Wednesday, November 11, 2015

NCAကို လက်မှတ်ထိုးသည့်အဖွဲ့များ နှင့် မထိုးသေးသည့်အဖွဲ့များ ညှိနှိုင်းရန် ၉ ဦးပါအဖွဲ့ကို ဖွဲ့စည်း


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့အစည်းများ ဆက်စပ် ညှိနှိုင်းရန်အတွက် ၉ ဦးပါဝင်သော အဖွဲ့တစ်ခုဖွဲ့စည်းလိုက်သည်ဟု သိရသည်။
လက်ရှိ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို လက်ရှိ အစိုးရနှင့် သက်လာမည့် အစိုးရသစ်တို့နှင့် ဆက်လက် ဆောင်ရွက်သွားရန် နိုဝင်ဘာလ ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပသော လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများ၏ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ ကျနော်တို့ဆောင်ရွက်တဲ့ထဲမှာလည်း အနိုင်ရလဲတဲ့ အန်အယ်လ်ဒီနဲ့ဘဲ ဖြစ်ဖြစ်၊ အခုလက်ရှိ တာဝန်ယူနေတဲ့ အစိုးရနဲ့ဘဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်သွားဖို့ ကျနော်တို့ကြိုးပမ်းသွားမှာ ဖြစ်ပါ တယ်။ အထူးသဖြင့် ကျနော်တို့ဆောင်ရွက်ရမှာက UPDJC နှင့် နိုင်ငံရေးဆွေးနွေးမှုဘောင်ကိစ္စကို ကျနော်တို့ ဆွေးနွေးဖို့ လိုပါတယ်။ အန်အယ်လ်ဒီ နိုင်လာလို့ရှိရင် နိုင်ငံရေးဆွေးနွေးမှုဘောင်ကိုလည်း ဒီဇင်ဘာလ ၁၆ ရက်မတိုင်မီ ရက်ပေါင်း ၉၀ မတိုင်မီ ပြီးစီး ရေးဆွဲဖို့ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

NCA ပြဌာန်းချက်နှင့်အညီ အကောင်အထည်ဖော်လုပ်ဆောင်နေသော JICM,JMC, UPDJC လုပ်ငန်းစဉ်များတွင် လက်ရှိ အစိုးရနှင့်သော်လည်းကောင်း၊ မကြာမီ ပေါ်ပေါက်လာမည့် အစိုးရ အဖွဲ့သစ်နှင့်သော်လည်း ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အသစ်တက်လာမည့် အစိုးရအဖွဲ့နှင့် လက်ရှိ အစိုးရအဖွဲ့တို့နှင့် NCA သဘောတူညီချက်အတိုင်း ရက်ပေါင်း ၉၀ မတိုင်မီ နိုင်ငံရေးဆွေးနွေးမှုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)မှ အတွင်းရေးမှူး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က သတင်းထောက်များကို ပြောသည်။

“ရှေ့ဆက်ဆောင်ရွက်ဖို့က အန်စီအေကို ပါတဲ့အတိုင်း လွှတ်တော်မှာ အတည်ပြုပြဌာန်းနိုင်ဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ် ပေါ်လစီအနေနဲ့ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့တွေ ကြားမှာ ပြန်လည် ဆက်စပ်နိုင်ဖို့ အဖွဲ့တစ်ခုဖွဲ့ထားပါတယ်။ ၉ ဦးကို ဆက်စပ်ဆွေးနွေးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်က ပြောသည်။

လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်စပ်ညှိနှိုင်းမည့် အဖွဲ့တွင် လက်မှတ်ရေးထိုးထားသော ထိပ်သီးခေါင်းဆောင် တစ်ဦးဆီပါ ၈ ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများညှိနှိုင်းရေးအဖွဲ့(Coordination Team-CT) ၏ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း အပါအဝင် ၉ ဦးတို့ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်မှတ်ရေထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မထိုးသေးသည့် အားလုံး ပါဝင်သော ထိပ်သီး အစည်းအဝေး တစ်ခုကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ပူးပေါင်းဆောင်ရွက်၍ အမြန်ဆုံးကျင်းပနိုင်ရန် ဆုံးဖြတ်ခဲ့သည်။

NCA ကို လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရရှိထားသည့် ညီညွတ်မှုကို ဆက်လက် ထိန်းသိမ်းရန်နှင့် NCA အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင် ရွက်သွားနိုင်ရန် အပါအဝင် မြန်မာပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်၏ ထိုးစစ် ဆင်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် ထိန်းသိမ်းခံနေရသည့် လယ်သမား၊ အလုပ်သမား၊ ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၊ မတရားအသင်း ဥပဒေဖြင့် အပြစ်ပေး အရေးယူခံနေရသည့် အဖွဲ့အစည်းဝင်များနှင့် ပြည်သူများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် ၄င်းတို့အား သမ္မတ ဥးသိန်းစိန် အနေဖြင့် ရွေးကောက်ပွဲ အထိန်းအမှတ်အဖြစ် ငြိမ်းချမ်းချမ်းသာခွင့် ကြေငြာ၍ လွတ်ပေးရန် တောင်းဆိုထားသည်။

“အခုတိုက်ပွဲဖြစ်နေတဲ့ဟာတွေ ပြင်းထန်းစွာ ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပါတယ်။ တဖက်မှာ အန်စီအေ ချုပ်ပြီးမှ တစ်နိုင်ငံလုံးဆိုတဲ့ စာလုံးကို သုံးပြီးတော့ တစ်ချို့ဒေသမှာ စစ်ဆင်ရေးလုပ်နေတာ လုံးဝ မလုပ်ထိုက်တဲ့ အလုပ်လုပ်နေတာဖြစ်တယ် ဒီမိုကရေစီ အရေးတော်ပုံေေ ဆောင်ရွက်ရင်းနဲ့ အဖမ်းခံရတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ အထူးသဖြင့် လက်ပံတန်းကိစ္စနဲ့ အဖမ်းခံရတဲ့ လူတွေရှိတယ်။ အားလုံး လုံးဝ လွှတ်ပေးသင့်တယ်”ဟု ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်က ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ် လာမည့် နိုဝင်ဘာလ ၁၆ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ တွေ့ဆုံမှုတွင် ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ တစ်ဖွဲ့မှ ကိုယ်စားလှယ် ၃ ဦးဆီ၊ လေ့လာသူ ၂ ဦး၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC)၊ ပြည် ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော် မတီ(UPDJC)နှင့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်းရေး အဖွဲ့(CT)တို့ အပါအဝင် စုစုပေါင်း (၈၇) ဦးတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ တိုင်းရင်းသားအဖွဲ့တွေ အန်စီအေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ UNFC အနေနဲ့ ထိပ်သီးညီလာခံ ကျင်းပနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်မယ်။ အန်စီအေကို လက်ရှိ အစိုးရနဲ့ နိုင်ငံရေးပါတီတွေ့ရော၊ တက်လာမဲ့အစိုးရနဲ့ရော အန်စီအေမှာပါတဲ့ အချက်တွေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချတယ်။ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုအားကောင်းဖို့နဲ့ ထိရောက်ဖို့အတွက် ပိုမိုလက်တွေ့ကျတဲ့ စုစည်းမှုအနေနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့အစည်းတွေ ဆောင်ရွက်သွားဖို့ ရှိတယ်”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ပဒိုကွယ်ထူးဝင်းက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထိုးပြီးနောက် ၄င်းစာချုပ်အား အကောင်အထည်ဖော် ညှိနှိုင်းရေး အစည်းအဝေး၏ လုပ်ငန်းစဉ်များ၊ အစိုးရနှင့် သဘောတူညီထားမှုများကို ပြန်လည် စိစစ်ခြင်း များနှင့် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့နှင့်လမ်းညွန်မှုများကို အတည်ပြုခဲ့ကြသည်ဟု သိရသည်။


Mizzima - News in Burmese

No comments:

Post a Comment

My Blog List