Monday, March 21, 2016

ထင်ကျော်၍ စင်ပေါ်ရောက်လာသည့် အရပ်သားစစ်စစ် နိုင်ငံတော်သမ္မတ


သမ္မတသစ် အဖြစ် ရွေးချယ်အတည်ပြု ခံရပြီး ဖြစ်သည့် ဦးထင်ကျော်အား ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပြသမ္မတအဖြစ်သာ အများက နားလည်လက် ခံ ထားသော်လည်း ယူကေနှင့် အမေရိကန်တွင် ပညာသင်ကြားခဲ့ပြီး အစိုးရအရာရှိဟောင်းတစ်ဦးဖြစ်သည့် ဦးထင်ကျော်သည် သမ္မတအဖြစ် အရေးပါ သည့် လုပ်ဆောင်မှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု လေ့လာသူများက ဆိုသည်။
ဦးထင်ကျော်သည် ယင်း၏ ခေါင်းဆောင်မှုအရည်အသွေးနှင့် ပတ်သက်၍ ချီးကျူးခံရပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုရှိသည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သူဟု ၄င်းနှင့် အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ဖူးသူများနှင့် နီးစပ်သူများက ဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေးဖြစ်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက “NLD က အဆိုပြုခဲ့တဲ့ ဦးထင်ကျော်ဟာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ လေးစားစရာ ပုဂ္ဂိုလ်ဖြစ်ပြီး အပြစ်အနာအဆာမရှိတဲ့ ဂုဏ်သိက္ခာနဲ့ ကောင်းမွန်တဲ့လူတစ်ဦးပါ။
သူဟာမြန်မာ့လစ်ဘရယ်အစဉ်အလာရဲ့ နှလုံးသားနေရာမှာ ရာစုနှစ်တစ်ခု နီးပါး ရှိနေခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ သူဟာ သမ္မတနေရာ အတွက် အသင့်တော်ဆုံးသူလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဒေါ်အောင် ဆန်းစုကြည်အပေါ် ကာလရှည်ကြာ သစ္စာရှိခဲ့သူဖြစ်ပြီး ကိုယ်ပိုင်အရည် အချင်းနဲ့ ရပ်တည်နိုင်သူလည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။
NLD လွှတ်တော်အမတ်များကလည်း ဦးထင်ကျော်အပေါ် ထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုမှာ မမှားနိုင်ဟု ပြောကြားခဲ့သည်။ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအတွက် NLD ပါတီဝင်များ၊ ကိုယ်စားလှယ်များကလည်း ပျော်ရွှင်လျှက်ရှိသည်။
ဦးထင်ကျော်သည် အလွန်အေးဆေး တည်ငြိမ်ပြီး စာပေမြတ်နိုးသူတစ်ဦး ဖြစ်သည်ဟု ယင်းနှင့် နှစ် ၂၀ ကျော် ရင်းနှီးခဲ့သူ ဦးဇော်မင်းကျော်က ပြောကြားသည်။ ဦးဇော်မင်းကျော်က “သူ(ဦးထင်ကျော်)က စကားကို ဖြည်းဖြည်းနဲ့ ညင်ညင်သာယာပဲ ပြောလေ့ရှိပါတယ်။ သူဟာ အလွန်ရိုးသား ပြီး အေးအေးဆေးဆေး နေတတ်သူ၊ စိတ်အားထက်သန်ပြီး ရိုးရိုးရှင်းရှင်း နေတတ်သူ ဖြစ်ပါတယ်၊ ဒီလိုလူတစ်ယောက်က တိုင်းပြည်ကို ဦးဆောင် မယ်ဆိုရင် ပြည်သူတွေအတွက် ကောင်းကျိုး ဖြစ်စေမှာပါ” ဟု ဦးဇော်မင်း ကျော်က အေပီသတင်းဌာနသို့ ပြောကြားသည်။
ဦးဇော်မင်းကျော်က “သူ အစိုးရအလုပ်က အနားယူပြီးတဲ့အချိန်မှာ စာဖတ်တာ၊ ဆောင်းပါးရေးတာနဲ့ပဲ အချိန်အများစုကို ကုန်လွန်စေခဲ့ပြီး အေးအေးဆေးဆေး နေထိုင်ခဲ့ပါတယ်” ဟု ဆိုသည်။ ဦးထင်ကျော်က “ဒလဘန်း” ကလောင်အမည်ဖြင့် ဖခင်ဖြစ်သူ မင်းသုဝဏ် အကြောင်း ရေးသားခဲ့သည့် “အဘဘ၀၊ အဘအကြောင်း တစေ့တစောင်း” စာအုပ်ကို ၂၀၀၉ တွင် ထုတ်ဝေခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘ၀က ၀ါတာပိုလို ကစားခဲ့သည့် ဦးထင်ကျော်သည် စာတော်ပြီး အားကစားလိုက်စားသူဖြစ်သည်။ ဦးထင်ကျော်သည် ၁၉၆၇ တွင် စီးပွားရေးဘွဲ့၊ ၁၉၆၈ တွင် စီးပွားရေး မဟာဘွဲ့တို့ ရရှိခဲ့ပြီး တက္ကသိုလ် တွင် နည်းပြအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၀ တွင် ကွန်ပျူတာဌာနသို့ ပြောင်းရွှေ့ခဲ့ပြီး လန်ဒန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံပညာရပ်ကို သွားရောက် သင်ယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ပရိုဂရမ်မာနှင့် ကွန်ပျူတာစနစ် သရုပ်ခွဲသူအဖြစ် ၁၉၇၅ အထိ လုပ်ကိုင်ခဲ့ သည်။
ဦးထင်ကျော်သည် နောက် ၅ နှစ်အကြာတွင် အစိုးရ၊ နိုင်ငံခြား၊ စီးပွားရေး ဆက်ဆံရေးဌာနသို့ ၀င်ရောက်ခဲ့ပြီး လက်ထောက်ညွှန်မှူးအဖြစ် လုပ်ကိုင်ခဲ့ သည်ဟုဆိုသည်။ ဦးထင်ကျော်သည် ၁၉၉၂ တွင် အလုပ်မှ နုတ်ထွက်ခဲ့ပြီး ယင်း၏ မိသားစုနှင့် NLD ဆက်နွယ်မှုများကြောင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။
KHTun
The Ladies News


No comments:

Post a Comment

My Blog List