Wednesday, November 11, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ် အလဟဿမဖြစ်ခဲ့ပါ


ရွေးကောက်ပွဲမတိုင်မီ သုံးပတ်ခန့် အလိုတွင် ထိလွယ်ရှလွယ် ရခိုင်ပြည်နယ်သို့ သုံးရက်ကြာ စည်းရုံးရေး သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အချည်းနှီးမဖြစ်ခဲ့ပေ။ ရခိုင်ပြည်နယ် လေထုတွင် လူမျိုးရေး၊ ဘာသာရေး ၀ါဒမှိုင်း များ ပျံ့နှံ့နေသော်လည်း ဒေါ် အောင်ဆန်းစုကြည် သွားရောက် ခဲ့သော ရခိုင်တောင်ပိုင်း သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်များ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်ပြိုကမ်းပြို အောင်ပွဲခံရန် သေချာသလောက်ရှိနေသည်။
ရွေးကောက်ပွဲအပြီး တစ်ရက်အကြာ နိုဝင်ဘာ ၉ ရက်တွင် ရခိုင်တောင်ပိုင်းဒေသ၌ သံတွဲ မြို့နယ်တစ်ခုတည်းသာ အနိုင်အ ရှုံးရလဒ်တရားဝင်ကြေညာနိုင်ခဲ့ သည်။ ဒွါရာဝတီသံတွဲဒေသတွင် အသည်းကြားက မဲတစ်ပြားကို ဒီချုပ်အား ပုံအောခဲ့ကြသည်။ဒေါ် အောင်ဆန်းစုကြည်မဲဆွယ်ဟော ပြောပွဲတွင် လူမျိုးရေး၊ ဘာသာ ရေးအသုံးချမဲဆွယ်မှုများကြားမှ လူဦးရေ ငါးထောင်အထက် တက်ရောက်ခဲ့သော သံတွဲမြို့ နယ်တွင် ဒီချုပ်က ပြိုင်ဘက် ပါတီကြီးနှစ်ခုကို မဲအပြတ်အသတ်ဖြင့် နောက်ကောက်ကျစေခဲ့သည်။ ပြည်သူ့ လွှတ်တော်တွင် ဒေသတွင်း အင်အားကြီး ရခိုင်အမျိုးသားပါတီ (ANP) ကို မဲခြောက်ထောင်ခန့် အသာစီးဖြင့် အနိုင်ယူခဲ့သည်။

အမျိုးသားလွှတ်တော်တွင် တော့ ANP ထက် မဲငါးထောင် ကျော်ဖြင့် ဦးဆောင်နေသည်။ ဒီ ချုပ်နှင့် ANP သည် ပြည်နယ်လွှတ်တော် (၁) တွင်လည်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ၁,၈၈၂ မဲကို ခွပ်ဒေါင်းက ရရှိခဲ့သည်။ ပြည်နယ် (၂)တွင်တော့ ခွပ်ဒေါင်းနှင့် ခြင်္သေ့တို့ အဓိက ယှဉ်ပြိုင်ခဲ့ရသော်လည်း လူထုခေါင်းဆောင်ပါတီက အာဏာရပြည်ခိုင်ဖြိုးပါတီကို မဲနှစ်ထောင်ကျော် အသာဖြင့် အလဲထိုးခဲ့သည်။

သို့သော် ဒီချုပ်မှာ သံတွဲမြို့ နယ်တွင် နေရာတစ်နေရာကို တော့ အရေးနိမ့်ခဲ့သည်။ ချင်းတိုင်းရင်းသားရေးရာ တစ်နေရာ ကို အရှိုချင်းပါတီက မဲခြောက်ရာ ခန့်အသာဖြင့် ဒီချုပ်ကို အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိပါက အစ္စလာမ်ဘာသာဝင် များ လွှမ်းမိုးသွားမည်ဆိုသည့် ရွေးကောက်ပွဲအကြိုကာလတိုက် ခိုက်ထိုးနှက်မှုများကို ဂွမြို့နယ်က လည်း မယုံကြည်ကြောင်း နိုဝင် ဘာ ၈ ရက်တွင် သက်သေပြခဲ့ သည်။

နိုဝင်ဘာ ၉ ရက်အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေး သော်လည်း မဲရေတွက်မှုစောင့် ကြည့်သူများစာရင်းအရ ဂွမြို့ နယ်တွင် ဒီချုပ်က အောင်ပွဲခံရန် ရာခိုင်နှုန်းများနေသည်။ ဂွမြို့နယ် တွင် မဲရုံအရေအတွက် သုံးပုံနှစ် ပုံခန့်ရေတွက်ပြီးစီးချိန်၌ နေရာ လေးနေရာစလုံးတွင် ဒီချုပ်က မဲ အပြတ်အသတ်ဖြင့် ပြည်ခိုင်ဖြိုး ပါတီကို အသာရထားကြောင်း စောင့်ကြည့် လေ့လာသူများကဆိုသည်။

ဂွဒေသတွင် အဓိကပြိုင် ဘက်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွင် မဲတစ်သောင်းကျော်ဖြင့် အသာရထားကြောင်း ဒီချုပ်ကိုယ်စားလှယ်လောင်းများက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်း ၀င်ရောက် ယှဉ်ပြိုင်သည့် ပြည်နယ် (၁) နှင့် မဲဆန္ဒနယ်များတွင်လည်း ဒီချုပ်က မဲခြောက်ထောင်ကျော် အသာစီး ရထားသည်။

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က အုံး အုံးကျွက်ကျွက်ကြိုဆိုခဲ့ကြသော တောင်ကုတ်မြို့နယ် တွင်လည်း ပြည်နယ်လွှတ်တော် တစ်နေရာမှ အပ ကျန်သုံးနေရာစလုံး ဒီချုပ် အခြေအနေကောင်းနေကြောင်း စောင့်ကြည့်သူများ ကပြောသည်။ တောင်ကုတ်နှင့် ဂွမြို့နယ်မဲရလဒ် များကို နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ပေးမည်ဟုလည်း ကော် မရှင်အဖွဲ့ဝင်များက ပြောသည်။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ၀င်ရောက် ယှဉ်ပြိုင်သည့် အမ်းမြို့နယ်တွင်မူ နိုဝင်ဘာ ၉ ရက်ညပိုင်းအထိ ဒီချုပ် ပြည်ခိုင်ဖြိုးနှင့် ANP တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေပြီး ရလဒ် မထွက်ပေါ်သေးကြောင်း
စောင့်ကြည့်နေသူများက ပြောသည်။ ANP က နိုဝင်ဘာ ၉ ရက် အထိ စာရင်းများအရ နေရာ ၅၀ အနိုင်ရရှိနေပြီဖြစ်ကြောင်း မဲရေ တွက်မှု စောင့်ကြည့်သည့် ဒေသ တွင်း အဖွဲ့များဆိုသည်။ တရား ၀င်ထုတ်ပြန်ခြင်း မရှိသေးသော် လည်း နိုဝင်ဘာ ၉ ရက် ညအထိ စာရင်းများအရ ရခိုင်တောင်ပိုင်း ဒေသတွင် ဒီချုပ်က အောင်ပွဲခံနိုင် ပြီး မြောက်ပိုင်းနှင့် နယ်စပ်မောင် တောဒေသ၌မူ ANP က တောင်ပြိုကမ်းပြို အနိုင်ရရှိရန်
ရာခိုင်နှုန်းများနေသည်။

ဒီချုပ်အတွက်တော့ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ သည့် ရခိုင်တောင်ပိုင်းသို့ လူမျိုး ရေး၊ ဘာသာရေး တိုက်ခိုက်မှု များအကြားမှ သွားရောက်ခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အောက်တိုဘာ ခရီး စဉ်မှာ အလဟဿမဖြစ်ခဲ့ပေ။ ၁၉၉၀ နည်းတူ ရခိုင်တောင်ပိုင်း တွင် ခွပ်ဒေါင်းတို့ အောင်ပွဲခံနိုင်ရန် သေချာသလောက်ရှိနေပါသည်။


7Day News Journal

No comments:

Post a Comment

My Blog List