Tuesday, September 15, 2015

ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးပင်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် သမ္မတပြော


ပြည်သူ့အုပ်ချုပ်ရေးဖြစ်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် နိုင်ငံသားအားလုံး၏ လူမှုဘ၀နှင့်ပတ် သက်သော ဆုံးဖြတ်ချက်များတွင် တန်းတူပြောဆိုရပိုင်ခွင့်ရှိရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

စက်တင်ဘာ ၁၅ ရက်နေ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်သ၀ဏ်လွှာတွင် ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ယခုနှစ် ဆောင်ပုဒ်မှာ “Public Participation for Democracy” ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်ရေးပင်ဖြစ်သည်။


ပြည်သူများ၏ အခန်းကဏ္ဍကို ပိုမိုအနက်အဓိပ္ပါယ် ဖွင့်ဆိုပြခြင်းနှင့်အညီ ဒီမိုကရေစီဖြစ်စဉ်များတွင် ပါဝင် ဆောင် ရွက်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီမိုကရေစီယန္တရားအဆင့်ဆင့်၌ ပြည်သူများ ပိုမိုပါဝင်နိုင်ရန် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန်လည်း လိုအပ်သည်ဟုဆိုသည်။



ထို့ပြင် လူ့အဖွဲ့အစည်းတွင်း ဒီမိုကရေစီကျင့်စဉ်များ အခြေခိုင်ရေးအတွက် ဒီမိုကရေစီပညာပေးလုပ်ငန်းများ ကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားကြရမည် ဖြစ်ပြီး လူတိုင်းကလည်း အခွင့်အရေးနှင့် တာဝန်သိမှု၊ တာဝန်ယူမှုတို့ကို မျှတစွာ ပေါင်းစပ်ကျင့်သုံးနိုင်ကြရပါမည်။



ဒီမိုကရေစီစနစ်နှင့် လူ့အဖွဲ့အစည်း ပေါင်းစည်းညီညွတ်မှုကို အကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းငြိမ်း ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ရရှိနိုင်ကြမည် ဖြစ်ပါသည်။



ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း နောက်ခံ အခြေအနေများ၊ လူမှုပုံစံများ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိ ပါတီများ၊ အစုအဖွဲ့များအပေါ်တွင် မူတည်ကာ အမျိုးမျိုး ကွဲပြားနိုင်သော်လည်း နိုင်ငံသူနိုင်ငံသားအားလုံး၏ စိတ်နေစိတ်ထား ရင့်ကျက်ပြည့် ဝမှု၊ အတွေးအခေါ် မြင့်မားမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့သည် ဒီမိုကရေစီဖော်ဆောင်ရေး၏ အဓိက အချက်များ ဖြစ်သည်ဟုဆိုသည်။



မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်ကြီးမားသည့် အဆင့်တစ်ဆင့်အဖြစ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများကို မဲပေးရာတွင် ပြည်သူများ၏ လိုလားချက်များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်ပြီး အရည်အသွေး ရှိသည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် အထူးအရေး ကြီးပါသည်။



မှန်ကန်သော ရွေးချယ်မှုများဖြင့်သာ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီထွန်းကားလာ နိုင်ပြီး ပွင့်လင်း လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်မည်ဟု သမ္မတကြီးက ပြောဆို သည်။



နိုင်ငံသားများအားလုံး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ အပြန်အလှန် နားလည်လေးစားမှု၊ အများ၏ သဘော ထားကို လိုက်နာ၊ လူနည်းစု၏ သဘောထားကို အလေးထားရင်း နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ကြရန်နှင့် ရင့်ကျက်ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်သွားကြပါဟု သမ္မတကြီးက နိဂုံးချုပ် တိုက်တွန်းပြောကြားသွားသည်။



မဇ္ဈိမ


No comments:

Post a Comment

My Blog List