Thursday, September 06, 2012

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော ဟာ ကျန်းမာရေးဆိုးဝါးနေ

မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ရဲဘော်သုံးကျိပ်ဝင် (၂) ဦး ထဲက တရုတ်နိုင်ငံ ကူမင်းမြို့မှာရှိတဲ့ ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော ဟာ ကျန်းမာရေးဆိုးဝါးလာတာကြောင့် ကူမင်းမြို့ဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။ အခုအခါ ကူမင်းမြို့ဆေးရုံ အရေးပေါ်အခန်းမှာ ကုသခံနေရကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇော က ပြောပါတယ်။

"ဆေးရုံမှာ တလနီးပါးလောက်ရှိပြီ ။ အသက် ၉၃ နှစ်ဆိုတော့ နဲတဲ့ အသက်အရွယ်လား၊ ကူမင်းမှာ ရာသီဥတု အပြောင်းအလဲ က သိပ်မြန်တယ်။ အဆုတ်နမိုးနီးယားဖြစ်တာကို အခုက အပူက ကျသွားပြီ။ အသက်ကြီးတဲ့အခါ ဒါကဖြစ်တတ်တာပဲ။ စားဖို့သောက်ဖို့ သိပ်ခက်လာတယ် မစားနိုင်ဘူး။ ဒီတစ်ရက် နှစ်ရက်တော့ တော်တော်လေး ပြန်ကောင်း လာတယ်။"

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောဟာ ကွန်မြူနစ်ပါတီဝင်ဖြစ်ပေမဲ့ ဘာသာတရားကို အရင်ကတည်းက လေ့လာလိုက်စား ခဲ့ ကြောင်း၊ ရွှေတိဂုံဘုရားကို ဖူးမြော်ချင်နေပေမဲ့ လက်ရှိအခြေအနေအရ မဖြစ်နိုင်တော့ဘူးလို့ ဦးအောင်ကျော်ဇော က ပြော ပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံကို သွားရောက် စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲမှာ ရန်ကုန်မြို့နေ အသက် (၉၁) နှစ်ရှိနေပြီဖြစ်တဲ့ ဗိုလ်ရဲထွတ် နဲ့ ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောတို့ (၂) ဦးပဲ သက်ရှိထင်ရှား ကျန်ရှိပါတော့တယ်။

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောဟာ ၁၉၅၄ ခုနှစ်က မြန်မာနိုင်ငံတွင်းကို ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူ ကူမင်တန် တပ်တွေကို တိုက်ထုတ်ရာမှာ နံမည်ကြီးခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်မှာ အရှေ့မြောက် စစ်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်ကို တောခို ၀င်ရောက်လာခဲ့ပါတယ်။ ပါတီထဲမှာ ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် တာဝန်ယူသလို စစ်ရေးတာဝန်တွေလည်း ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List