Saturday, May 23, 2020

ကိုဗစ်(၁၉)ကြောင့် တိုင်းပြည်၏စွမ်းအားများ မထိခိုက်စေရန် စောင့်ရှောက်ပေးရမည်

ကိုဗစ်(၁၉)ရောဂါသည် နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်ပြီး ပြည်သူနှင့် တိုင်းပြည်၏စွမ်းအားများ မထိခိုက်စေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေ ၂၁ ရက်တွင် ပြောကြားသည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို မေ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ပြည်သူများအတွက်သာမက '၀' (UWSA) အဖွဲ့နှင့် KIO/KIA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားများပင် ဖြစ်သည့်အတွက် COVID-19 ရောဂါဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများကို ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးနေကြောင်း၊ ရခိုင်ဒေသတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုကိုထိခိုက်စေမည့် အကျပ်အတည်းများအား ကာကွယ်ပေးရမည်၊ ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တော် ကျင့်ဝတ်ပါအတိုင်း ပြည်သူအပေါ် ရေလိုလလို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်ပြီး ပြည်သူနှင့် တိုင်းပြည်၏ စွမ်းအားများ မထိခိုက်စေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်၍ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ရောဂါဖြစ်ပွားမှုကြောင့် ရောဂါဖြစ်ပွားသူများ၊ ၎င်းတို့ကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပေးနေသူများ၊ မိသားစုဝင်များ အားလုံး၏လုပ်အား၊ စွမ်းအား၊ စွမ်းဆောင်နိုင်မှုများ လျော့ကျသွားသဖြင့် တိုင်းပြည်စွမ်းအား၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ တစ်ဦးချင်း ဝင်ငွေများကို ထိခိုက်စေကြောင်း၊ အချို့နိုင်ငံများတွင် ဖြေလျှော့မှုများ ပြုလုပ်ရာ၌ တစ်ကျော့ပြန် ရောဂါပိုးကူးစက်မှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အစစအရာရာသတိထား၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
သတင်း - ရဲထက်ကျော်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment

My Blog List