Saturday, May 23, 2020

တပ်မတော်က ရွာကိုမီးရှို့သည်ဟု စွပ်စွဲချင်သောကြောင့် AA က ရခိုင်ရွာအချင်းချင်းမရှောင်တော့ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမီးရှို့ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး AA သည် တပ်မတော်က ရွာကို မီးရှို့သည်ဟု စွပ်စွဲချင်သောကြောင့် ရခိုင်ရွာအချင်းချင်းမရှောင်တော့သည်ကို တွေ့ရကြောင်း မေလ ၂၂ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောဆိုသည်။
“ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက တစ်ခါတစ်ရံမှာ တော်တော်ရှုပ်ထွေးပါတယ်။ အဲမှာ မေးစရာမေးခွန်းရှိတွေရှိလာပြီ မေးစရာမေးခွန်းရှိတယ်ဆိုတာ AAက အဲရွာကို ဘာကြောင့်မီးရှို့ရမှာလဲ မေးစရာမေးခွန်းတွေဖြစ်လာတယ်။ ဘာကြောင့်မီးရှို့တာလည်းဆိုတော့ ရှင်းရှင်းလေးပါ ကျွန်တော်ခဏခဏ ပြောနေသလိုပဲ ဘူးသီးတောင် မောင်းတော ဒေသမှာဖြစ်နေသလိုပဲ ဘူးသီးတောင် မောင်းတောဒေသမှာ ယခင်တုန်းက ဘူးသီးတောင် မောင်းတော ဒေသမှာဖြစ်ခဲ့တယ်။ ဘင်္ဂါလီရွာတွေနဲ့ ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့တိုက်ပွဲဖြစ်တယ်။ အဲနားလေးမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ဆုတ်သွားတယ်။ မီးရှို့သွားတယ်။ မီးရှို့သွားပြီးတော့ တပ်ကမီးရှို့တယ်ဆိုပြီးတော့ ပြဿနာလုပ်တယ်။ ခုချိန်မှာ ကျွန်တော်တို့ စတွေးနေတာကျ AA အနေနဲ့ ကိုယ့်ရခိုင်ရွာအချင်းချင်းတောင်မှ မရှောင်တော့ဘူးဆိုတာတွေ့ရတယ်။ ဘာဖြစ်လို့ဒီလိုလုပ်တာလဲဆိုတော့ တပ်ကမီးရှို့တယ်လို့ စွပ်စွဲချင်လို့ကို တမင်သပ်သပ်လုပ်တဲ့ ပုံစံမျိုးကိုဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။
အဆိုပါ လက္ကာကျေးရွာသည် မေလ ၁၆ရက်နေ့က မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး တပ်မတော်က လုံခြုံရေးစစ်ကြောင်းတစ်ခုသည် တိမ်ညိုကျေးရွာမှ လက္ကာကျေးရွာသို့အသွားတွင် AAဖက်မှ အင်အား ၁၅ယောက်ခန့်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြန်လည်ခုခံခဲ့ပြီး AA တပ်ဖွဲ့ဝင်များ ကျေးရွာထဲရှိ နေအိမ်များကို မီးရှို့ကာ ရွာ၏ အရှေ့ဖက်တောင်ကြောကို ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆက်လက်ပြောဆိုသည်။
AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA သတင်းဌာနသို့ ဖြေကြားရာတွင် လက္ကာကျေးရွာမီးရှို့မှုနှင့်ပတ်သက်၍ ဒေသခံများကို မေးမြန်းစေလိုကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် "စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့" ကြိုးစားသည့်အနေဖြင့် ပြောခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် တရားမျှတမှု ရရေးအတွက် AA အဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က လက္ကာကျေးရွာတွင် အိမ်ခြေ ၁၉၄ လုံးမီးလောင်ကျွမ်းသွားခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

No comments:

Post a Comment

My Blog List