Saturday, September 08, 2012

ယာဉ်မယ် - အမျိုးသမီးတို့အတွက် အလုပ် အခွင့်အလမ်း

ယာဉ်မယ် သို့မဟုတ် အဝေးပြေးကားတွေထဲ ခရီးသည် ၀န်ဆောင် မှုပေးတဲ့ အမျိုးသမီးဝန်ထမ်းအလုပ်ကို စိတ်ဝင်စားသူများပြားလာနေပြီး ကားလိုင်းတွေများလည်း ယာဉ်မယ်ခန့်ထားမှုနှုန်းတိုးလာပါပြီ။

အဆင့်မြင့် အဝေးပြေး ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ JJ Express ယာဉ်လိုင်းက တာဝန်ရှိသူ တစ်ဦးက ''Bus Attendant ကို ကျွန်တော်တို့ ယာဉ်လိုင်းက စတင် အကောင်အထည် ဖော်ခဲ့တာပါ'' လို့ ဧရာဝတီကို ပြောပါတယ်။

''လေယာဉ်ပေါ်မှာ ပေးတဲ့ ဝန်ဆောင်မှုမျိုးကို ပေးချင်တယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်မယ်ပေါ့။ (ကားမှာ) ယာဉ်မယ် ထားရှိပြီး ဝန်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ဖို့ သေသေချာချာကို သင်တန်းတွေ ပေးပြီး ခန့်ထားတာပါ'' လို့ သူက ဆက်ပြောပါတယ်။

ယာဉ်မယ် အဖြစ်လုပ်ကိုင်လိုသူတွေအနေနဲ့ ရုပ်ရည်အသင့်အတင့် ရှိရမှာ ဖြစ်ပြီး၊ အိမ်ထောင်မရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ စိတ်ရှည် သည်းခံနိုင်သူ၊ အနိမ့်ဆုံး ပညာ အရည်အချင်း အထက်တန်းအဆင့် ရှိရမည်စတဲ့ အချက်တွေ လိုအပ်ပါတယ်လို့ ယာဉ်မယ် အလုပ်အကိုင် ခေါ်ယူထားတဲ့ မန္တလာမင်း အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းရဲ့ ကြော်ငြာမှာ ဖော်ပြထားပါတယ်။

သင်တန်း
Bus Attendant အတွက် သင်တန်းပေးရာမှာ ရှေးဦးပြုစုနည်း၊ နေထိုင်ပြောဆိုပြုမူနည်း စတဲ့ သင်တန်းတွေ ပါဝင်ပါတယ် တဲ့။

သင်တန်းပေးဖို့ ဝါရင့် လေယာဉ်မယ်တွေကိုပါ ငှားရမ်းခေါ်ယူခဲ့တယ် လို့ JJ Express ယာဉ်လိုင်းက ဆိုပါတယ်။

''ကျွန်တော်တို့ ယာဉ်လိုင်းမှာ Bus မယ် အယောက် ၂ဝ လောက် ရှိပါတယ်။ ထပ်တိုးချဲ့မယ့် ယာဉ်လိုင်းတွေအတွက်လည်း ဝန်ထမ်း ခေါ်ယူနေပါတယ်။ ယာဉ်တစ်စီးမှာ ယာဉ်မောင်းတစ်ယောက်၊ ယာဉ်အကူ တစ်ယောက်နဲ့၊ ဘတ်စ်မယ် တစ်ယောက် ထားပေးပါတယ်။ ယာဉ်မယ်က အမျိုးသမီးဖြစ်နေတဲ့ အတွက် ညအိပ်ညနေ ခရီးစဉ်တွေမှာ လုံခြုံမှု ပေးနိုင်အောင်လည်း စီစဉ်ထားပေးပါတယ်။ ဘတ်စ်မယ် ခေါ်ယူထားတာ အပေါ် လျှောက်ထားသူ များပြားပြီး စိတ်ဝင်စားမှုလည်း များလာတာ တွေ့ရပါတယ်'' လို့ အဆိုပါ ယာဉ်လိုင်း တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိမှာ ယာဉ်မယ်ထားရှိတဲ့ လိုင်းတွေကတော့ JJ Express, E-lite, ရွှေနန်းတော်၊ မြတ်မန္တလာထွန်း၊ GIA စတဲ့ ယာဉ်လိုင်းတွေ ဖြစ်ပါတယ်။

ဝင်ငွေ
ယာဉ်မယ် ဆိုတာ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ် ဖြစ်လာပါတယ်။ လစာကတော့ နေစရိတ်ငြိမ်း စားစရိတ်ငြိမ်း တစ်သိန်းကျော်ကနေ နှစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်း အဝေးပြေး ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမှာ ယာဉ်မယ်အဖြစ် လုပ်ကိုင်နေတဲ့ သူတစ်ဦးက ''ယာဉ်မယ် လုပ်ကိုင်နေတာ ၂ လလောက် ရှိပြီ။ ပထမ စလုပ်လုပ်ချင်းမှာ သင်တန်းတွေ ပေးတယ်။ အခု လက်ရှိလည်း လိုအပ်တဲ့ သင်တန်းတွေ တက်နေရတုန်းပါပဲ။ လစာကတော့ အခေါက်ရေပေါ် မူတည်ပြီးတော့ ပေးပါတယ်။ အရင်တုန်းက စာရင်းကိုင် လုပ်တဲ့ လစာထက် စာရင် ဒီလစာက ပိုများပါတယ်'' လို့ ပြောပါတယ်။
ဧရာဝတီ

No comments:

Post a Comment

My Blog List