Friday, November 22, 2019

ICJ တွင် အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ဖြေရှင်းခြင်းသည် ကောင်းမွန်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ သုံးသပ်


Image may contain: textImage may contain: sky and outdoor
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ကိစ္စအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာဟာ ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ စွဲဆိုထား တဲ့အမှုကို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကာကွယ်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ဖြေရှင်းဆောင်ရွက်သွားမယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။
ICJ မှာ စွဲဆိုထားတဲ့အမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးရန်ကျော်က ပြောပါတယ်။
“သူဟာ အနောက်နိုင်ငံတွေမှာလည်း အနေကြာခဲ့တယ်။ အင်္ဂလိပ်စာကိုလည်း ကျွမ်းကျင် ပိုင်နိုင်စွာ ပြောတတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို ရှင်းလင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဦးရန်ကျော်က ပြောပါတယ်။
လူပုဂ္ဂိုလ်အပေါ် တရားစွဲဆိုတာ မဟုတ်ဘဲ နိုင်ငံကိုစွဲတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးကလည်း သူအမြင်ကို အခုလိုပြောပါတယ်။
“ကုလသမဂ္ဂဝင် နိုင်ငံအနေနဲ့ ကမ္ဘာ့တရားရုံးမှာ ရင်ဆိုင်ရပြီဆိုရင်တော့ အစိုးရကပဲ တာဝန်ယူဖြေရှင်းရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အစိုးရခေါင်းဆောင်တစ်ယောက် အနေနဲ့ သူတာဝန်ယူသင့်တာကို တာဝန်ယူပြီး ဖြေရှင်းတာလို့ မြင်ပါတယ်” လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
အဲဒီအမှုအတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေကို ငှားရမ်းထားပြီးဖြစ်တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။ အမှုကို ဒီဇင်ဘာ (၁၀) ရက်နဲ့ (၁၂) ရက်မှာ ကြားနာသွားမှာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ မြန်မာအစိုးရကို အရေးယူတားမြစ်တဲ့ ယာယီအမိန့် ထုတ်ပြန်ပေးဖို့ ဆိုတဲ့အချက်အပေါ် အဓိကထားမှာဖြစ်တယ်လို့ ICJ က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ICJ ရဲ့ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြီးမြင့်က အခုလို သုံးသပ်ပါတယ်။
“ရက်(၂၀)လောက်ပဲ အချိန်ပေးတာဟာ ရုံးတော်အနေနဲ့ မျှတမှုမရှိဘူးလို့၊ ကျွန်တော်တို့ကို နစ်နာစေတယ်။ တရားလိုဘက်ကို မျက်နှာမူရာရောက်နေတယ်။ အဲဒါကိုတော့ ကျွန်တော်က သဘောမကျဘူး။ ရုံးက အနည်းဆုံး အချိန်(၃)လ လောက်တော့ ပေးရမယ်။ နိုင်ငံတကာမှာလည်း (၃) လကနေ (၆)လ အထိ ပေးတာပဲ” လို့ ဦးကြီးမြင့်က ဆိုပါတယ်။
အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ တစ်ရက်စီ လျှောက်လဲချက် ပေးရမှာဖြစ်ပြီး တတိယနေ့မှာတော့ နှစ်နိုင်ငံလုံးက ဒုတိယပိုင်းအနေနဲ့ ဆက်လက်လျှောက်လဲရမှာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List