Friday, March 25, 2016

အစိုးရသစ်အတွက် ပြည်ထောင်စုဝန်ကြီးများရွေးချယ်မှုနှင့်ပတ်သက်၍ ပညာရှင်များအပါအဝင် ပြည်သူအချို့၏ စကားသံများ


မတ် ၂၄ ရက်တွင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အ စည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ်ရွေး ချယ်တင်မြှောက်ခြင်းခံထား ရသူ ဦးထင်ကျော်၏ လွှတ်တော်သို့ တင်ပြထားသည့် အစိုးရအဖွဲ့ ဝင်ဝန်ကြီး များ၏ အမည်များနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုကြမည်ဖြစ်သည်။ 
ဖွဲ့ စည်းပုံအခြေခံ ဥပဒေအရပြည်ထောင်စုလွှတ် တော်အနေဖြင့်တင်ပြလာ သည့် ဝန်ကြီးအမည် စာရင်းပါ ပုဂ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီး အရည် အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ခန့်အပ်တာဝန် ပေး အပ်ရန်ငြင်းဆိုခွင့်မရှိချေ။ သို့ဖြစ်ရာ လက်ရှိ အချိန်တွင် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးနှင့်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီး များ ထွက်ပေါ် လာပြီဖြစ်သဖြင့် အစိုးရအဖွဲ့၏ ပုံစံမှာရုပ်လုံးပေါ်ခဲ့ပြီဖြစ်ရာ အစိုးရအဖွဲ့အ ပေါ် ပြည်သူအချို့၏အမြင်နှင့် မျှော်လင့်ချက် ကို ဒီမိုကရေစီ တူဒေး သတင်းစာက စုစည်း ဖော်ပြလိုက်ပါသည်။

ဦးခင်မောင်လေး(ဖိုးသောကြာ၊ ခေတ်+မိုး)
(သတင်းစာဆရာ)

အစိုးရအဖွဲ့ဝင်အမည်စာရင်းပါပုဂ္ဂိုလ် တွေကနံပါတ်(၁) ပညာတတ်တွေဖြစ် တဲ့အတွက် အရင်းအမြစ်ခိုင်မာပြီးသားဖြစ်တယ်။ အခြေခံ တွေခိုင်မာပြီးသား ဖြစ်တယ်။ နံပါတ်(၂)က တော့ သူတို့မှာအတွေ့အကြုံမရှိဘူး။ အစိုးရ အဖွဲ့ အတွေ့အကြုံမရှိဘူး။ အဲဒီအတွက်တော့ အခက်အခဲအကျပ်အတည်းတွေရှိ ကောင်းရှိနိုင် တယ်။ ရှိကောင်းရှိမယ်တင်မဟုတ်ဘဲ ရှိကိုရှိ လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအခက်အခဲတွေကို အစိုးရအဖွဲ့မှာပါတဲ့ ဒေါ်အောင်ဆန်း စုကြည် ကဖြေရှင်းသွားရလိမ့်မယ်။ နံပါတ်(၃)အနေနဲ့ တပ်မတော်ဘက်က လာတဲ့ ကာကွယ်ရေး၊ ပြည် ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကအတွေ့ အကြုံရှိပြီးသား၊ ဒီဘက်ကလူတွေက ပညာရှိ ပြီးသားဆိုတော့ တိုင်းပြည် အပေါ်မှာတကယ့် နှစ်နှစ်ကာကာနဲ့ စေတနာထားပြီးတော့မှ ပူးပေါင်းဆောင် ရွက်ကြမယ်ဆိုရင်တော့ အခက် အခဲတော်တော်များများကို ကျော်လွှားနိုင် မယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။

ဝန်ကြီးဌာနတွေလျှော့ချတာကိုတော့ သဘောကျတယ်။ နိုင်ငံရေးအနေ အထားအရ ဖောင်းပွလာတာကိုး။ အချို့က ဝန်ကြီးဌာနနည်း သွားတဲ့အတွက် လုပ်ကိုင်မှုအနေအထားအပေါ် မှာစိုး ရိမ်ကြတာရှိတယ်။ ကျွန်တော့်အနေနဲ့ ကတော့မစိုးရိမ်ဘူး။ ဝန်ကြီးဌာနနည်းတာ ကပိုပြီးတော့ စည်းလုံးမှုရှိမယ်။ ဆရာများ သားသေမဖြစ်ဘူးပေါ့။ပြန်ကြားရေးဝန်ကြီးဖြစ်မယ့် ဦးဖေမြင့် နဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်ကသတင်း မီဒီယာကောင်စီမှာဥက္ကဋ္ဌ၊ သူကဒုဥက္ကဋ္ဌဖြစ် တယ်။ သူနဲ့ကျွန်တော်နဲ့က နှစ်ပေါင်းများစွာ တွဲလာတာ။ သူကအရည်အချင်းရှိတယ်။မီဒီယာ နဲ့ဆက်ဆံတဲ့နေရာမှာ သူ့မှာအတွေ့ အကြုံ တွေအများကြီးရှိတယ်။ သတင်းမီဒီယာကောင် စီမှာလည်း သူက Conflict ကော်မတီဥက္ကဋ္ဌ လည်းဖြစ်တော့ ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေရှိတယ်။ အစိုးရနဲ့မီဒီယာ ကြားမှာ ကောင်းမွန်တဲ့တံတားတစ်ခုဖြစ်မယ် လို့မျှော်လင့်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနပြန်ပါလာမှုအပေါ်ဝေဖန်မှုရှိကြတယ်။ ကျွန်တော်က တော့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာထက် အစိုးရ သတင်းစာတွေမရှိသင့် ဘူးလို့မြင်တယ်။ ဒါ ကိုလည်း ကျွန်တော်က တောက်လျှောက်ပြော လာတာ။ အစိုးရသတင်းစာဆိုတာတော့ မရှိ သင့်တော့ဘူး။ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာထက် ဂျပန်ခေတ်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကာကွယ်ရေး ဝန်ကြီးအဖြစ်ပါဝင်တဲ့ ဒေါက် တာဘမော်အစိုးရလက်ထက်ကပုံစံတစ်မျိုးနဲ့ ရှိခဲ့တဲ့ အဲဒီတုန်းက ဝါဒဖြန့်ချိရေးဝန်ကြီးဌာန ဆိုတာရှိတယ်။ဝန်ကြီးကဒီးဒုတ် ဦးဘချို။ လက် ရှိပြန်ကြားရေးဝန်ကြီးဌာနဆိုတဲ့အစား ဝါဒ ဖြန့်ချိရေးဝန်ကြီး ဌာနဆိုပြီး လုပ်လိုက်ရင် ပြီး ပြီ။ ထိုဌာနသည်တက်လာသည့် အစိုးရအတွက် သီးသန့်ဝါဒဖြန့်ချိပေးတာ။ ဒီလိုဆိုရင်အစိုးရနဲ့ မီဒီယာဘက်ပြဿနာကပြီး သွားမယ်။ နောက်ဆိုရင်တော့ ဝန်ကြီးဌာနဆိုတဲ့ Level တော့ မရှိသင့် တော့ဘူး။ ဌာနတစ်ခုအနေနဲ့ပဲ သွားသင့်တယ်လို့မြင်ပါတယ်။

ဦးကျော်မင်းဆွေ
(သတင်းစာဆရာ)

ဝန်ကြီးဌာနတွေလျှော့ချလိုက်တာက ကောင်းပါတယ်။ နောက်တစ်ချက်က တော့လူမှန် နေရာမှန်ဖြစ်စေချင်တယ်။ ဆီလျော်အပ်စပ် တဲ့ဝန်ကြီးဌာန တွေပူးပေါင်းတာမျိုးဖြစ်စေချင် တယ်။ ဒီလိုပေါင်းစပ်တဲ့နေရာမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာရှိတဲ့ Permanent Secretary တွေနဲ့သေချာဆုံတွေ့မေး မြန်းပြီးတော့ အစိုးရဝန်ကြီးဌာနတစ်ခုလုံးရဲ့လုပ် ငန်းစဉ်ကိုလေ့လာပြီးတော့ပြောရင် ပိုကောင်းမယ်လို့ထင်တယ်။ပြည်ထောင် စု ဝန်ကြီးတွေနဲ့ပတ်သက်ပြီး တော့ပြောရရင် ဘာမှလုပ်တာကိုင်တာမရှိ သေးတဲ့အချိန်ဆိုတော့ ဝေဖန်သုံးသပ်ချက် ပေးဖို့ခက်ပါတယ်။ ဝန်ကြီး ခန့်အပ်မှုနဲ့ပြောရရင် လူမှန်နေရာမှန်ဖြစ်ဖို့အရေးကြီးပါတယ်။

ဥပမာ -လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဆိုရင် လယ်ယာစိုက် ပျိုးရေး၊ ဆည်မြောင်းပိုင်းကို တကယ်ကျွမ်းကျင်တဲ့ စိုက်ပျိုးရေးနယ်ပယ်ထဲ ကပညာရှင်တွေရှိပါတယ်။ ဒါမျိုးလေးတွေတော့ ဖြစ်စေချင်တယ်။ ဒီလိုပြောရတာလည်းအရင် အစိုးရတွေတုန်းက သူ တို့ခန့်ချင်တဲ့သူကို ခန့်တာကိုး။ ပြည်သူအများစုမဲပေးမှုမှာအနိုင် ရထားတဲ့ ဒီမိုကရေစီအစိုးရ ခေတ်ဖြစ်တဲ့အ တွက်ပိုကောင်းလာဖို့ အကြံပေးခွင့်ရှိတယ် လို့ယူဆပါ တယ်။နောက်တစ်ခုကပြန်ကြားရေးဝန်ကြီးဌာန နဲ့ပတ်သက်လို့ပါ။ ကျွန်တော်တစ်ဦးတည်းအ မြင်အရဆိုရင် နဂိုကလည်း ကျွန်တော်တစ် လျှောက်လုံးပြောခဲ့ပါတယ်။

ဘယ်အစိုးရတက် တက်ပြန်ကြားရေးဝန်ကြီးဌာနဆိုတာလိုကို မလိုဘူးဆိုပြီး။ ဒီမိုကရေစီစနစ်ကိုသွားတယ်။ ဒီမိုကရေစီ၊ ဗျူရိုကရေစီယန္တရားမှာ ဝါဒဖြန့်ချိ ရေးယန္တရား သက်သက်တည်ဆောက် ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆို တာလိုကို မလိုဘူး လေ။ဒီလိုပြောတာ ဒီဌာနကို ဖျက်ပစ်ရမယ် လို့ဆိုလိုတာ တော့မဟုတ်ဘဲနဲ့ ဆီလျော်အပ် စပ်တဲ့ဝန်ကြီးဌာနနဲ့ပေါင်းပြီးတော့ ချုံ့သင့် တယ်။ လုပ်ငန်းသဘောသဘာဝချင်းအရ ဆက် စပ်နေတဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးပေါင်း လို့ရတယ်။ သူတို့စိုးရိမ်သောကတစ်ခုရှိပုံရ ပါတယ်။ ဒါကတော့ အရင် လူတွေတောက် လျှောက်ပြောနေတဲ့ ဟာပေါ့။ အကယ်၍ ပြန်ကြား ရေးဝန်ကြီးဌာနဖျက်လိုက်လို့ရှိရင် ထုတ်ပြန် ချက်တွေ၊ ကြေညာချက်တွေထည့်ပေးတဲ့သူ မရှိ တော့ဘူး။ နောက်အခြားမီဒီ ယာတွေရဲ့ တစ် ဖက်စောင်းနင်းဖော်ပြမှုတွေကိုလည်း ကာကွယ် လို့ရတယ် ဒါမျိုးတွေပြောတာရှိပါတယ်။ဒါမျိုးကြောင့်ဆိုရင်တော့ သဘောမတူ ပါဘူး။

အစိုးရ ထုတ်ပြန်ချက်၊ ကြေညာချက် တွေကို ပုဂ္ဂလိကသတင်းမီဒီယာတွေ ကလည်း ဖော်ပြမှာပါလေ။ မြန်မာနိုင်ငံပြန်တမ်းလို အစိုးရ ရဲ့ ဝက်ဘ်ဆိုက် တွေကနေတစ်ဆင့်ထုတ်ပြန် လို့ရတယ်။ အပြည့်အစုံသတင်းစာမျက်နှာ မှာ ဖော်ပြလိုရင် ပုဂ္ဂလိကသတင်းမီဒီယာတွေကနေ တစ်ဆင့်အခကြေးငွေပေး ပြီးထည့်လို့ရတယ်။ အခကြေးငွေဆိုတဲ့နေရာမှာလည်း အခြားဟာတွေလို မဟုတ်ဘဲ ဟိုဘက်ဒီ ဘက်ညှိနှိုင်းပြီး တော့ အထူးနှုန်းနဲ့ထည့်မယ်ဆိုရင်၊ အဲဒီလိုလုပ် မယ်ဆိုရင် အစိုးရပိုင်မီဒီယာတွေထူထောင် တဲ့ စရိတ်လောက် တောင်မရှိ ဘူး။နောက်တစ်ခါကြော်ငြာတွေလက်ခံပြီးတော့ အမြတ်ယူနေ တယ်။ ဒါကတော်တော့်ကို ကြည့်မကောင်းတဲ့အရုပ်ဆိုးတဲ့ကိစ္စပဲ။ ဒီလိုမဖြစ် အောင်ဆိုရင်ကြော်ငြာကိုအကန့်အသတ်နဲ့ လက်ခံလိုက်ပါ။ နောက်တစ်ခါ ပြည်သူတွေ ကိုရောင်းနေ တဲ့ဈေးနှုန်းကို လျှော့ချလိုက်ပါ။

လက်ရှိ သတင်းစာကိုဆက်ထုတ်ဦးမယ်ဆိုရင် အများပိုင်လုပ်လိုက်ပါ။ အခုအစိုးရပိုင်ထုတ် နေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းကပိုင်ရှင်တွေရှိ တယ်။ အမွေ ဆက်ခံခွင့်ရှိတဲ့သူတွေကအခုအ ချိန်ထိရှိသေးတယ်။ သူတို့ကိုပြန်ပေး။ သူတို့ မလုပ်နိုင်ဘူးဆိုရင် အများပိုင်လုပ်၊ အဲဒါလည်း မလုပ်ချင်ဘူးဆိုရင် ကြော်ငြာကိုကန့်သတ် လိုက်ပါပြောချင် ပါတယ်။ ဒီမိုကရေစီအစိုးရလက် ထက်မှာတော့ ပြည်သူလူထုရဲ့ အမြင် သဘောထားကို လက်ခံလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ပြန်ပြောရရင်ပြန်ကြားရေးဝန်ကြီးဌာန ကိုချန်ထားခဲ့တာ လုံးဝ သဘောမတူဘူး။ သို့ သော်ဝန်ကြီးအနေနဲ့သတင်းမီဒီယာသမား တစ်ဦးဖြစ်တဲ့၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ဆရာ ဦးဖေမြင့်ဖြစ်လာတဲ့အတွက် တော့ အဆိုးထဲ က အကောင်းလို့ ယူဆရ မှာပေါ့။ စောင့်ကြည့် ဖို့လိုပါသေး တယ်။

ဒေါက်တာအေးမောင်
(ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ)

အခုခန့်အပ်ဖို့တင်သွင်းတဲ့အမည်စာရင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ကျန်တဲ့ သူတွေနဲ့ သိပ်ပြီးတော့မရင်းနှီးဘူး။ စိမ်းတယ် ပေါ့။ဒေါက်တာဖေမြင့် နဲ့ကတော့ ရင်းနှီးပါ တယ်။ ဦးသိန်းဆွေနဲ့လည်းမြင်ဖူးပြောဖူးရုံပဲ ရှိတယ်။ သိပ်ပြီးတော့ရင်းရင်းနှီးနှီးမရှိဘူး။ အ ခင်းအကျင်းကတော့ကောင်းပါတယ်။ ဦးသိန်း စိန်လက်ထက်မှာကတော့ လူများများနဲ့တာဝန် ခွဲပြီးယူ တာပေါ့။ ဦးသိန်းစိန်ရဲ့ ဦးတည်ချက်က ခေတ်တစ်ခုကနေ ခေတ်တစ်ခုကိုသွားတဲ့အခါ မှာ အတိမ်းအစောင်းလုံးဝ ခံနိုင်တဲ့အနေအထားနဲ့သွားတဲ့ပုံစံ။ အဲဒါကြောင့် အရေးကြီးတဲ့ တာဝန်တွေ အားလုံးကိုလူခွဲပြီးမှတာဝန်ကိုကြိုး စားဆောင်ရွက်တဲ့ပုံစံလေးတွေတွေ့ပါတယ်။တိုင်း ပြည်ဖွံ့ဖြိုးမှု၊မဖွံ့ဖြိုးမှုကတော့တစ်ပိုင်း ပေါ့။

အစိုးရအဖွဲ့ထဲမှာ ဒေါ်အောင်ဆန်းစု ကြည်ပါဝင်လာတာ လည်း ရုတ်တရက်ကြီးဗျူ ဟာပြောင်းလိုက်လို့ဖြစ်မယ်လို့သုံးသပ်မိတယ်။ အစိုးရအဖွဲ့ထဲမှာပါလာတဲ့အပြင် ဝန်ကြီးဌာန လေးခုကိုပူးတွဲကိုင်တွယ်မယ်ဆိုပြီး ဖြစ်လာတာ ကနေပြည်တော်နှင်းဆီစံအိမ်မှာ နောက်ဆုံးအ စည်းအဝေးမတိုင်ခင်အထိ ဒီအခင်းအကျင်း မဟုတ်လောက်ဘူး။ ဒုတိယသမ္မတအဖြစ်ဦး မြင့်ဆွေဖြစ်လာပြီးတဲ့နောက်မှာ ဒီအခင်းအကျင်း ဖြစ်လာတယ်လို့ ကျွန်တော့်အနေနဲ့သုံးသပ် တယ်။ အရင်တုန်းကသိရတာ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် က ပြင်ပကနေဦး ဆောင် မယ်။ နိုင်ငံခြားရေး ဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီးအဖြစ်အခြားသူတွေကိုခန့်ထားဖို့ အသံတောင်ထွက်ပြီးပြီ။ အသံထွက်နေတဲ့သူ တွေကို ခဏဘေးဖယ်ထားပြီးဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ဝင်လိုက်တာက အကြောင်း အရင်းကြီးကြီးမားမား တစ်ခုရှိလို့ပါ။

လေးဌာနနဲ့ဘယ်လိုအချိန်ခွဲပြီးတော့သူဆက်သွား မလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်း လာတယ်။အခုကဝန်ကြီးဌာနတွေမှာ အတွင်းဝန်တွေကို သုံးမှာဆိုတော့ ဗျူရိုကရေစီယန္တရား အရဌာနတွေမှာအတွင်းဝန်တွေကတပ်မတော် အငြိမ်းစားတွေများတယ်လေ။ ဝန်ကြီးဌာနတွေ ကိုကိုင်တွယ်မယ့်ဝန်ကြီးတွေနဲ့အတွင်းဝန်တွေ ကြားမှာ ဘယ်လိုပူးပေါင်းပြီးမှလာမယ့်ငါးနှစ် တာအတွင်းမှာ ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ပညာသားပါပါချဉ်းကပ်မှုကအရေးကြီးလာပြီ လို့ထင်တယ်။ ချဉ်းကပ်အောင်မြင်အောင်ဆောင် ရွက်နိုင်ရင်တော့ တော်တော်လေးအဆင်ပြေ သွားမယ်။

ဦးခင်စိုး
(ဧရာဝတီမြေပဲဆီ၊ ရန်ကုန်တိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

လက်ရှိအမည်ထွက်ပေါ်လာတဲ့ ပြည် ထောင်စုဝန်ကြီးတွေကို သေချာတော့မသိ ဘူး။ ဒေါက်တာအောင်သူဆိုရင်လည်း ကိုယ့် မြို့နယ်ကအမတ်တစ်ယောက်၊ ပါမောက္ခချုပ် တစ်ယောက်အနေ နဲ့ပဲသိထားတယ်။ အစိုးရ သစ်ရဲ့ဆောင်ရွက်ချက်တွေကို မသိသေးဘဲ နဲ့တော့ ဝေဖန်ဖို့ဆိုတာ စောလွန်းသေးတယ် လို့ထင်တယ်။ ဒါပေမဲ့ အစိုးရသစ်အနေနဲ့ လက် ရှိတိုင်းပြည်ရဲ့စီးပွားရေး ဘာကြောင့်မအောင် မြင်သလဲဆိုတာကိုတော့ သိစေချင်တယ်။ ဈေး ကွက်ကြောင့်လား၊ ထုတ်လုပ်မှုစရိတ်ကြောင့် လား၊ ကုန်ကြမ်းကြောင့်လားဆိုတာ ခြုံငုံသုံး သပ်စေချင်တယ်။ အဲဒီလို သိအောင်လည်း တကယ့်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ဦးစီးပြီး တော့ ဒုက္ခခံ၊ အရှုံးခံပြီးတော့ အလုပ်ကို ရှေ့ ဆက်ဆောင်ရွက်နေတဲ့သူတွေကို မေးမြန်းစေ ချင်တယ်။ အဲဒါမှလည်း လုပ်ငန်းတွေ အမှန်တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိရှိပြီး ကူညီပေးနိုင်မှာဖြစ်သလို တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်တဲ့ နေရာမှာ အထောက် အကူပြုစေမှာဖြစ်တယ်။ ဒီအပိုင်းလေးကိုတော့ အစိုးရသစ်ကို အကြံ ပေးချင်တယ်။

ဦးကျော်ဝင်း
(ဦးထုံရွှေပန်းထိမ်လုပ်ငန်း၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး)

အန်ကယ်မြင်တာကတော့ ပိုကောင်းလာ ဖို့ပဲရှိတယ်လို့မြင်တယ်။ အန်တီစုကလည်း ဝန်ကြီးတွေကို စေ့စေ့စပ်စပ်နဲ့ သင့်တော်တဲ့ သူတွေကို အချိန်ယူပြီးရွေးထားတာ။ ပြည် သူတွေထဲ က ဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေကို အဖွဲ့လိုက်ရွေးတာလို့ထင်တယ်။ ပြည်သူထဲ ကနေလာတဲ့သူတွေဖြစ်တဲ့ အတွက် လက်ရှိ ပြည်သူတွေအနေနဲ့ ဘာတွေလိုအပ်သလဲသိနိုင် မယ်။ ပြည် သူ့ဆန္ဒလိုအပ်ချက်ကိုဖြည့်ဆည်း ပေးနိုင်မယ်။ နောက်ပြီးတော့ အန်ကယ် တို့ ရွှေအသင်းကနေပြီး ဈေးကွက်ထဲမှာ ရောင်း မှားဝယ်မှားနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေ ပါဝင်တဲ့ဆွေးနွေးပွဲလုပ်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ပြဿနာ တွေကို အန်ကယ်တို့ပြောလိုက်မှ သူတို့သိသွားတယ်။ လက်ရှိသမ္မတကြီး ဦးသိန်း စိန်လက်ထက်မှာ အန်ကယ် တို့ရွှေအသင်းကနေပြီးတော့ နိုင်ငံ တကာ စံချိန်စံညွှန်းနဲ့သွား နိုင်မယ့် မားကက်တစ်ခုပေါ်ပေါက်လာဖို့ ၂ဝ၁၃ လောက်ကတည်းကလုပ်နေတာ အခု ၂ဝ၁၆ အထိမဖြစ်လာသေးဘူး။ အစိုးရသစ် အနေနဲ့ ပြည်သူအကျိုးနဲ့ လုပ်ငန်းရှင်တွေအတွက် စဉ်းစားမယ် ဆိုရင် ဒီလုပ်ငန်းတွေက အားပေးရမယ့် မဖြစ်မနေဖော်ဆောင်ပေးရမယ့် လုပ်ငန်းတစ်ခု ဖြစ်တယ်။ အဲဒီလိုမျိုးတွေသာ ကူညီပေးမယ် ဆိုရင် နှစ်ဦး နှစ်ဖက်အကျိုးရှိနိုင်မှာပါ။ အစိုးရ သစ်အနေနဲ့ ကူညီလည်းကူညီမယ်လို့ထင် တယ်။ အန်ကယ်တို့ရွှေလုပ်ငန်းရှင်တွေအတွက် ကတော့ အရင်ကထက် ပိုပြီးတော့ ကောင်းလာ မယ်လို့ အန်ကယ်ကတော့ မျှော်လင့်ထားတယ်။

ဦးမျိုးညွန့်
(မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း(အတွင်းရေးမှူး)

ဝန်ကြီးတစ်ဦးအနေနဲ့ စီမံခန့်ခွဲမှု ကအဓိကဖြစ်တယ်။ စီမံခန့်ခွဲမှုကောင်းရင် တော့ အဲဒီဝန်ကြီးဌာနကကောင်းလာမှာပါ။ရေလုပ်ငန်းကဏ္ဍအပေါ်မှာလည်း အရင်ထက် ပိုကောင်းလာ မယ်လို့မျှော်လင့်ပါတယ်။ အမှန် တကယ်မျှော်မှန်း တဲ့အတိုင်းဖြစ်လာမယ်၊ ဖြစ် မလာဘူးဆိုတာကတော့ ပြောထားတဲ့အတိုင်း ရက် ၁ဝဝ စောင့်ကြည့်ရမှာပါ။ ရက် ၁ဝဝ အတွင်းသူတို့လုပ်မယ့်လုပ်ငန်းစဉ် တွေ ပေါ်လစီ တွေကိုစောင့်ကြည့်ပြီးမှ သုံးသပ်လို့ရမှာပါ။အခုက အစိုးရ အဖွဲ့အပေါ်သုံးသပ်ဖို့က စော လွန်းပါသေးတယ်။

ဒေါ်ဖြူပြာဝင်း
(အထက်တန်းပြ၊ ကျိုင်းတုံ)

စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အားလုံးကတော့ အများကြီးမျှော်လင့်ထားကြ တယ်။ကျွန်မလည်းအတူတူပါပဲ။ ယုံကြည်တယ်။ ဖြစ် စေချင်တာတွေက တော့ ပညာရေးမူတွေ၊ စနစ် တွေ၊ လာဘ်ပေး လာဘ်ယူမှုကိစ္စတွေ၊ လစာတွေ၊ နှစ်ကုန်ရင်တန်းတင်ပေးတဲ့စနစ်တွေ၊ လုပ် သက်များမှ ရာထူးတိုးပေးတဲ့မူတွေ၊ ပညာရေး မှာ အရည်အချင်းမပြည့်သေးတဲ့ ဆရာ၊ ဆရာမ တွေကို အရည်အချင်းပြည့်စေချင်တယ်။ စာ ဖတ်စေချင်တယ်။ ဒီစနစ်တွေမူတွေမှာ အ ဟောင်းကိုပြင်တာရော၊ အသစ်တွေရော ပြုပြင် စေချင်တယ်။ အခုမူတွေက တိုင်းက တစ်မျိုး ပြည်နယ်ကတစ်မျိုးဖြစ်နေ တာပါ။ ကျောင်း သားတွေအတွက် စဉ်းစားÓဏ်ပါတဲ့ မေးခွန်း တွေကိုဖြစ် စေချင်တယ်။ ဖြေစေချင်တယ်။ ကိုယ် လည်း အဲဒီလိုမေးခွန်းမျိုးတွေကို ထုတ်စေ ချင် တယ်။ စစ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပညာရေး ဌာနကိုကိုင်တွယ်မှာနဲ့ပတ်သက်ပြီး အပြည့်အဝစိတ်လှုပ်ရှားမိပါတယ်။ ပညာရပ် တန်ဖိုးကိုသိတဲ့သူတစ်ဦးက ပညာရေးဌာန ရဲ့ ပဲ့ ကိုင်သူတစ်ဦး ဖြစ်လာမှာကြောင့်ပါ။ ပညာရေးမှာ အမှန်တကယ်စိတ်ဝင်စားပြီး ကလေး တွေအပေါ်ကို မျှော်လင့်ချက်နဲ့သင် ပေးတာမျိုးမဟုတ်တဲ့ ဆရာ၊ ဆရာမ တွေပေါ် ထွက်စေချင်ပါတယ်။ သင်ထောက်ကူတွေကို ပံ့ပိုးပေးစေချင်တယ်။ ပန်းချီ၊ စိုက်ပျိုးရေး၊ အိမ် တွင်းမှု ဆရာ၊ ဆရာမတွေ သီးသန့်ထုတ်ပေး စေချင်တယ်။ အဝေးရောက်တာဝန် ထမ်း ဆောင်ရ တဲ့ ဆရာ၊ ဆရာမတွေ အတွက် နေ ရေးထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာတွေ ပေးအပ်စေချင်ပါ တယ်။

ဦးသန်းထိုက်အောင်
(ကထိက၊ သမိုင်းဌာန၊ ပုသိမ်တက္ကသိုလ်)

ဒေါ်အောင်ဆန်းစုကြည် ပညာရေးဌာန ကိုကိုင်တွယ်မှာနဲ့ပတ်သက်ပြီး ပညာရေးဝန် ထမ်းတွေတော်တော်များများ ဝမ်းသာနေကြ တယ်။ သူ့ကိုလုပ်စေချင်တာကတော့ ပညာ ရေးဌာနမှာ အဂတိလိုက်စားမှုတွေပျောက် အောင်လုပ်စေချင်တယ်။ ပြီးတော့ ပညာရေး ဥပဒေမှာ လိုအပ်တာတွေကိုပြင်စေချင်တယ်။ ကျောင်းသားတွေကိုလည်း လွှတ်စေချင်တယ်။ အများကြီးတော့ ရှိတယ်။ သူရောက်လာမှာ ကို အားလုံးပျော်ကြတယ်။ သူက ပညာရေး ကိုစိတ်ဝင်စားတယ်ဆိုတာကိုလည်း သိထား ကြတော့ တိုးတက်မယ်လို့ယုံကြည်ကြတယ်။ ဖြစ်စေချင်တာကတော့ ဆရာတွေ၊ လူမှုဘဝ တွေ၊ ဖူလုံအောင်လစာတွေ၊ ပင်စင်ယူရင် အဆင် ပြေအောင် နေအိမ်တွေကို အရစ်ကျနဲ့ လစာထဲက ပြန်လည်ဖြတ်တောက်တာမျိုးတွေဖြစ် စေချင်တယ်။ သူက ဌာန လေးခုလောက်ကိုင် မယ်လို့ကြားထားတယ်။ ဒါပေမဲ့ သူ့အသက် အရွယ်နဲ့ကျတော့ များတယ်လို့ထင်တယ်။ ရှေ့ ဆက်လုပ်ရမှာတွေက အများကြီးရှိနေသေးတဲ့အတွက် ဌာနနှစ်ခုလောက်ကိုပဲကိုင်စေချင် တယ်။ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ ပညာ ရေးမှာ ထိထိရောက်ရောက်ကိုင်တွယ်ဖို့၊ အရာ ရှိတွေကို သေချာထိန်းနိုင်ဖို့တော့လိုတယ်။

ဦးမြတ်သီဟထွန်း
(မူလတန်းပြ၊ ဧရာဝတီတိုင်း)

ကျွန်တော်တို့ထင်မှတ်မထားဘဲ သူက ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူမှာကို အတိုင်း မသိဝမ်းသာမိပါတယ်။ အဲဒီအတွက် ကျွန်တော် တို့ဌာနမှာ လုပ်ငန်းခွင်ပျော်ရွှင်မှုတွေကို သူ ဖန်တီးပေးနိုင်မယ်လို့ထင်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဆိုတာ လုပ်ငန်းခွင်ဖိအားတွေ၊ အဂတိလိုက်စားမှုတွေ ဖြေရှင်းတာတွေကို သူ့အနေနဲ့ဆောင် ရွက်ပေး နိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရွေးချယ်ခဲ့ကြတာပါ။ ဌာနရဲ့ ဝန်ကြီးဖြစ်လာမှာဆိုတော့ အတိုင်းထက်အလွန် ပါပဲ။ သူ့အနေနဲ့ ပညာရေးဌာနမှာ ကျွမ်းကျင် တဲ့သူတွေ၊ ပညာရှင်တွေကို မှန်ကန်စွာရွေး ချယ်ပြီးတော့ နေရာပြန်ပေးနိုင်မယ်လို့ ယုံ ကြည်ပါတယ်။ အကောင်းဆုံးနေရာချထား မှုတွေနဲ့ ဆောင်ရွက်မယ်လို့ယုံကြည်ပါတယ်။

ကိုထွန်း
(Program Officer/Migrant Worker Rights network)

ကျွန်တော့်ကိုယ်ပိုင်အမြင်ကတော့ အရပ် သားအစိုးရဖြစ်တဲ့အတွက် ကြိုက်တယ်ဗျာ။နောက်ပြီး အခုလွှတ်တော်ကိုတင်သွင်းထား တဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ ပညာရှင်တွေအ များကြီးပါ ဝင်လာတဲ့အတွက် ကြိုဆိုပါတယ်။ နောက်တစ်ခုကဗျာ ၊NLDက သူ့ပါတီက လူ တွေကို ရွေးတာတင်မကဘဲနဲ့ တခြားပါတီက သူတွေ၊ ပညာရှင်တွေကိုပါ ရွေးချယ်တဲ့ အတွက် နိုင်ငံအတွက်ကောင်းမယ်ဆိုရင် ဘယ်သူနဲ့ ဖြစ်ဖြစ် ပူးပေါင်းမယ်ဆိုတဲ့သဘောကိုပြရာ ရောက်တယ်။ အဲဒီအတွက်လည်း ပိုကြိုက်ရပါ တယ်။ ကျွန်တော့်လုပ်ငန်းအနေနဲ့ပြောရရင် အစိုးရသစ်လက်ထက်မှာ ရွှေ့ပြောင်းလုပ်သား တွေအတွက် ခိုင်မာတဲ့မူဝါဒတွေချမှတ်နိုင်ပြီး တော့ မူရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ရော လက်ခံရာနိုင်ငံတွေမှာပါ အဆင်ပြေပြေနဲ့ အလုပ်လုပ်လုပ်နိုင်မယ်လို့ထင်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးရင်းနဲ့ ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့် အလမ်းကောင်းတွေ ဖန်တီးပေးနိုင်မယ်ဆိုရင် ရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပြီးသားဖြစ်သွားမှာပါ။ အစိုးရသစ်လက်ထက်မှာ ရွှေ့ပြောင်းအလုပ်သမားအရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ကိုမျိုးအောင်
(seaman/STX Shipping Co.Ltd)

ကျွန်တော်တို့တိုင်းပြည်မှာ ပညာရှင်တွေ ရဲ့အခန်းကဏ္ဍပျောက်ဆုံးခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်ကြာခဲ့ပါပြီ။ အခု အစိုးရသစ်စာရင်းကို ကြည့်လိုက်တော့ တိုင်းပြည်အတွက် အရေးတ ကြီးလို အပ်နေတဲ့ ပညာရှင်တွေရဲ့အခန်းကဏ္ဍ ကို အိမ်ဦးခန်းပေါ်တင်ထားသလိုမြင်ရတော့ လှိုက်လှိုက်လှဲလှဲကိုကြိုဆိုမိတယ်။ ပြီးတော့ ရွေး ကောက်ပွဲစနစ်အရရော၊ အခြေခံဥပဒေအရ ပါ NLD ဟာ ကိုယ့်လူနဲ့ကိုယ် အစိုးရဖွဲ့စည်း ခွင့်ရှိပေမယ့် အခုမြင်လိုက်ရတာက ဝန်ကြီး စာရင်းထဲမှာNLD အနည်းဆုံးအပြင် ပြည် ခိုင်ဖြိုးကလူတွေတောင်ပါသေးတယ်လေ။ ဒါ ဟာ ဘာကိုပြ ဆိုနေသလဲဆိုတော့ တစ်သက် လုံး ဒုက္ခပေါင်းများစွာကို ရင်စည်းခံပြီးနိုင်ငံရေး လုပ်ခဲ့တာဟာ အာဏာလိုချင်လို့မဟုတ်ဘူး ဆိုတာ ပေါ်လွင်နေသလို တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်တဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ ပြော ခဲ့တာကို ကနဦးအနေနဲ့ လက်တွေ့သက်သေ ပြလိုက်တာလို့မြင်ပါတယ်။ ဒါကြောင့် အခုဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းအမည်စာရင်း တင်သွင်းလိုက်တဲ့အစိုးရကို ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ရှေးရှုပြီးဖွဲ့စည်းလိုက်တဲ့ အစိုးရလို့နားလည်မိတယ်။ ရုပ်ပိုင်းရော စိတ် ပိုင်းဆိုင်ရာပါ တစ်စစီ လိုဖြစ်နေတဲ့ တိုင်းပြည် ကို ဒီအစိုးရသစ်မပြောနဲ့ တန်ခိုးရှင်တစ်ပါးပါး က နေ့ချင်းညချင်းပြောင်းလဲအောင်မလုပ်နိုင် ဘူးဆိုတာကိုလည်း နားလည်ထားပါတယ်။သေချာတာက အစိုးရသစ်ဟာ ကျွန်တော်တို့ တိုင်းပြည်ကို လက်ရှိအခြေအနေထက်ပိုကောင်း အောင်လုပ်ပေးနိုင်မယ်လို့ အပြည့်အဝယုံကြည် ပါတယ်။

ဒါရိုက်တာ ကျော်နှင်းဆီ

အခုလိုမျိုး ဝန်ကြီးဌာနလျှော့ချလိုက် တယ်ဆိုပေမယ့်လည်း ဝန်ကြီးဌာနတွေကို တစ်ခု နဲ့တစ်ခုပူးပေါင်းလိုက်တာပါ။ အခုလိုမျိုး ဝန် ကြီးဌာနတွေကို ပူးပေါင်းလိုက်တဲ့အတွက် လူ နည်းနည်းနဲ့ ကိစ္စအားလုံးကိုချုပ်ကိုင်လိုက်တယ်လို့မြင်ပါတယ်။ အစိုးရသစ်ပြန်လည်ဖွဲ့ စည်းနေတဲ့အပေါ်မှာ ရုပ်ရှင်လောကအတွက် ဘာတွေမျှော်လင့်နေလဲဆိုတော့ အစ်မတို့ ဗီဒီယိုဈေးကွက်က အခုဆို ရင် ဈေးကွက်ကျ နေတယ်လို့ပြောရမယ်။ နိုင်ငံတကာဈေးကွက် နဲ့ယှဉ်မယ်ဆိုရင် အစ်မတို့ဗီဒီယိုဈေးကွက် က အများကြီးနိမ့်ပါသေးတယ်။ အခုလိုမျိုး အစိုးရသစ်တက်လာတဲ့ အချိန်မှာ နိုင်ငံ တကာ နဲ့ရင်ပေါင်တန်းနိုင်တဲ့ ရုပ်ရှင်လောကကိုဖန်တီး ပေးနိုင်မယ်လို့ အစ်မအနေနဲ့မျှော်လင့်ထား သလို ယုံလည်းယုံကြည်ထားပါတယ်။

တေးသံရှင် စောဖိုးခွား

အစိုးရသစ်အပြောင်းအလဲမှာ ဝန်ကြီး ဌာနတွေ အပြောင်းအလဲလုပ်တယ်။ ဝန်ကြီး ဌာနတွေလျှော့ချလိုက်တဲ့အတွက် ကျွန်တော့် အနေနဲ့တော့ ဘာမှကောင်းတယ် မကောင်း ဘူးဆိုတာကို မပြောချင်တော့ပါဘူး။ ကျွန် တော်တို့ပြည်သူတွေအားလုံး ဆုံးဖြတ်ချက် ချပြီးတော့ ရွေးချယ်ခဲ့ပြီးပြီ၊ အဲဒီအတွက် ကျွန် တော်တို့ရွေးချယ်ခဲ့တဲ့သူက လုပ်တဲ့အပြောင်း အလဲကို ကျွန်တော် တို့လက်ခံရမယ်။ ကျွန်တော် တို့ရွေးချယ်ခဲ့တဲ့သူကလည်း ဒီလိုမျိုးအပြောင်း အလဲတွေလုပ်သင့်တယ်။ လုပ်ရမယ်ထင်လို့ လည်း လုပ်တယ်လို့ထင်ပါတယ်။ ကျွန်တော် တို့ကို နောက်ပိုင်း မှာ ထောက်ပံ့မှုတွေပေးလာ မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုတိုးတက်စေချင်တယ်။ ကျွန်တော်တို့တိုင်း ပြည်တိုးတက်ဖို့အတွက် အရွေ့တစ်ခုကိုသွား နိုင်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေအားလုံး အစိုးရသစ်နဲ့လက်တွဲပြီးတော့ တိုင်းပြည်ကောင်း စားဖို့အတွက်လုပ်ရမယ်။ ကျွန်တော်တို့တွေ အားလုံးက ကူညီပေးရမယ်။ ကျွန်တော်တို့ အနု ပညာလော ကအတွက်လည်း မှန်ကန်တဲ့နည်း လမ်းတွေ နည်းစနစ်တွေပေါ်ရောက်အောင် လမ်းညွှန်ပေးနိုင်မယ်လို့ယုံကြည်တယ်။ မျှော် လင့်တယ်။ အရေးကြီးဆုံးတစ်ခုအနေနဲ့ ကျွန် တော်ကိုယ် တိုင်ကလည်း ငြိမ်းချမ်းရေးကို လုပ် ဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငြိမ်း ချမ်းရေးရဖို့အတွက် ဘယ်အရာကိုမဆို လုပ် ဆောင်သွားဖို့ အစီအစဉ်ရှိနေတဲ့ သူတစ် ယောက်ဖြစ်တဲ့ အခါကျတော့ ငြိမ်းချမ်းရေးရ ဖို့လိုအပ်တာတွေကို လုပ်ပေးဖို့အစိုးရသစ်ကို တင်ပြသွားဖို့အစီအစဉ်တွေရှိပါတယ်။

Yangon Media Group

No comments:

Post a Comment

My Blog List