Monday, November 09, 2015

ဧရာဝတီတိုင်း၌ မဲဆန္ဒနယ် ၅၆ ခု အနိုင်ရရှိကြောင်း NLD ပါတီ အောင်နိုင်ရေးအဖွဲ့ ကြေညာ


ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊ ဖျာပုံဒေသများအပါအ၀င် မြို့နယ် ၁၈ ခုရှိ မဲဆန္ဒနယ် ၅၆ ခု၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီကိုယ်စား လှယ်လောင်းများ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း ပုသိမ်မြို့ အခြေစိုက် ဧရာဝတီတိုင်း NLD ပါတီ အောင်နိုင်ရေးအဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

“ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆန္ဒနယ် တခုမှာရှိတဲ့ မဲဆန္ဒရှင် စုစုပေါင်းရဲ့ တ၀က်ကျော် ထောက်ခံမဲရပြီဆိုတာနဲ့ ကျနော်တို့ကတော့ နိုင်ပြီလို့ ကြေညာပါတယ်။ စာရင်းအတိအကျကိုလည်း ကျနော်တို့ မနက်ပိုင်းမှာ မြို့နယ်တွေကနေ အသေးစိတ်တောင်းယူပြီး စာရင်းပြုစုထားမှာပါ”ဟု ဧရာဝတီတိုင်း NLD ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ဧရာဝတီကို ပြောသည်။

အနိုင်ရသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ၁၈ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၁ တွင် ၁၆ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၂ တွင် ၁၇ နေရာနှင့် အမျိုးသားလွှတ်တော် ၅ နေရာတို့ ဖြစ်ကြောင်း သိရသည်။
ယနေ့ မနက် ၄ နာရီတွင် နောက်ဆုံးရခဲ့သည့်သတင်းများအရ NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည့် မြို့နယ်များ မှာ ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ ရေကြည်၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ၊ ၀ါးခယ်မ၊ ကျုံပျော်၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် NLD ပါတီ၏ တိုင်းလွှတ်တော် အမှတ် ၁ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာ၊ ဟင်္သာတ၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ၊ ၀ါးခယ်မ၊ ကျုံပျော်၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

တိုင်းလွှတ်တော်အမှတ် ၂ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ ငပုတော၊ ကန်ကြီးထောင့်၊ ရေကြည်၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ၊ ၀ါးခယ်မ၊ ကျုံပျော်၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် ပုသိမ်နှင့် ငပုတော ၂ မြို့ ပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၁ ၊ ရေကြည်နှင့် ကျုံပျော်မြို့နယ် ၂ ခုပေါင်း ထားသည့် အမျိုးသားလွှတ်တော် အမှတ် ၃၊ မြန်အောင်၊ ကြံခင်းနှင့် အင်္ဂပူမြို့နယ် ၃ ခု ပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၅၊ မအူပင်နှင့် ညောင်တုန်း ၂ မြို့ ပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၈၊ ဖျာပုံနှင့် ဒေးဒရဲ ၂ မြို့ ပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၁၀ တို့ဖြစ်ကြောင်း ဧရာဝတီတိုင်း NLD ပါတီအောင်နိုင်ရေးအဖွဲ့က ပြောသည်။

ဧရာဝတီတိုင်း NLD ပါတီအောင်နိုင်ရေးအဖွဲ့၏ ကြေညာချက်အရ ကြံ့ခိုင်ရေးပါတီ ပူးတွဲ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဦး၊ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နေပြည်တော်ကောင်စီဝင် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးနိုင်၊ ဦးသန်းဌေးနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါ်မြတ်မြတ်အုန်းခင်တို့အား အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ် လောင်းများက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List