Thursday, November 12, 2015

ပြည်သူကပေးသော ၀န်ကြီးချုပ်များအတွက် သင်ခန်းစာ


သမ္မတဦးသိန်းစိန်အစိုးရ၏ အဓိကအစိတ်အပိုင်းများဖြစ်ခဲ့သောတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံးနီးပါးရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ပြီး အများစုမှာ ရှုံးနိမ့်သွားခဲ့သည်။ နောက်အစိုးရသက်တမ်းတွင် ပြည်သူ့ ကိုယ်စားလှယ်ဖြစ်ရေး ၀င်ပြိုင်သော ၀န်ကြီးချုပ်များကို ဒေသခံပြည်သူ အများစုက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရက် သမိုင်းဝင် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ၁၃ ဦးတို့ ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ လွဲ၍ အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ် ၁၃ တို့မှ ၀န်ကြီးချုပ် များ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ် အားလုံးမှာ လက်ရှိအာဏာရပြည် ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်ကြပြီး အများစုမှာ ယခင်စစ်တိုင်းမှူးဟောင်းနှင့် တပ်မတော်အရာရှိဟောင်းများဖြစ်ကြသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် အနိုင်ရရှိ၍ သမ္မတဦးသိန်း စိန်က ၀န်ကြီးချုပ်များအဖြစ် ခန့် အပ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၅  ရွေးကောက်ပွဲတွင် လည်း ယခင်ရွေး ကောက်ပွဲ၌ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေများမှပင် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ လတ်တလောရရှိထားသည့် စာရင်းများ အရ ရွေးကောက်ပွဲထပ်မံဝင်ရောက်ယှဉ်ပြိုင်သည့် ၀န်ကြီးချုပ် ၁၃ ဦးတွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် ရခိုင် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းတို့ သာ ထပ်မံအနိုင်ရရှိခဲ့ကြသည်။

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးချုပ် ကိုးဦးသည် ပြိုင်ဘက် များကို ရှုံးနိမ့်ခဲ့ သည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အနားယူသွားသော   ဦးမောင်မောင် အုန်း၏ ရာထူးကို ယာယီထမ်းဆောင်သော ရခိုင် ပြည်နယ်ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်လည်း လက်ရှိရရှိထားသော စာရင်းများအရ ရှုံးရန်များနေသည်။

တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အာဏာအရှိဆုံးပုဂ္ဂိုလ်များဖြစ် ကြပြီး ဦးသိန်းစိန်ဦး ဆောင်သည့် ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့၏ အုပ် ချုပ်ရေးယန္တရားတွင်လည်း အ ရေးပါသူများဖြစ်သည်။ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် အစိုးရအဖွဲ့အုပ်ချုပ် ရေးတာဝန်ရယူ ထားချိန်တွင်ပင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ  နုတ်ထွက်ရန် မလိုသည့် အတွက် အုပ်ချုပ်ရေးအာဏာသာမက ဥပဒေပြုရေးအာဏာကိုပါ ကျင့်သုံး ခွင့်ရရှိသူများဖြစ်သည်။ ၀န်ကြီးချုပ်များအနေဖြင့် ပြီးခဲ့သည့် အစိုးရသက် တမ်း ငါးနှစ်တာကာလအတွင်း ၎င်းတို့ ၀င် ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် မြေများ၌ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို စိတ်ကြိုက်ဆောင်ရွက်ပေးနိုင်ခွင့် ရှိခဲ့သည်။ ထို့ ကြောင့် အဘက်ဘက်မှ အသာစီးအနေအထားမှ ကြိုတင်ပြင် ဆင်မှုအားကောင်းကောင်းဖြင့်  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း မဲရလဒ်များ ထွက်ပေါ်လာချိန်၌မူ ၎င်းတို့ အများစုရှုံးနိမ့်ခဲ့သည်။

ဝန်ကြီးချုပ်အများစုရှုံးနိမ့်မှုက ၎င်းတို့ ရှုံးနိမ့်မှုသာမဟုတ် သမ္မတဦးသိန်းစိန် အစိုးရ၏ အောက်ခြေအဆင့် အုပ်ချုပ်ရေး ယန္တရားများ အလုပ်မဖြစ်မှုအ တွက် သက်သေလည်းဖြစ်သည်။ အစိုးရက အောက်ခြေအဆင့် အုပ်ချုပ်ရေး ယန္တရားများ ပြုပြင်ပြောင်းလဲရေးကို တတိယလှိုင်းဟု အမည်ပေးရန် ကြိုးစား ခဲ့ သော်လည်း အဆုံးအဖြတ်အချိန်တွင် ပြည်သူများက ယင်းဒေသမှ ၀န်ကြီး ချုပ်များကို ဖယ်ရှားခဲ့ခြင်းက တတိယလှိုင်းမအောင်မြင်မှု ဖြစ်သည်။

 ‘‘ထူးထူးခြားခြားပြုပြင် ပြောင်းလဲမှု ဘာမှ သိပ်မရှိဘူး။ အဲဒါကြောင့် ဒေသခံ တွေက လက်မခံကြတာ’’ဟု မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ရွေးကောက် ပွဲတွင် ရှုံးနိမ့်သွားမှုနှင့် ပတ်သက်၍ မကွေးမြို့ခံ ကဗျာဆရာရာစု သစ်က မှတ်ချက်ပြုသည်။

မကွေးတိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးဖုန်းမော်ရွှေသည် မင်းဘူးစကုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၂) မှရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထောက်ခံမဲတစ်သောင်းကျော်သာ ရရှိခဲ့ကာထောက် ခံဆန္ဒမဲလက်မှတ် သုံး သောင်းကျော်အထိ ရရှိခဲ့သည့်ပြိုင်ဘက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းထက် မဲရရှိမှုနှစ်သောင်း ကျော်လျော့နည်းခဲ့သည်။

‘‘သူက အာဏာကို တောက် လျှောက်ထုတ်သုံးနေခဲ့တာ။ ထိန်းချုပ်မှုတွေ အရမ်းများတယ်။ တ ခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ လုပ်ခွင့်ရတဲ့ စာပေဟော ပြောပွဲတွေ၊ အနုပညာဖျော်ဖြေပွဲ တွေတောင် မကွေးတိုင်းထဲမှာ ဆိုရင် လုပ်ခွင့်မပေးဘူး။ လူတွေက အဲဒါကို မကြိုက်ကြဘူး’’ဟု ကဗျာဆရာ ရာစုသစ်က  ၎င်း အမြင်ကို ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်အများစု ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ၎င်းတို့အပေါ် လူထုယုံကြည်မှု နည်းပါးပြီး အာဏာပြမှု၊ ဒေသ ဆိုင်ရာအာဏာပိုင်များဖြစ်သော် လည်း ပြည်သူလူထုနှင့် ကင်းကွာ မှုများ၊ အဂတိလိုက်စားမှုများ ကြောင့် လက်ထဲ မဲတစ်ပြား ရောက်ရှိလာချိန် တွင် ဒေသခံ ပြည်သူအများစုက ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲ ခတ် သူများက သုံးသပ်သည်။

‘‘အပြောနဲ့ အလုပ်မညီလို့၊ ပြည်သူရဲ့ စားဝတ်နေရေးကို ပြေ လည်အောင် မလုပ်ပေးနိုင်လို့၊ လွန်ခဲ့တဲ့ ငါးနှစ်တာကာလအ တွင်းမှာ ပြည်သူက ပိုပြီး ဆင်းရဲ ကျပ်တည်းလာလို့။ ဒီအပေါ်မှာ မနှစ်မြို့မှုကို ဆန္ဒမဲနဲ့ ထုတ်ဖော် လိုက်ခြင်းဖြစ်ပါတယ်’’ဟု နိုင်ငံ ရေးလေ့လာသူ ဒေါက်တာ ရန်မျိုး သိမ်းက ပြောသည်။

‘‘၀န်ကြီးချုပ်ဆိုတာက သူ့ တိုင်းမှာ သူအကြီးဆုံးပဲ။ တစ်ခုခု ဆိုရင် သူဆုံးဖြတ်မှရတာ။ အပေါ်အစိုးရက မူဝါဒတွေ ချပြီး အ ပြောင်းအလဲတွေ လုပ်ဆောင် တယ်ဆိုပေမယ့် အောက်ခြေမှာ က မလိုက်နိုင်ဘူး။ လိုက်မလုပ် ချင်တာလည်း ပါမှာပေါ့။ ကြာ တော့ လူထုက အစိုးရကို မယုံ တော့ဘူး။ အဲဒါကြောင့် ရွေး ကောက်ပွဲမှာ အပြတ်အသတ်ရှုံး တာ’’ဟု မုံရွာမြို့နေ ရွှေဆိုင်လုပ် ငန်းရှင် ဦးကျော်ကျော်ဝင်းက ပြောသည်။

အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေလုပ်ဆောင်ပေးရမည် ဖြစ်သည့် လမ်းခင်း ပေးခြင်းနှင့် ကျေးရွာမီးလင်းရေးကဲ့သို့ ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ဆောင်ပေးရာတွင် စေတနာ မမှန်ဘဲ ဘက်လိုက်လုပ်ဆောင် မှုများကြောင့်လည်း ဒေသခံလူထု ၏ ယုံကြည်မှုမရရှိခြင်းမျိုး  ဖြစ်နိုင်ကြောင်း လေ့လာသူအချို့က သုံး သပ်သည်။

ယခင်နာမည်ကျော် စစ်တိုင်းမှူးဟောင်းများဖြစ်ပြီး ၂၀၁၁ အစိုးရသစ်တွင် ၀န်ကြီးချုပ်များ ဖြစ်လာသော မကွေးတိုင်းဝန်ကြီး ချုပ် ဦးဖုန်းမော်ရွှေ၊ မန္တလေး တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး တို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ဘက်များကို အပြတ်အ သတ်ရှုံးနိမ့် ခဲ့သည်။ ဦးရဲမြင့်သည် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒ နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အများအပြားဆောင်ရွက်ပေး ခဲ့သလို မဲဆွယ်စည်းရုံးရေးကာလတွင်လည်း ရွာတိုင်းစေ့ လိုက်လံမဲဆွယ် စည်းရုံးခဲ့သည်။ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ပေးမှု၊ မဲဆွယ် စည်းရုံးနိုင်မှုနှင့် တပ်မတော်သား မဲဆန္ဒရှင်အများအပြားပါရှိနေမှု ကြောင့် ရွေးကောက်ပွဲတွင် ဦးရဲ မြင့်အနိုင်ရနိုင်မည်ဟု တွက်ဆမှု များရှိသည်။ သို့သော်လည်း မဲ ဆန္ဒရှင် ခြောက်သောင်းခန့် မဲပေးခဲ့သည့် ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်အမှတ်(၂) မဲဆန္ဒနယ်မြေတွင် ထောက်ခံမဲ စုစုပေါင်း နှစ်သောင်းကျော် သာ ရရှိခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်လောင်းထက် ဆန္ဒမဲရရှိမှုတစ်သောင်း ကျော်လျော့နည်းကာ ရှုံးနိမ့်ခဲ့သည်။

‘‘သူတို့က နယ်တွေ၊ ရွာတွေ ဆင်းတယ်ဆိုပေမယ့် တကယ်တော့ လူထုနဲ့ ထဲထဲဝင်ဝင်မတွေ့ ဘူး။ ဒေသခံလူထုအပေါ် ဆက်ဆံပုံက မနွေးထွေးဘူး ပေါ့။ အဲ့ဒါကြောင့် မဲမရတာ’’ဟု မန္တလေးမြို့ခံ ဦးသိန်းဇော်က မှတ်ချက်ပြု သည်။

ဝန်ကြီးချုပ်များရှုံးနိမ့်ရခြင်းသည် တစ်ဦးချင်းအားနည်းချက်ထက် ပါတီပုံရိပ် ကြောင့်ဟုထင် မြင်ကြောင်း ချင်းပြည်နယ်အပစ် ရပ်စောင့်ကြည့်ရေးအဖွဲ့ အတွင်း ရေးမှူး ဆရာကျဲအိုက သုံးသပ် ပြောကြားသည်။

‘‘ကြံ့ခိုင်ရေးပါတီကိုတော့ လူတိုင်းက မဲပေးချင်ကြဘူး။ အ ပြောင်းအလဲလို ချင်ကြတယ်။ လူ တွေကို ကြိုက်တယ်ဆိုရင်တောင် ပေါ့။ အဲဒါကြောင့် သူတို့(ဝန်ကြီး ချုပ်)ရဲ့အားနည်းချက်ရှိလို့၊ သူတို့ ရဲ့လုပ်ဆောင်မှုမကောင်းလို့ တော့ မထင်ပါဘူး။ အပြောင်းအ လဲကို လိုချင်ကြလို့ NLD က ပိုပြီး တော့ အပြောင်း အလဲရှိမလားဆို တဲ့မျှော်လင့်ချက်နဲ့ လူတွေက မဲ ပေးကြတယ်လို့ ကျွန်တော် မြင်ပါ တယ်။ တစ်ဦးချင်းအားနည်းချက် ဆိုတာထက် ပါတီပုံရိပ်ကြောင့်နဲ့ ပိုဆိုင်သွားတယ်လို့ ထင်ပါတယ်’’ ဟု ဆရာကျဲအိုက ဆိုသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦး ဟုန်းငိုင်းသည် အရည်အချင်းရှိ သူဖြစ်ပြီး ယခုအစိုးရသက်တမ်း အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အများအပြားကို လုပ်ဆောင်နိုင်ခဲ့ သူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ သို့သော် တစ်ဦးချင်း အရည်အချင်းထက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဖြစ်နေ သည့်အတွက် ပါတီပုံရိပ်ကြောင့်ပင် ရွေး ကောက်ပွဲ၌ ရှုံးနိမ့်သွားသည်ဟု ဟားခါးမြို့တွင် နေထိုင်သည့် ဆရာကျဲအိုက ပြောသည်။

‘‘၀န်ကြီးတွေအားလုံးက အရင်စစ်အာဏာရှင်ခေတ်က စစ်ဗိုလ်တွေဖြစ် တယ်။ စစ်အာဏာ ရှင်တွေကို ပြည်သူက မုန်းနေပြီ။ နောက်တစ်ခုက ၀န်ကြီးတွေထဲမှာ တချို့က ပြည်ခိုင်ဖြိုးပါတီက။ ပြည်ခိုင်ဖြိုးပါတီဆိုတာက လည်း စစ်အာဏာရှင်က မွေးထုတ်ထား တာ။ ၂၀၁၀ ရွေးကောက်ပွဲတုန်း ကလည်း မတရားအနိုင်ယူခဲ့ တယ်။ ဒါတွေကို ပြည်သူက မမေ့ သေးဘူး။ သူတို့ အစိုးရသက်တမ်း မှာလည်း တိုင်းပြည်အကျိုးကို လောက်လောက်လား လားလုပ် မပြနိုင်ခဲ့ဘူး။ ဒါကြောင့် ရှုံးတယ် လို့ ယူဆပါတယ်’’ဟု ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်က သုံးသပ်သည်။

ဧရာဝတီတိုင်းကို စင်ကာပူ ကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ပေး လိုသည်ဆိုခဲ့ သော ဦးသိန်းအောင် မှာလည်း ကြိုတင်ပြင်ဆင်မှုကောင်းစွာဖြင့်ရွေးကောက် ပွဲဝင်ခဲ့ပါလျက် ရှုံးနိမ့်ခဲ့သည်။ လက်ရှိဝန် ကြီးချုပ်များ အရှုံးကို ကြည့်၍ အနာဂတ်ဝန်ကြီးချုပ်များ သင်ခန်းစာယူရမည်ဖြစ်ရှိသည်။

‘‘အောက်ခြေပြည်သူလူထု နဲ့ တစ်သားတည်းရပ်တည်ဖို့ လို ပါတယ်။ ပြည်သူကို မျက်နှာမူတဲ့ လွှတ်တော်၊ အစိုးရဖြစ်ဖို့ လိုပါ တယ်။ ပြည်သူကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အဂတိလိုက်စားမှုကို ဦးဆောင်တိုက်ဖျက်တဲ့ သူတွေ ဖြစ်ဖို့ လိုတယ်။ သူတို့ကိုယ်တိုင် က အဂတိလိုက်စားမှု မလုပ်ဖို့ လိုပါတယ်’’ဟု ဒေါက်တာ ရန် မျိုးသိမ်းက အကြံပြုသည်။

‘‘နောက်တက်လာမယ့် ၀န် ကြီးတွေ အဓိကထားရမှာက လာဘ်ပေးလာဘ်ယူ ကိစ္စပဲ။ ဌာနတိုင်းမှာ ဒီကိစ္စတွေကို အရင်ရှင်းရမယ်။ ဒါမှဆက် အလုပ်လုပ်နိုင် မယ်။ လာဘ်ပေးလာဘ်ယူရှိနေ ရင် ပလိုင်းပေါက်နဲ့ ဖားကောက် သလိုဖြစ် နေမှာပဲ’’ဟု ဦးသက်ဇင် က သုံးသပ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List