Thursday, September 06, 2012

အစိုးရစွပ်စွဲချက် ကေအိုင်အို တုံ့ပြန်ငြင်းဆို


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကေအိုင်အိုက ကုမ္ပဏီတွေထံကနေ ဆက်ကြေးတောင်း၊ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီး တာတွေ လုပ်တဲ့အကြောင်း ၃၁ ရက်နေ့အစိုးရထုတ် ကြေးမုံသတင်းစာမှာ
ရေးသားဖေါ်ပြထားတာကို မဟုတ်မှန်တဲ့အကြောင်း ကေအိုင်အိုကငြင်းဆန်လိုက်ပါတယ်။
အဲဒီသတင်းစာထဲမှာ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက ကေအိုင်အိုအနေနဲ့ ကုမ္ပဏီတွေထံက ဆက်ကြေးကောက်ခံကာ တကယ်လို့မပေးရင် စက်ယန္တရားတွေကို မီးရှို့ဖို့၊ ကုမ္ပဏီစောင့်ဝန်ထမ်းတွေကိုလည်း အသက် အန္တရာယ် ပေးတဲ့အထိ ခြိမ်းခြောက်တာတွေ ရှိနေလို့ တပ်မတော် က တိုက်ခိုက်ရတာပါလို့ ဖေါ်ပြထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို ဆက်သွယ်မေးမြန်းကြည့်တော့-

"အဲဒီကိစ္စကတော့ သူတို့အခုမှ ပြောတဲ့ကိစ္စမဟုတ်ပါဘူး။ သူတို့ အရေးကြုံရင် ကြုံသလို လိုအပ်ရင် အမြဲတမ်းသတင်းစာထဲမှာ စွပ်စွဲပြောဆို တာမျိုးရှိတာပဲ။ သူတို့ကတော့ ဆက်ကြေးတောင်းတယ်လို့တော့ပြောတာပဲ။ ကျနော်တို့ကတော့ ဆက်ကြေးလို့ သတ်မှတ်တာတော့မရှိဘူး။ အဲဒီမှာ ရှိတဲ့ကုမ္ပဏီတွေကို ကျနော်တို့က ထိုက်သင့်တဲ့ အခွန်တွေရယူရတယ်။ သူတို့ကလည်း အခွန်ကို ရှောရှောရှုရှုပေးတာတွေရှိတယ်။ နောက်ပြီးတော့ ကုမ္ပဏီဝန်ထမ်းတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာမျိုး၊ ယန္တရား ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာမျိုး၊ ဒါတွေဟာ မရှိတဲ့ကိစ္စ ရှိလည်းမရှိတဲ့ ကိစ္စတွေပါ။ ကေအိုင်အို အဖွဲ့အစည်းကို နိုင်ငံရေးအရ သိက္ခာကျအောင် မတရားစွပ်စွဲတဲ့ပုံစံလို့ ပြောလို့ရတယ်ခင်ဗျ။"

သြဂုတ်လ ၂၉ ရက် ညနေပိုင်းမှာ ဖားကန့်မြို့အနောက် ဆိုင်ကြာဘွမ် ရွာအနီးမှာ ၂ဖက်တိုက်ပွဲကြောင့် ကုမ္ပဏီက ယမ်းတိုက်ပေါက်ကွဲသွား ပါတယ်။ ဒါဟာ ကေအိုင်အို ကြောင့် ပေါက်ကွဲတာမဟုတ်ဘဲ အစိုးရတပ်ရဲ့ မှားယွင်းမှုကြောင့်ဖြစ်တာလို့ ဦးလနန်က တုံ့ပြန်ပြောဆိုပါတယ်။

"သူတို့ရဲ့တပ်တွေအချိတ်အဆက် မြေပုံညွှန်း ပေးတာကအစ သူတို့ရဲ့ လက်နက်ကြီးပစ်ခတ်မှုမှာ မကျွမ်းကျင်ဘူးဆိုတာကို သက်သေပြသွားတာပဲ။ အမှန်ဆိုရင် ပြင်းထန်တဲ့ ပျက်စီးမှုကျဆုံးမှုတွေဟာ သူတို့ရဲ့ မှားယွင်းမှု
တွေကြောင့်ဖြစ်တယ်။ သူတို့ရဲ့ ပြောဆိုချက်က ကုမ္ပဏီဝင်းထဲမှာ ကေအိုင်အို
ကနေပြီးတော့ မိုင်းပဒေသာနဲ့ဖေါက်ခွဲလိုက်တယ်လို့ပြောတယ်။ အမှန်တကယ်ဆို အဲဒီကုမ္ပဏီထဲမှာ သူတို့နေပြည်တော် တပ်ရင်းတစ်ခု
အနေနဲ့ အလုံးအရင်းလာနေတာ လနဲ့ချီပါပီ တိုက်ပွဲဖြစ်တော့ အဝေးကနေပြီး လက်နက်ကြီးပစ်တဲ့အခါမှာ ကျည်တချို့ကနေပြီးတော့ ယမ်းဂိုဒေါင်ကို သွားပြီးထိမှန်ပြီးတော့ ပေါက်ကွဲသွားတဲ့ကိစ္စပါ။ ကျနော်တို့ဘက်မှာ အဲဒီလောက်ကြီးပစ်တဲ့ လက်နက်ကြီးမရှိပါဘူး။ သူတို့အချင်းချင်း မှားယွင်းမှုကို ဖုံးကွယ်ချင်တဲ့ အနေအထားနဲ့ ကေအိုင်အို ကို စွတ်စွဲတဲ့ အနေအထားပေါ့။"

အဲဒီပေါက်ကွဲမှုမှာ အစိုးရတပ်က အရာရှိ ၆ ဦးနဲ့ ရိုးရိုးစစ်သား ၄၂ ဦးသေဆုံး သွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီကျဆုံးမှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

လွန်ခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကနေစတင်ပြီးတော့ ဖားကန့်မြို့ အနီးပတ်ဝန်းကျင်မှာ ကေအိုင်အို နဲ့ အစိုးရတပ်တွေ တိုက်ပွဲစဖြစ်လာ ပါတယ်။

အဲဒီလို ၂ ဘက်တိုက်ပွဲတွေကြောင့် ဖားကန့်ကျောက်စိမ်းတွင်းဒေသ တစ်ခုလုံး ကျောက်တူးဖေါ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရသလို အရောင်းအ၀ယ်တွေလည်း မဖြစ်တော့ဘူးလို့ သိရပါတယ်။

No comments:

Post a Comment

My Blog List