Thursday, November 12, 2015

အစိုးရသစ်နှင့် တပ်မတော်အကြားဆက်ဆံရေး ဘယ်လိုအကောင်းဆုံး တည်ဆောက်မလဲ



ရွေးကောက်ပွဲရလဒ်များ အပြီးသတ်မထွက်ပေါ်သေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရေးမှာ တဖြည်းဖြည်းရုပ်လုံးပေါ် လာနေသည်။ 

၁၉၉၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ခဲ့သော ဒီချုပ်အတွက် တစ်ကျော့ပြန်လာသော ရပိုင်ခွင့်လည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၁၉၉၀ ရွေးကောက်ပွဲအပြီး ဒီချုပ်ကို အာဏာမလွှဲခဲ့ဘဲ ဆယ်စုနှစ်နှစ်ခုကျော် အာဏာ သိမ်းပိုက်ထားသော တပ်မတော် နှင့် ၎င်း၏ ပြည်ခိုင်ဖြိုးပါတီ အစိုးရ အတွက် စိုးရိမ်စရာများ၊ အနေခက်စရာများဖြစ်နေမည်မှာ မလွဲပင်။
   
‘‘ရွေးကောက်ခံကိုယ်စားလှယ် အများစုရတဲ့ ပါတီဟာ တိုင်းရင်းသားပြည်သူလူထုအများစုရဲ့ ထောက်ခံမှုကို ရတဲ့ပါတီပဲ။ အဲဒီလိုပါတီနဲ့ တပ်မတော်က ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တပ်မတော်က အလိုအလျောက် တိုင်းရင်းသား ပြည်သူလူထုအများစု ကိုယ်စားပြု တဲ့သဘောကို ရပ်တဲ့သဘော သက်ရောက်တယ်။ တပ်မတော် က ရွေးကောက်ပွဲမှာ အများစုနိုင်တဲ့ ပါတီဘက်ကနေ ပြည်သူလူထု ကို မျက်နှာမူပြီးတော့ ရဲရဲဝံ့ဝံရပ် သင့်တယ်လို့ မြင်တယ်။ ဒီလိုရပ် လို့ ဘာမှ စိုးရိမ်စရာမရှိဘူး’’ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုကို ကာလရှည်ကြာစွာ ပိုင်ဆိုင်ထား သူ ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ရွေး ကောက်ပွဲရလဒ်များ ကြေညာမှုတွင် အနိုင်ရသူစာရင်း ၌ ဦးဆောင်နေသည်။ ဒီချုပ်အစိုးရ ဖွဲ့နိုင်လျှင် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး မည်သို့နည်းဟူ သော မေးခွန်းများက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ လေးပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုမှုကို ငြင်းဆန်ခဲ့မှုများ၊ လွှတ်တော်မှတောင်းဆို၍ သာ မတတ်သာသဖြင့် တွေ့သကဲ့သို့  တစ်ကြိမ်တည်းဖြင့် အဆုံးသတ်ခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ ဆုံမှုတို့ကြောင့် တပ်မတော်အနေ ဖြင့် ဒီချုပ်နှင့် လက်တွဲရေးတွင် မျက်နှာပူစရာရှိနေနိုင်သည်။

ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီဘက်တော်သားများကို ထောင်သွင်းအကျဉ်းချခဲ့မှုများကလည်း တပ်မတော်နှင့် အစိုးရ သစ်ဖြစ် လာနိုင်ဖွယ်ရှိသော ဒီချုပ်အကြား ဆက်ဆံရေးတွင် အဖုအထစ်များသဖွယ် ဖြစ်လာမလားဆိုသည်ကို သံသယရှိနေကြသည်။

သို့သော်ဒေါ်အောင်ဆန်းစု ကြည်က မဲဆွယ်စည်းရုံးရေးကာ လအတွင်း မည်သူ့ကိုမျှ အာဃာတမထားဘဲ နိုင်ငံကောင်းကျိုးအတွက်လက်တွဲလုပ် ဆောင်မည်ဟု မြေပြန့်တွင်ရော တောင်တန်းဒေသများ ၌ပါ တွင်တွင်ပြော ခဲ့သည်။

‘‘ကျွန်မတို့ဟာ အားလုံးကို ကျောသား၊ ရင်သားမခွဲ ဆက်ဆံရေးဟာ တကယ့် ကို သိက္ခာရှိတဲ့ အဆင့်အတန်းရှိတဲ့ နိုင်ငံရေးအဖွဲ့ အစည်းများအားလုံးရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတမထား ဘဲနဲ့ အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်လို့ရှိရင်တောင်မှ လက်ကမ်း ကြိုဆိုပြီး အတူတွဲပြီး လုပ်ချင်တဲ့ စိတ်ရှိပါတယ်လို့ ကျွန်မပြောနိုင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် ပြုလုပ်သည့်  ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ဟောပြောမှုနောက်ဆုံးပွဲ၌ ပြောကြားခဲ့သည်။

ဒီချုပ်အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းခြင်းမှာ မြန်မာ့လူ့ အဖွဲ့အစည်း အတွင်း နှစ်ပေါင်း များစွာ အက်ကြောင်းထင်ခဲ့သည့် တပ်မတော်အသိုင်း အ၀ိုင်းနှင့် အရပ်သားနိုင်ငံရေးအတိုက်အခံ တို့အကြား ညီညီညွတ်ညွတ် မနေ နိုင်ခဲ့သော အခြေအနေမျိုးကို ဖြေ ရှင်းကောင်း ဖြေရှင်းနိုင်သည့် နည်းလမ်း တစ်ခုဟု မြင်ကြောင်း ရန်ကုန်သတင်းစာပညာ သင် ကျောင်းတည်ထောင်သူ ဦးရဲနိုင် မိုးက 7Day ၏ ရွေးကောက်ပွဲ စကားဝိုင်းတွင် ထည့်သွင်းပြော ကြားသည်။

‘‘အတိုက်အခံနဲ့ ညီညီညွတ် ညွတ်ပေါင်းနိုင်မယ်ဆိုရင် တပ်မ တော်ကို ပြည်သူရဲ့ အမြင်သည် တော်တော်ကို ပြောင်းသွားလိမ့် မယ်။ ဒါဟာ အခွင့်အလမ်း ကောင်းတစ်ခုဖြစ်မယ်။ အထူးသဖြင့် တပ်မတော်ထိပ်ပိုင်း
ခေါင်းဆောင်တွေက ဒါကို အခွင့်အလမ်း ကောင်းတစ်ခုလို့ မြင်သင့်တယ်။ တပ်မတော်က အသွင်ကူးပြောင်း ရေးမှာ ပူးပေါင်းပါဝင်တယ်ဆိုရင် အရပ်သားတွေကြားမှာ၊ မြန်မာ့လူ့ အဖွဲ့အစည်းကြားမှာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်းက ပြစ်တင်ပြောဆို စရာတွေကို ပြန်ပြီးတော့ ပြောင်း လဲနိုင်တဲ့ အခွင့်အရေးလို့ မြင် တယ်’’ဟု ဦးရဲနိုင်မိုးက သုံးသပ်သည်။

ရွေးကောက်ပွဲမှ တစ်ဆင့် အစိုးရဖွဲ့ခွင့်ကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ထံ လွှဲပြောင်းပေးနိုင်ခဲ့လင့်ကစား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်ရေး အာဏာအတွက်မူ တပ်မတော်က အခွင့်အလမ်း သာနေဆဲဖြစ် သည်။

နိုင်ငံတော်၏ အရေးကြီးဆုံး ကိစ္စရပ်များကို အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှ တစ်ဆင့် တပ်မတော်က ထိန်း ချုပ်နိုင်မည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းရာတွင်နိုင်ငံတော် သမ္မ တ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ် တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတို့ ပါဝင်သည်။ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော ကာ/လုံတွင် တပ်မတော်မှ ခြောက်ဦး တိတိပါဝင်သဖြင့် အရေးကြီးဆုံး ဖြတ်ချက်များ မဲခွဲရာ၌ တပ်မတော်၏ ဆန္ဒသာအသာရမည်မှာ မလွဲပေ။

ထို့အပြင် မြန်မာ့အုပ်ချုပ်ရေး ကဏ္ဍ၏ အရေးပါဆုံးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည် ထဲရေးဝန်ကြီးဌာန၏ လက် အောက်တွင် ရှိနေသည်။ အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ညှိနှိုင်းပြီးမှသာ နိုင်ငံတော် သမ္မတက ခန့်အပ်တာဝန်ပေးရ ခြင်းဖြစ်သည်။ ကာကွယ်ရေးဝန် ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများအတွက်လည်း အလားတူ ပင်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ညွန့်ပေါင်းအုပ်ချုပ်ရေးဟူသည့် စကားမပါ သော်ငြားလည်း ဒီချုပ် အစိုးရနှင့် တပ်မတော်သည် ညွန့် ပေါင်းအုပ်ချုပ်ရမည်သာ ဖြစ်သည်။ 

အဆိုပါအခြေအနေအတွက် တပ်မတော်ဘက်က သဘောထားသည့် နှစ်ဖက်အင်အားစု အကြား အပြန်အလှန် လေးစား ရိုသေမှုအပေါ် တည်မှီသည်ဟု စာရေးဆရာ၊ သတင်းစာဆရာ ဖေမြင့်က 7Day ရွေးကောက်ပွဲဆိုင်ရာ စကားဝိုင်းတွင် ပြောကြားခဲ့သည်။

‘‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့တဲ့ နှစ်ကြိမ်စလုံး ကျွန်တော်မေး ခဲ့တာက အကယ်၍NLD အနိုင်ရခဲ့ရင် ပူးတွဲပြီး အစိုးရဖွဲ့နိုင်မလားပေါ့။ အဲဒီမှာ ကာချုပ် ပြောတဲ့စကားက ဘယ်အဖွဲ့အစည်းနိုင်သည်ဖြစ်စေ ကျီးဘုတ်ရို သေ ဘုတ်ကျီးရိုသေဆိုရင် ပူးတွဲ ပြီး အလုပ်လုပ်လို့မရတဲ့ အနေအထားမရှိဘူးလို့ ပြောတယ်။ နောက်တစ်ကြိမ်ဖြေတော့လည်း ဒီသ ဘောပါပဲ။ လုံးဝလမ်းပိတ်ထား တာမဟုတ်ဘူး။ စဉ်းတော့စဉ်း စားလိမ့်မယ်။ ဒါပေမဲ့ နှစ်ဖက်ဆွေးနွေးကြတဲ့အခါ အပေးအယူ အညှိအနှိုင်းအဆင်ပြေရင် NLD အစိုးရ ဖွဲ့ပြီး တိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကို လုပ်နိုင်မယ်’’ဟု ဆရာဖေမြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲရလဒ်များ တရားဝင် ထွက်ပေါ်လာပါက မြန် မာ့နိုင်ငံရေးတွင် သော့ချက်ကျသည့် အဖွဲ့အစည်း များနှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်သည်ဟု မြင်ကြောင်းနိုင်ငံရေးလေ့ လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

‘‘အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ပြည်ခိုင်ဖြိုးရော၊တပ်မ တော် ရော၊ တိုင်း ရင်းသားပါတီတွေရော၊ တိုင်းရင်း သားခေါင်းဆောင်တွေ ရောပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီး ရလာ တဲ့နိုင်ငံရေး သဘောတူညီချက် အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရွေးချယ်တာတို့၊ အစိုးရဖွဲ့တာတို့ လုပ်လိမ့်မယ်လို့မြင်တယ်။ အဲဒီအစိုးရဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ အမျိုးသားညွန့် ပေါင်း အစိုးရပုံစံမျိုးဖြစ်ပေါ်လာလိမ့်မယ်လို့ မြင်တယ်’’ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲရှုံးနိမ့်သည့် လက်ရှိအာဏာရပါတီ၊ တပ်မတော်အပါအဝင် မြန်မာ့နိုင်ငံရေး တွင် သော့ချက်ကျသော ခေါင်းဆောင်များသည် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်မျက်နှာကို အလေးထားရေးမှာ အဓိကကျ သောစိန်ခေါ်မှု ဖြစ်လာနိုင် ကြောင်း ၎င်းက ပြောသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုဖြစ်ပေါ်လာရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးသော့သည် တပ်မတော်၏ လက်ထဲတွင် ရှိနေပါသေးသည်။ ပြည်ထောင်စုလွှတ်တော်ထဲတွင် ပင်နီတိုက်ပုံများ အလုံးအရင်းဝင် ရောက်လာလင့်ကစား အစိမ်း ရောင်ယူနီဖောင်းဝတ်ထား သူများ ၏ဆန္ဒမပါဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်မည်မဟုတ်ချေ။

သို့သော် ရွေးကောက်ပွဲတွင် မဲလာထည့်ရင်း ပြောသောတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏စ ကားသည် အားတက်စရာတော့ ကောင်းသည်။

‘‘ကောင်းတဲ့ရလဒ်ကို ကျွန်တော်တို့တော့ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ သွားနေတာကိုက ဒီစနစ်ကို သွားမယ်လို့ အခိုင်အမာ ကြေညာ ခဲ့ပြီးသားဖြစ်တော့ ပြီးတော့ ပြည်သူကနေ မှန်မှန်ကန်ကန်ရွေး ချယ်တဲ့ရလဒ်တွေပေါ်မှာ ဒီဟာ ကို ကောင်းအောင် ဝိုင်းပြီးတော့ ဆောင် ရွက်မယ်။ အဲဒီလိုဆို တိုင်းပြည်ဟာ အရင်ထက်စာရင် အမြန်တိုးတက်မယ် လို့ ကျွန် တော်ယုံကြည်ပါတယ်’’ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

နိုင်ငံတော်သမ္မတကလည်း အစိုးရနှင့် တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေး စားလိုက်နာသွားမည် ဖြစ်ပြီး ရွေး ကောက်ပွဲရလဒ်များနှင့် အညီ နိုင်ငံရေး အခင်းအကျင်းသစ်ကို အတူလက်တွဲပုံဖော် ဖန်တီး ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း ရွေး ကောက်ပွဲအကြို မိန့်ခွန်းတွင် ပြောကြားထားသည်။

‘‘ရွေးကောက်ပွဲအပြီး ကြား ကာလ တည်ငြိမ်အေးချမ်းမှု ရှိစေ ဖို့အတွက် လည်း နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ များကလည်း ကြားကာ လတည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူးပြောင်းစေ ဖို့များစွာ အထောက်အကူပြုသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို တည် ဆောက်တဲ့နေရာမှာ ခရီးရှည်ကြီး ကို အားလုံးအတူဖြတ်သန်းကြရ ဦးမှာ ဖြစ်ပါတယ်’’ဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတက ပြောခဲ့သည်။

လွှတ်တော်တွင်း တိုင်းရင်းသားများ ကိုယ်စားပြုခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲတွင် တက်ရောက်ခဲ့ သူ ရခိုင်အမျိုးသားခေါင်းဆောင် ဒေါက်တာ အေးမောင်က လည်း အခင်းအကျင်းသစ်ကို ခြေခင်းလက်ခင်းသာရန်မျှော်လင့်ကြောင်း ပြောသည်။

‘‘အခင်းအကျင်းသာသာယာ ယာလေးနဲ့ ခြေခင်းလက်ခင်းသာ သာယာယာ လေးနဲ့ ဖြစ်သွားရင်တော့ ပိုကောင်းတာပေါ့။ အခု အ၀န်းအ၀ိုင်းလည်း တော်တော်များများ ပြေပျက်နေတဲ့ သဘောတွေ့တယ်။ ပူးပေါင်းလည်း ပူးပေါင်းနိုင်တယ်။ မပူးပေါင်းဘူးလည်း ဖြစ်နိုင်တယ်။ ဒါက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ဖိတ်ခေါ်မှုအပေါ်မှာ မူတည်မှာပေါ့။ ကျွန်တော်တို့က ပူးပေါင်းချင်ပါ တယ်လို့ ပြောလို့မရဘူးလေ။ သူ ရဲ့ မဟာဗျူဟာမြောက် ပေါ်လစီ က ဘာရှိသလဲ၊ အဲဒါလေးတွေက အရေးကြီးပါတယ်။ ဒီအ၀န်း အ၀ိုင်းမှာလေ။ အဲဒီတော့ ပူးပေါင်းမယ်၊ မဟာမိတ်ပြုမယ်ဆိုရင် ပိုကောင်း တာပေါ့’’ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောသည်။

သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေး ဦးသျှောင်များ၏ သဘောထားများသည် ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသို့ ဦးတည်လျက် ရှိကြကြောင်း တွေ့ရှိရပါမည်။

7Day News Journal

No comments:

Post a Comment

My Blog List