Thursday, September 06, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထံသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လာရောက်တွေ့ဆုံဆွေးနွေး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် သံအမတ်ကြီးဒဲရစ်မစ်ချဲလ်တို့ တွေ့ဆုံနေစဉ်




မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့တို့သည် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းသို့ လာရောက်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


''တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေရယ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ အခန်းကဏ္ဍတွေ၊ တိုင်းရင်းသား အရေးကိစ္စတွေစသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ လက်ရှိနိုင်ငံရဲ့ အပြောင်းအလဲမှာပါဝင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အင်အားစုတွေကိုလည်း ပိုမိုသန်စွမ်းလာအောင် အားလုံးဝိုင်းရံပေးကြဖို့လည်း ပြောဖြစ်ပါတယ်''ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောခဲ့သည်။
''နေပြည်တော်နဲ့ ၀ါရှင်တန်ရဲ့ ဆက်ဆံရေးဟာ အစိုးရနှစ်ရပ် ဆက်ဆံရေးတင်မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ အမေရိကန်နိုင်ငံသားအားလုံးရဲ့ ဆက်ဆံရေးအထိ ဖြစ်လာအောင် ပိုမိုတိုးမြင့်သွားနိုင်ဖို့၊ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေးတိုးတက်ရေးမှာ အမေရိကန်နိုင်ငံအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်တော့မယ်ဆိုတာကိုလဲ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင်အဖြစ်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန် လည်ဝင်ရောက်နိုင်ဖို့၊ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ်နဲ့ ရပ်တည်နိုင်ဖို့က ကျွန်တော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို ပြောခဲ့ပါတယ်''ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားများနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတစ်ဦးနှင့် တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့်မူ ယခင်ကတည်းက တွေ့ဆုံမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
အမေရိကန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် နံနက် ၉ နာရီ ၃၀ မိနစ်မှ စတင်၍ တစ်နာရီကျော်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List