Monday, May 04, 2020

ဝူဟန်ဓာတ်ခွဲခန်းမှ ကော်ရိုနာဗိုင်းရပ်စ် လွတ်ထွက်လာသော သက်သေအထောက်အထားများရရှိထားပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော၊ တရုတ်ကို အရေးယူမှုများ လုပ်ဆောင်ရန်ရှိနေ

Image may contain: 4 people, suit, text that says 'THE WHITE HOUSE WASHINGTON'
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ကော်ရိုနာဗိုင်းရပ်စ် လွတ်ထွက်လာသည်ဆိုသော သက်သေ အထောက်အထားအများအပြားရှိနေပြီဖြစ်း အရေးယူမှုများ လုပ်ဆောင်ရန် ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မေလ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က တရုတ်အနေဖြင့် ကော်ရိုနာဗိုင်းရပ်စ်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ပြန့်ပွားမှု အတိုင်းအတာကို ဖုံးကွယ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကိုလည်း သိုလှောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။
"ကျနော်တို့အနေနဲ့ အချက်အလက်တွေ ရရှိထားပါပြီ။ တရုတ်ကွန်မြူနစ်ပါတီက ဒါတွေကို လုပ်ခဲ့တာပါ။ ကမ္ဘာကြီးက တရုတ်ပြည်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မသိအောင် တရုတ်က ဖုံးကွယ်ခဲ့တယ်ဆိုတာ ကျနော်တို့ အတည်ပြုနိုင်ပါပြီ " ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ABC သတင်းဌာနသို့ ပြောဆိုသည်။
အမေရိကန်သမ္မတ ထရမ့်က တရုတ်နိုင်ငံကို ရေရှည်အနေဖြင့် ပုံစံမျိုးဖြင့် အရေးယူ အပြစ်ပေးရန် ပြင်ဆင်နေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခင်ကတည်းက ဆက်ဆံရေးဆိုးဝါးလျက်ရှိသော အမေရိကန်နှင့်တရုတ်တို့အကြား လက်ရှိအခြေအနေများက ဆက်ဆံရေး ပိုမိုဆိုးဝါးစေသည့် ဘက်သို့ ဦးတည်နေသည်။
အမေရိကန်အနေဖြင့် တရုတ်ကို အရေးယူရာတွင် ပိတ်ဆို့အရေးယူမှုများ၊ အမေရိကန်၏ကြွေးမြီဆိုင်ရာတာဝန်ဝတ္တရားများကိုပယ်ဖျက်ခြင်းနှင့်ကုန်သွယ်ရေးမူဝါဒအသစ်များချမှတ်ခြင်း စသည့် ပုံစံမျိုးဖြင့် အရေးယူရန် စိတ်ဆန္ဒ ရှိနေကြောင်း အမေရိကန်အုပ်ချုပ်ရေးပိုင်းက ပြောဆိုနေသည်။
တရုတ်အနေဖြင့် ကော်ရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော အားထုတ်ကြိုးပမ်းသော လုပ်ဆောင်ချက်များ မတွေ့မြင်ရဘဲ အမေရိကန် ဆေးပညာရှင်များကိုလည်း တရုတ်ဝူဟန် ဓာတ်ခွဲခန်းများသို့ ဝင်ရောက်စစ်ဆေးခွင့် မပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။
"ကျနော်တို့အနေနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းရမှာပါ၊ ဒီအတွက်လည်း ကျနော်တို့ပုံစံနဲ့ ကျနော်တို့ အချိန်ဇယားအတိုင်း အရေးယူမှု လုပ်မယ်ဆိုတာကို သမ္မတထရမ့်က ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
အမေရိကန်သမ္မတထရမ့်က ကော်ရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည် ဝူဟန် ဓာတ်ခွဲခန်းမှ လာခြင်းဖြစ်ကြောင်း ၊ သက်သေအထောက်အထားများရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း" ဝူဟန်ကနေ ဒီဗိုင်းရပ်စ် လာတယ်ဆိုတာ သက်သေ အထောက်အထားအများကြီးရှိပါတယ်။ ဒါကို ကျနော်တို့ အစကတည်းက ပြောခဲ့ပါတယ်။ ဝူဟန်က လာတယ်ဆိုတဲ့ သိသာထင်သာမြင်သာရှိတဲ့ သက်သေအထောက်အထား ရှိနေပါပြီ" ဟု ပြောဆိုသည်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက် စစ်ဆေးရန်လည်း တရုတ်အစိုးရက ခွင့်မပြုဘဲ ပိတ်ပင်ထားမှုအပေါ်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ထောက်ပြ ပြောဆိုသွားသည်။

ဓာတ်ပုံ- အမေရိကန်သမ္မတထရမ့်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်တချို့။

No comments:

Post a Comment

My Blog List