Friday, September 18, 2015

ဆော်ဒီနိုင်ငံတွင်ဖြစ်ပွားသော ကရိန်းပြုတ်ကျ လူသေဆုံးမှုတွင် တာဝန်ရှိ ဘင်လာဒင်အုပ်စု ဆောက်လုပ်ရေးကုမ္ဗဏီကို လုပ်ကိုင်ခွင့် ရပ်ဆိုင်း


လွန်ခဲ့သော သီတင်းပတ်က လူပေါင်း ၁၀၇ ဦးသေဆုံးခဲ့ရသည့် ၀န်ချီစက်ပြို လဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ မက္ကာတွင် ၀တ်ကျောင်းအဆောက်အဦ သစ်များ တည်ဆောက်နေသော ဘင်လာဒင်အုပ်စု ဆောက်လုပ်ရေးကုမ္ပဏီ ကို ဆက်လက်ဆောက်လုပ်ခြင်းမပြုရန် ဆော်ဒီဘုရင် ဆာလ်မန်းက အမိန့်ထုတ် ပြန်ခဲ့သည်။

အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီမှာ အိုစမာဘင်လာဒင်၏ ညီအစ်ကို များက လုပ်ကိုင်နေသောအုပ်စု ဖြစ်သည်။ ဆော်ဒီဘင်လာဒင်အုပ်စုသည် ၀န်ချီစက် ပြိုလဲကျမှုတွင် တပိုင်းအားဖြင့် တာဝန်ရှိကြောင်း၊ ဘေးကင်းလုံခြုံရေး စည်းမျဉ်းကိုလိုက်နာမှုမရှိခဲ့ကြောင်း ဆော်ဒီအစိုးရက ပြောသည်။ အဆိုပါ ၀န်ချီစက် သည် လေပြင်းတိုက်ခတ်မှု ကြောင့် လဲကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၀န်ချီစက်သည် အစ္စလာမ်ဘာသာ ၀င်တို့ အထွတ်မြတ်ထားသည့် kaaba ဘေးရှိ မဟာဗလီကြီးပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ၎င်းဗလီ အပြင် ဘက်တွင် ၀တ်ပြုနေသော သူများ ထိခိုက်ခဲ့ရာ ၁၀၇ အောက် သေဆုံး ပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရခဲ့သည်။

ဝန်ချီစက်နေရာချထားမှုသည် စက်ကိရိယာလည်ပတ်လှုပ်ရှားမှု ညွှန်ကြားချက်နှင့် လုပ်ကိုင်ခြင်းမရှိခဲ့ ကြောင်း စုံစမ်းရေးအဖွဲ့က တင်ပြထားသည်။ ဘင်လာဒင် ဆောက်လုပ်ရေးအုပ်စု ဒုဥက္ကဋ္ဌ ဘိတ်ကာ ဘင်လာဒင်အပါအ၀င် ကုမ္ပဏီ ဘုတ်အဖွဲ့ဝင်အားလုံးကို စုံစမ်းစစ်ဆေးမှုမပြီးဆုံးမီ ဆော်ဒီနိုင်ငံမှ မထွက်ခွာရန် အမိန့်ထုတ် ထားသည်။

ဘင်လာဒင်မိသားစု၏ ဆောက်လုပ်ရေးအုပ်စုသည် ဆော်ဒီဘုရင် မိသားစု၏ ဦးစားပေးမှုခံရပြီးနောက် ဆော်ဒီနိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်းကြီးများ လုပ်ပိုင်ခွင့်ရထားကြသည်။ ယခု Grand ဗလီကြီးကို လေးနှစ်တာကာလ အတွင်း ဒေါ်လာ ၂၇ ဘီလီယံ အကုန်အကျခံပြီး တိုးချဲ့ဆောက်လုပ်ရန် တာဝန် ပေးခြင်းခံရသည်။ စီမံချက်ပြီးဆုံးပါက ယင်း အဆောက်အဦးကြီးမှာ စတုရန်း မီတာ ၄၀၀,၀၀၀ ရှိလာနိုင်ပြီး တကြိမ်လျှင် လူပေါင်း ၂ ဒသမ ၂ သန်း တပြိုင်တည်း ၀တ်ပြုနိုင်သည်။

အဆိုပါ အခင်းဖြစ်ပွားမှုတွင် သေဆုံးခဲ့သူများနှင့် ခန္ဓာကိုယ် ရာသက်ပန် ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုများကို ဆော်ဒီသုံးငွေ ရီယာဒ်တသန်း (ဒေါ်လာ ၂၆၇၀၀၀) လျော်ကြေးပေးမည်ဖြစ်ပြီး ကုသ၍ရ သော ဒဏ်ရာရသူ မိသားစုများကို ၎င်းလျော်ကြေး တ၀က် ရိယာဒ် ငါးသိန်းပေးမည်ဖြစ်ကြောင်း ဆော်ဒီ ဘုရင် ဆာလ်မန်းက ကြေညာခဲ့သည်။

ထွဋ်ဝင်းထွဋ်
Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List