Monday, September 14, 2015

ရေဘေးသင့်ခဲ့သည့် ချင်းပြည်နယ်တွင် နိုဝင်ဘာရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းပေးရန်လိုလား


မျှော်လင့်ချက်များ မြင့်မားနေကြသည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသင့်ကြောင်း ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ဆုံးရှုံးနေသည့် ချင်းပြည်နယ်ရှိ ချင်းနိုင်ငံရေးသမားများက ပြောဆိုနေကြသည်။ ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးတွင်းကာလ မုန်တိုင်းများကြောင့် ပျက်စီးမှု များပြားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲများ ၁ လရွှေ့ဆိုင်းပေးရန် ချင်း အမျိုးသား ဒီမိုကရက်တစ်ပါတီ က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းထားခဲ့သည်။
“ချင်းပြည်နယ်တွင်း မဲဆွယ်လှုပ်ရှားမှုအတွက် ကျွန်တော်တို့တစ်တွေ ကြီးမားတဲ့ အခက်အခဲတွေ့နေရတယ်”ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဆလိုင်းဆူးဘစ်သောင်က ucanews.com ကို ပြောကြားခဲ့သည်။

လမ်းအများအပြားမှာ အသုံးပြုမရဖြစ်နေဆဲဟု သူကဆိုသည်။

“ဒါကြောင့် လူထုကို ကောင်းကောင်းအသိမပေးနိုင်ဘဲ သူတို့က မှန်ကန်တဲ့ ကိုယ်စားလှယ်လောင်း မရွေးချယ်နိုင်မှာကို ကျွန်တော်တို့ အထူး စိုးရိမ် မိတယ်။ အကျိုးဆက်အနေနှင့် တိုင်းရင်းသား ကိုယ်စားလှယ်လောင်းတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်တယ်”

အစိုးရလုပ်သားများက ကယ်ဆယ်ရေးလုပ်ငန်းများကို ၀ါဒဖြန့်ချိရေးနှင့် မဲဝယ်ရေး ကိရိယာတစ်ခုသဖွယ် အသုံးပြုနေ သည်များရှိနေသည်ဟု သူကပြောဆိုပြီး ပါတီငယ်များမှ ကိုယ်စားလှယ်လောင်းများသည် အစိုးရ မိတ်ဖက်ပါတီများထက် ပိုအထိနာမည်ကို စိုးရိမ်ကြောင်း ထည့်သွင်းပြောဆို သွားခဲ့သည်။

ရွေးကောက်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာ ၈ ရက်နေ့သည် ခရစ်ယာန် အားလုံး အတွက် ဆုတောင်းနေ့ဖြစ်နေ သဖြင့် ရွေး ကောက်ပွဲနေ့ ပြောင်းလဲပေး ရန်လည်း ပါတီကတောင်းဆိုခဲ့ဖူးသည်။

ချင်းတိုင်းရင်းသားပါတီ ၁၀ ခုခန့်က ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပါတီများကို သူတို့ယှဉ်ပြိုင်ကြပါလိမ့်မည်။

ချင်းတိုးတက်ရေးပါတီမှ ကက်သိုလစ်ဘာသာဝင် အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ကိုယ်စားလှယ် ပေါဟာဝီ ယင်း က ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းက အကျိုးရှိလိမ့်မည်ဟု ဆိုသည်။

“ရေကြီးတာက ဒီဒေသကို တော်တော်လေး ထိခိုက်သွားတော့ လူတွေကို စည်းရုံးဖို့နဲ့ ရွေးကောက်ပွဲပညာပေးဖို့ သိပ်မ လွယ်တော့ဘူး။ ကျွန်တော်တို့ အတွက် မဲဆွယ်လှုပ်ရှားဖို့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်”ဟု ဆိုသည်။

“လွှတ်တော်ထဲမှာ ချင်းကိုယ်စားလှယ်လောင်းတွေ နေရာပိုရဖို့ ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိ ထားတယ်” ဟု သူက ထပ်မံပြောဆိုခဲ့သည်။

ချင်းပြည်နယ် အချို့ဒေသများတွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းပေးရန် စဉ်းစားပေးမည်ဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောဆို ထားသည်။

“လိုအပ်ရင် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးခက်ခဲနေသေး တဲ့ နေရာတွေမှာ ရွှေ့ဆိုင်းပေးဖို့ ကျွန်တော်တို့ စဉ်းစားနေတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၂ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့ သည်။

ရွေးကောက်ပွဲရက် မူလအတိုင်းထားရှိရန် ပိုသဘောကျသည်ဟု အာဏာရ ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းဥပဒေ ပြုကိုယ်စားလှယ် ဆွန်ဒိုဆင်းက ဆိုသည်။

“ကျွန်တော်တို့က နိုဝင်ဘာ ၈ ရက် အမီ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေ ရတယ်။

လမ်းတွေဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ကျွန်တော်တို့ ကူညီလုပ်ဆောင်ခဲ့တဲ့အတွက် လူတွေက ကျွန်တော်တို့ကို မဲပေးမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ပါတီကို ကြည့်မယ့်အစား သူတို့ကို တကယ် ကူညီနေတဲ့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာပြီး သူတို့မဲပေးလိမ့်မယ်”

မိုးကာလ မုန်တိုင်းများကြောင့် မိုးသည်းထန်မှုနှင့် မြေပြိုမှုများက ဝေးလံသည့် အရပ်ဒေသရှိ ဘုရားကျောင်းများ၊ အိမ်များနှင့် အခြေခံလမ်းတံတား အဆောက်အအုံများကို ဖျက်ဆီးပစ်ခဲ့သည်။

တစ်နိုင်ငံလုံးတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၁.၆ သန်း ရွှေ့ပြောင်း ခဲ့ရသည်။ နေအိမ် ၄၇၆,၀၀၀ ကျော်လည်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့သည်။ ဝေးလံသည့် သီးခြားကျေးရွာများထံ ရောက်ရှိရေးမှာ ခက်ခဲနေဆဲဖြစ်သည်။

The Ladies News Journal

No comments:

Post a Comment

My Blog List