Thursday, September 17, 2015

စစ်မှန်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်ရန် ၂၀၁၅ ရွေးကောက်ပွဲကို အထူးအလေးထားရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံအတွက် စစ်မှန်သောဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်လာရန် လာမည့်ရွေးကောက်ပွဲကို အထူး အလေးထားရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို နေပြည်တော်ရှိ လွှတ် တော်ဝင်းအတွင်း ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်မှန်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်ရန် ၂၀၀၈ အခြေခံဥပဒေ အပါအဝင် ပြင်ဆင်ရမည့် အကြောင်း အရာများ များစွာရှိနေသော်လည်း လက်ရှိအချိန်တွင် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်လာရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ဒီမိုကရေစီနေ့ အခမ်းအနားကို အစိုးရသက်တမ်း ငါးနှစ်ကာလအတွင်း ငါးကြိမ်ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် အနေနှင့် ယနေ့ကျင်းပသည့် အခမ်းအနားတွင် ပထမဆုံးအကြိမ် တက်ရောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် ရရှိလာမည့် ပြည်သူ့ဆန္ဒများကို အခြေခံကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်လာရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဒီမိုကရေစီဖော်ဆောင်ရေး အတွက် ပါတီအချင်းချင်း အပြန်အလှန် လေးစားရန် လိုအပ်ပြီး ရွေးကောက်ပွဲ ကို တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အစွမ်းကုန် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ အနေနှင့် မိမိတို့တာဝန် ဖြစ်သော မဲပေးခြင်းကို ပြုလုပ်သွားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုပါ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အုတ်မြစ် ချနိုင်တော့မည့် အခွင့်အရေးဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိ တွင် အမှန်တကယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်ရန် လိုအပ်နေသေးကြောင်း ဦးသိန်းစိန်၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။

မဲဆန္ဒရှင်များ အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် တက်ကြွနိုးကြားစွာ ပါဝင်ဆောင်ရွက်မှသာ ဒီမိုကရေစီ အတွက် အားကောင်းစေမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောကြား ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List