Friday, March 25, 2016

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်မည့် ငြိမ်းချမ်းရေးဖောင်ဒေးရှင်းတွင် လက်ရှိဝန်ကြီးအချို့ ပါဝင်မည်ဟုဆို


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း ဦးဆောင်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတွင် လက်ရှိ သက်တမ်း ကုန်ဆုံးမည့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ ဝန်ကြီးအချို့ ပါဝင်လာမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)မှ ဦးညိုအုန်းမြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဖွဲ့စည်းခဲ့သော မြန်မာငြိမ်း ချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန MPC သည် သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် MPC ဖွဲ့စည်းပုံများကို အစိုးရမဟုတ်သော အဖွဲ့အစည်း NGO အဖြစ် ပြောင်းလဲဖွဲ့စည်းမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ၎င်းကယင်သို့ ပြောဆိုခြင်းဖြစ်သည်။

“ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့လက်တွဲခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဟောင်းတွေက ငြိမ်းချမ်းရေးမှာ အတူလုပ်ခဲ့ကြသူတွေဖြစ်တယ်။ သူတို့ရဲ့ တပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ အစိုးရပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ထပ်ပြီးတော့ တိုင်းရင်း သားတွေအတွက် လုပ်နိုင်တဲ့ဘက်က ဆောင်ရွက်ကြမှာပါ။ တပ်မတော် အရာရှိဟောင်းတွေလည်း ပါမှာပါ”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ရေး အတွက် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
ယင်းကော်မတီကို ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံဥာဏ်များနှင့် သုတေသနပြုလုပ်မှုများတွင် အထောက်အကူပြုရေးအတွက် မြန်မာငြိမ်းချမ်း ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါ MPC ၏ အထောက်အကူပြုမှုဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ဦးဆောင်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေး ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) သည် မတ်လ ၂၉ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် လွတ်လပ်သော အဖွဲ့အစည်းများအဖြစ် ဆက်လက်ရပ် တည်ရေးအတွက် မြန်မာငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဆွေးနွေးညှိနှိုင်း ရေးစင်တာ(MPDC)နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (PDF) အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းခွင့်ပြု ကြောင်း နိုင်ငံတော်သမ္မတ ရုံးက ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List