပြည်တွင်းစစ်မီး ငြိမ်းအောင်လို့ ကျွန်မတို့ရဲ့မျိုးဆက်မှာ လုပ်သွားချင်ပါတယ်။ နောင်မျိုးဆက်တွေ၊ နောင်မျိုးဆက်တွေ အတွက် ဝန်ထုပ် ဝန်ပိုးကြီးတစ်ခုကို ကျွန်မတို့ မချန်ခဲ့ချင်ပါဘူး" ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးရရန် လုံ့လရှိရန်လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးအတွက် အမြင့်ဆုံး လုံ့လဝရိယဖြင့် အောင်မြင်သည့်အထိ လုပ်ကိုင်ဆောင်ရွက်သွားရန်လည်း သူမက တိုက်တွန်းခဲ့သလို အများပြည်သူ၏ ထောက်ခံမှု မရှိဘဲ မည်သည့်လုပ်ငန်းမှ ရေရှည်မအောင်မြင်နိုင်ကြောင်း သတိပေးပြောကြားလိုက်သည်။

"ကျွန်မတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး လုံ့လဝီရိယနဲ့ အောင်မြင်တဲ့အထိ လုပ်သွားဖို့ဟာ ကျွန်မတို့ ပြည်သူ ပြည်သားအားလုံး ပြည်ထောင်စုကို တကယ် အလေးထား၊ တန်ဖိုးထားသူများအားလုံးအတွက် သံန္နိဌာန် တစ်ခု ဖြစ်ရပါ လိမ့်မယ်၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ပြည်ထောင်စုကို လိုလားမှ ဒီပြည်ထောင်စု ကြီးဟာ မြန်မြန်ဆန်ဆန်နဲ့ ပေါ်ထွန်းလာမှာပါ။ လူနည်းစုက လိုလားမှုနဲ့ မပေါ်ထွန်းလာ နိုင်ဘူးလားဆိုရင် ပေါ်ထွန်းလာနိုင်ပါတယ်၊ ကမ္ဘာ့သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် တစ်ချို့ အင်မတန်မှ ထိရောက်တဲ့၊ အရေးပါတဲ့ လှုပ်ရှားမှုကြီးများကို ဦးဆောင်တဲ့ လူတွေက လူနည်းစုပါ။ ပါဝင်ပြီးတော့ တကယ် လှုပ်ရှားတဲ့သူတွေကလည်း လူနည်း စုပါ။ ဒါပေမယ့် ဒီလိုပုဂ္ဂိုလ်တွေရဲ့ စိတ်အားထက်သန်မှုကြောင့် အောင်မြင်ပါတယ်။ သို့သော်ငြားလည်း ပံ့ပိုးမှုကတော့ ရှိရမယ်၊ ဥပမာဆိုရင် လွတ်လပ်ရေး တိုက်ပွဲတုန်းက တကယ်ထွက်ပြီးတော့ ရှေ့တန်းကနေ လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ ခေါင်းဆောင်ကြီး တွေဟာ လူနည်းစုပါ။
"သို့သော်လည်းပဲ ဒီလူနည်းစုရဲ့အလုပ် အောင်မြင်ဖို့အတွက် ပံ့ပိုးနေတာဟာ အများပြည်သူဖြစ်ပါတယ်။ ကျွန်မထပ်တလဲလဲ ပြောပါတယ်။ အများပြည်သူရဲ့ ထောက်ခံမှု မရှိဘဲနဲ့ ဘယ်လုပ်ငန်းမှ ရေရှည်အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူး၊ အများပြည်သူရဲ့ ထောက်ခံမှု မရှိဘဲနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေဆိုတာ ရေတိုမှာတော့ အောင်မြင်ရင် အောင်မြင်မယ်။ ရေတိုမှာတော့ ထိရောက်ရင် ထိရောက် မယ်။ ရေရှည်မှာတော့ မရပ်တည်နိုင်ပါဘူး။ ပြည်သူအများစု ကနေ ထောက်ခံမှ ထောက်ခံတယ်ဆိုတာ ဘာကြောင့် ထောက်ခံတာလဲ၊ တကယ်နားလည်မှုနဲ့ ထောက်ခံ တာ ဖြစ်ရမယ်။ အခြေအနေတစ်ခုကို နားမလည်လို့၊ အပြောကောင်း တာကို ယုံပြီး တော့ ထောက်ခံတဲ့ ထောက်ခံမှုမျိုးဆိုတာဟာ ဒါက စစ်မှန်တဲ့ ထောက်ခံမှု မဟုတ်ပါဘူး" ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့သည်။
‌မောင်မောင်/Myanmar Harp
ဓာတ်ပုံ/ MOI

No comments:

Post a Comment

My Blog List