Wednesday, May 06, 2020

ထိုင်းနိုင်ငံမှ ပြန်လာသူများအား တပ်မတော် ရောဂါရှာဖွေရေးစက်ဖြင့် စစ်ဆေးပေးမည်



Image may contain: one or more people, people standing and screen
ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာပြီး မွန်နဲ့ ကရင်ပြည်နယ်မှာ Quarantine ဝင်နေသူတွေကို တပ်မတော်မှာရှိတဲ့ Covid-19 ရောဂါရှာဖွေရေးစက် နဲ့ စစ်ဆေးပေးဖို့ သတ်မှတ်ထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သမ္မတအိမ်တော် သတင်းထောက်တွေကို ပြောပါတယ်။ 
Covid-19 ရောဂါရှာဖွေဖို့ COBAS 6800 စက်နှစ်လုံးကို တပ်မတော်က သွေးလှူဒါန်းရာမှာ ရောဂါမျိုးစုံစစ်ဆေးနိုင်ဖို့ (၂၀၁၉)ခုနှစ် ကတည်းက ရန်ကုန်အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နဲ့ နေပြည်တော်က အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့မှာ တပ်ဆင် ထားတာပါ။ စက်နှစ်လုံးထဲက ရန်ကုန် အမှတ်(၁) တပ်မတော်ဆေးရုံကြီးမှာ တပ်ဆင်ထားတဲ့ စက်နဲ့ ထိုင်းနိုင်ငံက ပြန်လာပြီး မွန်နဲ့ ကရင်ပြည်နယ်မှာ Community Based Facility Quanrantine ဝင်ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စမ်းသပ်စစ်ဆေးဖို့ သတ်မှတ်ထားတယ်လို့ ဦးဇော်ဌေးက ပြောထားပါတယ်။
နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီးက စက်နဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ နေပြည်တော်ကောင်စီ နယ်မြေနဲ့ ထိစပ်နေတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ Community Based Facility Quanrantine ထားရှိသူတွေကို Covid-19 ပိုး ရှိမရှိ စစ်ဆေးဖို့ သတ်မှတ်ထား တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
COBAS စက်တွေက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် ရောဂါရှာဖွေရေး စက်အမျိုးအစားဖြစ်ပြီး လက်ရှိအမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ Covid-19 ရောဂါပိုးရှာဖွေရာမှာ သုံးစွဲနေသလို အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုမှု ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
COBAS စက်နဲ့ တစ်ရက် လူဦးရေ (၁၄၀၀)လောက်ကို စစ်ဆေးနိုင်ပြီး တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက် ပေးသွားမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

သတင်း- ငြိမ်းချမ်းအောင်
ဓါတ်ပုံ - MOI

No comments:

Post a Comment

My Blog List