Friday, March 25, 2016

ဘရပ်ဆဲလ် အကြမ်းဖက်မှု ဒဏ်ရာရသူ အများစု အရေးပေါ် အခြေအနေတွင် ရှိဆဲဖြစ်


ဘယ်လ်ဂျီယံနိုင်ငံတွင် ယမန့်နေ့က ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်ခံ ရမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဒဏ်ရာရရှိသွားသူ အများစုမှာ အရေးပေါ် ကြပ်မတ်ကုသမှု ခံယူနေကြရပြီး လေဆိပ်ဗုံးခွဲမှုတွင် အသေခံ ဗုံးခွဲသူ နှစ်ဦးနှင့်အတူ လိုက်ပါလာသော အကြမ်းဖက်သမား နှစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက် ရှိကြောင်း သတင်းဌာနများက ရေးသားဖော် ပြသည်။
အသေခံဗုံးခွဲသူ ညီအစ်ကိုနှစ်ဦးမှာ ခါလစ်နှင့် ဘရာဟင် အယ်လ်ဘာ ကရာအူတို့ ဖြစ်ကြသည်ဟု အာဏာပိုင်များက စုံစမ်းဖော်ထုတ်နိုင်ခဲ့သော် လည်း CCTV မှတ်တမ်းများတွင် ၎င်းတို့နှင့်အတူ လိုက်ပါလာသူ အခြား နှစ်ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံရှာဖွေလျက် ရှိသည်ဟု ဘယ်လ်ဂျီယံ မီဒီယာများက ဖော်ပြသည်။

ဘယ်လ်ဂျီယံ အစိုးရရှေ့နေချုပ်၏ သတင်းထုတ်ပြန်ချက်အရ ဘရာဟင် လုပ်ဆောင်ခဲ့သော လေဆိပ်၌ အသေခံဗုံးခွဲမှုတွင် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ခါလစ် လုပ်ဆောင်ခဲ့သော မြေအောက်ရထား ဘူတာရုံ ဗုံးခွဲမှုတွင် လူ ၂၀ ဦး သေဆုံးခဲ့သည်။

အာဏာပိုင်များ၏ အဆိုအရ အကြမ်းဖက်သမားဟု သံသယရှိသော အခြားနှစ်ဦးအနက် တစ်ဦးမှာ လေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေသည်။
ထိုသို့ အကြမ်းဖက်သမားတစ်ဦး လွတ်မြောက်နေခြင်းနှင့် ပတ်သက်၍ တူရကီသမ္မတက ဘယ်လ်ဂျီယံနိုင်ငံကို ပြစ်တင်ဝေဖန်သည်။

ယမန်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် လူပေါင်း ၃၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး ၆၁ ဦးမှာ အရေးပေါ် ကြပ်မတ်ကုသမှု ခံနေရကြောင်း၊ သို့အတွက်ကြောင့် သေဆုံးသူဦးရေ တိုးပွားလာနိုင်ကြောင်း ဘယ်လ်ဂျီယံ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ အကြမ်းဖက်တိုက်ခိုက်ခဲ့သူများ အနက် ဂျီဟတ်ဝါဒီ အကြမ်းဖက်သမား တစ်ဦးမှာ ယမန်နှစ်က ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ နာဂျင်လာချာအူရီဆိုသူ ဖြစ်ပြီး ၎င်းကို ဥရောပ အာဏာပိုင်များက အထူးအလိုရှိနေကြသည်။

အဆိုပါ အသေခံဗုံးခွဲမှုများနှင့် အကြမ်းဖက်မှုများ တုံ့ပြန်ရေးအတွက် ဘရပ်ဆဲလ်မြို့တွင် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြည်ထဲရေးနှင့် တရားရေး ဝန်ကြီးများ ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ထို့ပြင် အခြားသော ဥရောပနိုင်ငံများတွင်လည်း အစ္စလာမ္မစ် အစွန်းရောက် များ အရေးနှင့် ရွှေ့ပြောင်းအခြေချ ဒုက္ခသည်များအရေး ကိစ္စများအပေါ် အစိုးရခေါင်းဆောင်များ အကြား အငြင်းအခုန်များ ဖြစ်လျက်ရှိသည်။

အရှေ့အလယ်ပိုင်းဒေသနှင့် အာရပ်ကမ္ဘာမှ ရွှေ့ပြောင်းဒုက္ခသည် မြောက်မြားစွာကို လက်သင့်ခံထားသည့် ဂျာမနီနိုင်ငံတွင် အတိုက်အခံ အင်အားစုများက ရာဇဝတ်မှုနှင့် ဒုစရိုက်မှု ကင်းစင်ခဲ့သော ဘယ်လ်ဂျီယံ တွင် အကြမ်းဖက်တိုက်မှုများကြောင့် ရုပ်ဆိုးအကြည်းတန်ခဲ့ရပြီ ဖြစ်သလို ဂျာမနီသည်လည်း အန္တရာယ် တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ထောက်ပြပြောဆိုကြသည်။

ဗြိတိန်အသံလွှင့်ဌာန BBC ၏ သတင်းသုံးသပ်ချက် တစ်ရပ်တွင် အရှေ့ အလယ်ပိုင်း ဒေသသည် ဥရောပ၏ နောက်ဖေးပေါက်တစ်ခုသဖွယ် ဖြစ်လာသည်ဟုပင် ဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List