Monday, May 18, 2020

ကမ္ဘာတစ်ဝှမ်း နေ့စဉ်ကူးစက်နှုန်း ကျဆင်းလာ

Image may contain: 2 people, outdoor
ကမ္ဘာကပ်ရောဂါ နေ့စဉ်ကူးစက်နှုန်းသည် မတ်လ ၁၅ ရက်နေ့က လူပေါင်း တစ်သိန်းနီးပါး ကူးစက်ခဲ့ပြီးနောက် ယမန်နေ့က လူပေါင်း ၈၂၂၅၇ ဦး ကူးစက်ခဲ့ရာ နှစ်ရက်ဆက် ကျဆင်းလာသည်။

ကပ်ရောဂါ ဗဟိုချက်မဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် ထပ်မံသေဆုံးသူ ၈၀၀ ကျော်သာရှိခဲ့ပြီး ၁၉၈၉၁ ဦး အသစ်ထပ်မံကူးစက်မှုသည် လေးရက်ဆက်တိုက် ၂၀၀၀၀ နှင့်အထက် ကူးစက်မှုမှ တဖန် ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတွင်း ကူးစက်မှုပေါင်း ၁.၅ သန်းကျော်တွင် လူပေါင်း ၉၀၀၀၀ ကျော် သေဆုံးခဲ့သလို ဆက်လက်ကုသမှု ခံယူနေရသူ ၁ သန်းကျော် ရှိနေသေးသည်။
ဥရောပရှိ ကူးစက်မှုအများဆုံး ဖြစ်သော စပိန်နိုင်ငံမှာလည်း မတ်လ ၁၇ ရက်နောက်ပိုင်း သေဆုံးနှုန်း အနည်းဆုံးသို့ ရောက်ရှိခဲ့ပြီး ယမန်နေ့က ၈၇ ဦးသာ အသစ်ထပ်မံ သေဆုံးခဲ့သည်။ နိုင်ငံတွင်း ပြန်လည်ကျန်းမာလာသူ နှစ်သိန်းနီးပါး ရှိသဖြင့် စုစုပေါင်းကူးစက်မှု ၂၈၀၀၀၀ နီးပါးတွင် ဆက်လက်ကုသမှု ခံယူနေရသူ ၅၀၀၀၀ ကျော်သာ ကျန်ရှိတော့သည်။
ပြီးခဲ့သည့် လပိုင်းက အဆိုးရွားဆုံးခံစားရသည့် အီတလီမှာမူ ၆၇၅ ဦးသာ အသစ်ထပ်မံကူးစက်ခဲ့ပြီး ၁၄၅ ဦး ထပ်မံသေဆုံးခဲ့ရာ လက်ရှိအချိန်ထိ ကူးစက်မှုပေါင်း ၂၂၅၄၃၅ မှုဖြင့် ကူးစက်မှုအများဆုံး အဆင့်တွင် ဆဋ္ဌမနေရာသို့ ရောက်ရှိသွားသည်။ သို့သော် အီတလီတွင် စုစုပေါင်း ၃၂၀၀၀ ဝန်းကျင် သေဆုံးထားပြီး တတိယ အများဆုံးသေဆုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။
ထို့အပြင် ပြင်သစ်၊ ဂျာမနီတို့၏ ကူးစက်နှုန်းမှာ သိသိသာသာ ကျဆင်းလာခဲ့သော်လည်း ဗြိတိန်နိုင်ငံမှာမူ ကူးစက်နှုန်း ကျဆင်းခြင်း မရှိသေးဘဲ ယမန်နေ့က လူပေါင်း ၃၅၀၀ ကျော် ကူးစက်ပြီး မတ်လမှ စတင်ကာ နေ့စဉ် သေဆုံးနှုန်း ၃၀၀၀ အောက်သို့ ရောက်ရှိခြင်း မရှိသေးပေ။
ဘရာဇီးနိုင်ငံတွင် ယမန်နေ့က လူပေါင်း ၈၀၀၀ နီးပါး ထပ်မံကူးစက်ခဲ့ပြီး ယခင်နေ့များနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းခဲ့သော်လည်း အီတလီနိုင်ငံ၏ စုစုပေါင်း ကူးစက်သည့် အရေအတွက်ကို ကျော်လွန်ခဲ့ပြီး လူပေါင်း ၂၄၀၀၀၀ ကျော်ဖြင့် ပဉ္စမ အများဆုံး ကူးစက်သည့် နိုင်ငံ ဖြစ်လာသည်။
ဘရာဇီးနည်းတူ ရုရှာနိုင်ငံသည်လည်း နှစ်ရက်ဆက် ၁၀၀၀၀ အောက် ကူးစက်မှုရှိခဲ့သော်လည်း ဘရာဇီးနိုင်ငံထက်ပင် နေ့စဉ်ကူးစက်နှုန်း ပိုမိုများပြားနေဆဲ ဖြစ်သည်။ နိုင်ငံတွင်း ကူးစက်မှုပေါင်း ၂၈၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၆၀၀ ကျော်ရှိသည်။
ကမ္ဘာတစ်ဝှမ်း ကူးစက်မှုပေါင်း ၄.၈ သန်းကျော်တွင် လူပေါင်း ၃၁၆၆၇၁ ဦး သေဆုံးထားသည်။
AS
Ref; worldmeters

Isee Media

No comments:

Post a Comment

My Blog List