Wednesday, November 11, 2015

မိတ္ထီလာမှာ ဒီချုပ်ဘာကြောင့် အပြတ်အသတ်ရှုံးရသလဲ


တပ်မတော်လေတပ်စခန်းဌာနချုပ်အပါအ၀င် တပ်မတော်တပ်ရင်းတပ်ဖွဲ့အများစု အခြေစိုက်ရာမြို့များအနက်တစ်ခု ဖြစ်သော မိတ္ထီလာမြို့၏ လမ်းမများပေါ်တွင် အနီရောင်အလံများ ပလူပျံနေသည်။ မြို့ခံအမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ကလေးသူငယ်တို့ပါမကျန် အရွယ်စုံ လူထုလူတန်းစားအများစုမှာ အနီရောင်အင်္ကျီများဝတ်ဆင်ထားကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးသီချင်းများဖွင့် ထားသော ယာဉ်အနီးလာရောက် ၀န်းရံနေသော လူအုပ်ကြီးမှာလည်း တိုးမပေါက်နိုင်သည့် အနေအထားတွင်ရှိနေသည်။ အဆိုပါ မြင်ကွင်းမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမကျင်းပမီ လေးရက်အလို နိုဝင်ဘာ ၄ ရက်နေ့က တွေ့မြင်ရသည့် မိတ္ထီလာမြို့ မြင်ကွင်းများ ဖြစ်သည်။
ဒီချုပ်၏ မဲဆွယ်စည်းရုံးရေး ကာလက မြို့ခံလူထု၏ ရဲရဲ တောက်ထောက်ခံအားပေးမှုကို ရခဲ့သည်ဟု ညွှန်ပြနေသည့် အဆို ပါမြင်ကွင်းများမှာ နိုဝင်ဘာ ၉ ရက် ရွေးကောက်ပွဲရလဒ်များထွက် ပေါ်လာချိန်တွင်တော့ အံ့အား သင့်ဖွယ်ကောင်းစွာပင် ဒီချုပ်က ပြိုင်ဘက်ပြည်ခိုင်ဖြိုးကို လွှတ် တော်သုံးရပ်စလုံးတွင် အပြတ်အ သတ်ရှုံးနိမ့်သွားခဲ့သည်။

မိတ္ထီလာတွင် ၂၀၁၃ ခုနှစ်က ဘာသာရေးအဓိကရုဏ်းဖြစ်ပွား ပြီးနောက် အမျိုးဘာသာသာသ နာကိုအခြေခံသည့် အဖွဲ့အစည်း အချို့ အားကောင်းလာခြင်း၊ တပ်မတော်အခြေစိုက်တပ်ရင်းတပ်ဖွဲ့ အချို့နှင့် ၎င်းတို့၏ မိသားစုဝင် များနေထိုင်ရာ တပ်မတော်တပ် နယ်တစ်စုဖြစ်ခြင်း၊ ဘာသာရေး ပဋိပက္ခအပေါ် ဒီချုပ်ပါတီ၏ ရပ် တည်မှုကို အသုံးချဝေဖန်တိုက် ခိုက်ခံရခြင်းတို့က မိတ္ထီလာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်ရှုံးနိမ့်ရခြင်း ဖြစ် သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး ရလဒ်များအရ မိတ္ထီလာ မြို့နယ် ပြည်သူ့လွှတ်တော်နေရာ အတွက် ပြည်ခိုင်ဖြိုးပါတီက ၉၆,၃၁၄ မဲ၊ NLD က ၅၉,၀၆၄ မဲ၊ အမျိုးသားလွှတ်တော်တွင် ပြည် ခိုင်ဖြိုးက ၉၇,၃၇၈ မဲ၊ NLD က ၅၉,၉၄၅ မဲရရှိခဲ့ပြီး တိုင်းဒေသ ကြီး လွှတ်တော်များအတွက် လည်း ပြည်ခိုင်ဖြိုးပါတီက မဲအ ပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်မြို့ပြီးလျှင် မိတ္ထီလာမြို့သည် စစ်တပ်အသိုင်းအ၀ိုင်းများသည့် ဒုတိယတပ်မြို့တစ်ခု ဖြစ်သည်။ သို့သော်လည်း ပြင်ဦးလွင်မြို့နယ်တွင်မူ ဒီချုပ်က အနိုင်ရရှိခဲ့သည်။

ယင်းအပြင် အခြားဖြစ်ရပ် တစ်ခုကလည်း ရှိသေးသည်။ ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလို အောက်တိုဘာ ၂၃ ရက်တွင် မိတ္ထီလာမြို့သို့ ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၀င်အများအပြားက ကြိုဆိုခဲ့ကြ ကာ နောက်တစ်နေ့ထွက်ရှိသည့် နိုင်ငံပိုင်သတင်းစာများ၌ ‘‘မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ် ခုလုံးအစိမ်းရောင်လွင်ပြင်ဖြစ်ရ မည်’’ဟူသော ရေးသားဖော်ပြ ချက်နှင့် ထောက်ခံသူအများအ ပြား အစိမ်းရောင်ဝတ်စုံဖြင့် ပုံပါ ၀င်သောကြောင့် ကြံ့ခိုင်ရေးပါတီ အားကောင်းခဲ့သည်ဟု ယူဆမှု များရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ် သည့် ဦးဝင်းထိန်က မိတ္ထီလာမြို့ ပြည်သူ့လွှတ်တော်နေရာအ တွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ တွင် ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးလှမြင့်ကို မဲအရေအတွက် နှစ် သောင်းကျော်ဖြင့် အပြတ်အ သတ်အနိုင်ရခဲ့သော်လည်း ယခု အကြိမ်တွင်မူ ပြည်ခိုင်ဖြိုးက ဒီချုပ်ပါတီကို လွှတ်တော်သုံးရပ်စလုံး တွင် အနိုင်မဲ သုံးသောင်းကျော်စီ အသာစီးဖြင့် အပြတ်အသတ်အ နိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ မတ်လတွင် ဖြစ်ပွား ခဲ့သော ဘာသာရေးပဋိပက္ခဖြစ် စဉ်များနှင့် ဆက်စပ်၍ ဒီချုပ်အ ပေါ် မြို့ခံများ၏ ထောက်ခံမှုအ နည်းငယ်ကျဆင်းလာသည်ဟု ယူဆရသော်လည်း ယခုကဲ့သို့ အ ပြတ်အသတ်ရှုံးနိမ့်မှုအပေါ် ယုံ ကြည်မှုမရှိဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက် တာ ၀င်းစိုးဦးက ပြောသည်။

‘‘၂၀၁၃ ခုနှစ်ထဲမှာ ဖြစ်သွားတဲ့ ဘာသာရေးပဋိပက္ခတွေက အခုတစ်ခါရွေးကောက်ပွဲမှာ တစ် စုံတစ်ရာလွှမ်းမိုးမှုရှိခဲ့တယ်ဆို တာတော့ မငြင်းပါဘူး။ ဒါပေမဲ့ အခုလိုမျိုး အပြတ်အသတ်ကြီး ခွက်ခွက်လန်ရှုံးတယ်ဆိုတာက တော့ ဘယ်လိုမှ ယုတ္တိမရှိတဲ့ကိစ္စ ဖြစ်နေတယ်။ ကျွန်တော်တို့အပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုက အဲဒီ့လောက်ထိအောင် တော့ မဟုတ်ဘူး။ အားလုံးလည်း သိတာပဲ’’ဟု ၎င်းက ဆိုသည်။

မိတ္ထီလာမြို့နယ်တွင် လူဦး ရေ လေးသိန်းခန့်ရှိသည့်အနက် အစ္စလာမ်ဘာသာဝင်ဦးရေ လေး သောင်းကျော်ရှိပြီး မဲပေးနိုင်သူအ ရေအတွက် နှစ်သိန်းခြောက် သောင်းခန့်ရှိသည့်အနက် အစ္စ လာမ်ဘာသာဝင်မဲပေးနိုင်သူ တစ်သောင်းခွဲခန့်ရှိသည်။

၂၀၁၂ ခုနှစ် ဇွန်လပိုင်းက စတင်ခဲ့သော ရခိုင်ပြည်နယ်ဘာ သာရေးပဋိပက္ခများသည် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ၂၀၁၃ ခုနှစ် မတ်လတွင် မိတ္ထီလာမြို့၌ ဒုတိယမြောက် ပျက်စီးဆုံးရှုံးမှုအများဆုံး ဘာသာ ရေးပဋိပက္ခဖြစ်ပွားခဲ့သည်။

ယင်းဘာသာရေးပဋိပက္ခ တိုင်းသည် ဒီချုပ်ပါတီ၊ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး အပေါ် တစ်စုံတစ်ရာအတိုင်းအ တာတစ်ခုအထိ သက်ရောက်မှုရှိ ခဲ့ပြီး ဘာသာရေးပဋိပက္ခများအပြီး မိတ္ထီလာမြို့နယ်တွင် အမျိုးဘာ သာသာသနာကို အခြေခံသည့် ဘာသာရေးအဖွဲ့အစည်းများ အားကောင်းလာခဲ့သည်။

ထိုကဲ့သို့ ၂၀၁၂ နောက်ပိုင်း ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခများသည် ၂၀၁၅ ရွေးကောက် ပွဲတွင် NLD ပါတီအပေါ် တစ်စုံ တစ်ရာအကျိုးသက်ရောက်မှုရှိခဲ့ သည်ဟု ပါတီဝင်အချို့က ဆိုသည်။

အစ္စလာမ်လူမှုအဖွဲ့ဘာသာ ရေးခေါင်းဆောင်တစ်ဦး၏ ပြော ကြားချက်အရ မိတ္ထီလာမြို့တွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီကို အားပေးထောက်ခံ ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ဘာသာရေးပြဿနာဖြစ်ပွားအောင် ပြုလုပ်သည်ဟု ယုံကြည်ကြပြီး နောက်ပိုင်းတွင် NLD ပါတီကို ထောက်ခံအားပေးရန် ကြောက်ရွံ့လာကြသည်ဟု ဆိုသည်။ သို့သော်လည်း နိုဝင်ဘာ ၈ ရက်ရွေး ကောက်ပွဲတွင် အစ္စလာမ်ဘာသာ ၀င်များနေထိုင်သည့် ရပ်ကွက်များ၌ ဒီချုပ်က မဲရရှိခဲ့သည်။

မဲဆန္ဒရှင်မြို့ခံဝန်ထမ်းတစ် ဦးက ‘‘တပ်ကလည်း အများစုရှိနေတယ်။ ပြီးတော့ ဒီမှာက ပဋိပက္ခ တွေပြီးကတည်းက မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့)တွေ အားကောင်းတော့ ဒါတွေကြောင့်လည်း အပြတ်အ သတ်တွေဖြစ်နေတာ ဖြစ်နိုင်ပါ တယ်’’ဟု ပြောဆိုသည်။

မိတ္ထီလာမြို့ ရွေးကောက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူများ ကွန်ရက် (မန္တလေး)အဖွဲ့ ၀င်တစ်ဦးက မဲရုံအများအပြားတွင် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆန်သော အပြုအမူများရှိကြောင်း၊ တပ်တွင်းမဲရုံများမှ မဲများနှင့် ကြိုတင်မဲများမှာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောသည်။

မိတ္ထီလာမြို့နယ်တွင် မဲပေး နိုင်သူ ၂၅၉,၃၂၅ ဦးရှိပြီး လူဦး ရေ တစ်သိန်းခွဲကျော်လာရောက် မဲပေးခဲ့သည်။ မိတ္ထီလာခရိုင်အ တွင်း တပ်တွင်းမဲရုံ စုစုပေါင်း ၂၆ ရုံ၊ တပ်မိသားစုဝင် ၁၄,၅၉၃ ဦးရှိ ပြီး အများစုမှာ မြို့နယ်အတွင်း သာ နေထိုင်ကြသည်။

‘‘ပြိုင်ပွဲတစ်ခုမှာ အနိုင်အရှုံး ဆိုတာရှိပါတယ်။ ရှုံးရင်လည်း ဂုဏ်သိက္ခာရှိရှိနဲ့ ရှုံးချင်တယ်။ နိုင်ရင်လည်း သန့်သန့်ရှင်းရှင်းနဲ့ နိုင် ချင်တယ်။ ဒီရလဒ်က တကယ်မှန်ကန်တယ်ဆိုရင်တော့ ကျွန်တော် တို့ သူတို့ကို Congratulations (ဂုဏ်ပြု)ရဦးမယ်’’ဟု ဒီချုပ်အမတ်လောင်း ဒေါက်တာဝင်းစိုးဦးက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List