Friday, March 25, 2016

ဒေါ်အောင်ဆန်းစုကြည် NLD ဥက္ကဋ္ဌ နေရာတွင်သာ ဆက်လက်ရှိမည် ဖြစ်ပြီး ရခိုင် ၊ ရှမ်း ပြည်နယ်တို့အတွက် ၀န်ကြီးချုပ်ရာထူးအား အန်အယ်လ်ဒီ ပါတီဝင်များကိုသာ ပေးအပ်မည်


ဝန်ကြီးဌာနများကို ၀န်ကြီးအဖြစ် ကိုင်တွယ်ရမည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာ များကို ပြောသည်။ အခြေခံဥပဒေတွင် ပြည်ထောင်စု ၀န်ကြီးဖြစ်ပါက ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
"ပုဒ်မ ၂၃၂ (ည)မှာ ဘာပါသလဲဆိုတော့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးသည် အစိုးရ ဝန်ထမ်း ဖြစ်ခဲ့လို့ရှိရင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး မှတ်ယူရမည်ဆိုပြီး ဒီအတိုင်းပဲ ရေးတယ်။ အဲ့တော့ (ဋ) မှာကျတော့ ပြည်ထောင်စုဝန်ကြီး သည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လို့ရှိရင် ပါတီ၏ လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်း မပြုရပဲ ပြောထားတယ်။ နုတ်ထွက်ခြင်း မပြုရဆိုတာ မပါပါဘူး။ ဆိုလိုက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ခေါင်းဆောင်ပါပဲ။ ပါတီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မပြုတာပဲရှိ မယ်။ ရှေ့တုန်းကလည်း ရှိခဲ့ဖူးပြီ။ ဦးသိန်းစိန်တုန်းကလည်း အဲ့လိုပဲလေ” ဟု မန္တလေးတိုင်း ၀န်ကြီးချုပ်ဖြစ်လာရန် ရေပန်းစားနေသူ ဒေါက်တာဇော်မြင့် မောင်က မတ်လ ၂၄ ရက်နေ့ လွှတ်တော်အစည်းဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၀န်ကြီးဌာန ၄ ခုကို ၀န်ကြီးအဖြစ် ကိုင်တွယ်မည်ဟု သတင်းထွက်နေပြီး အဆိုပါ ၀န်ကြီးဌာနများတွင် ဒုဝန်ကြီးများလည်း ခန့်အပ်သွားမည် မဟုတ်ပေ။ ယင်းအပြင် လွှတ်တော်ဖွံ့ဖြိုးရေးအတွက် အဖွဲ့တစ်ဖွဲ့ကိုလည်း ဦးဆောင်ရမည်ဖြစ်ပြီး ပါတီ ၊ အစိုးရ နှင့် လွှတ်တော် ကဏ္ဍသုံးရပ်စလုံးကို ကိုင်တွယ်နိုင်ရန် ပြင်ဆင်ထားဟန်ရှိနေသည် လေ့လာသူအချို့က ဆိုသည်။

ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို အန်အယ်လ်ဒီ ပါတီဝင်များကိုသာ ခန့်အပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား ပါတီများ အနိုင်ရထားသည့် ရခိုင်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း အန်အယ်လ်ဒီ ပါတီဝင်များသာ ၀န်ကြီးချုပ်ဖြစ်လာမည် ဟု ဒေါက်တာဇော်မြင့်မောင် က သတင်းမီဒီယာများကို အတည်ပြုပြောဆိုသည်။

The Ladies News


No comments:

Post a Comment

My Blog List