တရုတ်အစိုးရက မြန်မာအပါအဝင် အရှေ့တောင်အာရှ ၅ နိုင်ငံကို ဒေါ်လာ ၁၁ ဘီလီယံကျော် ချေးငှားမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ အခြေခံ အဆောက်အဦးနဲ့ တခြား စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ ချေးငှားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောပါတယ်။
၂၀၁၄ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အရှေ့ အာရှ ညီလာခံ အတွင်း တရုတ်အစိုးရက ဒေါ်လာ ၂၀ ဘီလီယံ ချေးငှားခဲ့ပြီး အခုတခါ ထပ်မံ ချေးငှားမှာ ဖြစ်ပါတယ်။
ဟိုင်နန်ကျွန်းပေါ်က အပန်းဖြေမြို့ Sanya မှာ တရုတ်က အရှေ့တောင် အာရှ ၅ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတာ ဖြစ်ပြီး မြန်မာ ကိုယ်စားလှယ်အဖြစ် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်နေ ပါတယ်။
တိဘက်ကုန်းပြင်ကနေ စီးဆင်းလာတဲ့ မဲခေါင်မြစ်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေ အကြား ပြုလုပ်တဲ့ ညီလာခံ ဖြစ်ပြီး မဲခေါင်မြစ်ကို တရုတ်က Lancang လို့ ခေါ်ပါတယ်။
Lancang-Mekong Cooperation LMC အစည်းအဝေးအတွင်း ပိုပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ မဲခေါင်မြစ်နဲ့ ထိစပ်နေတဲ့ နိုင်ငံ ၆ နိုင်ငံအကြား သဘာဝ သယံဇာတမှာ ပူးပေါင်း စီမံကြဖို့၊ ဆင်းရဲမှု တိုက်ဖျက်ဖို့၊ သိပ္ပံနဲ့ နည်းပညာ ပူးပေါင်းဖို့နဲ့ လုံခြုံရေး ပူးပေါင်းဖို့တွေ ပါဝင်ပါတယ်။
မဲခေါင်မြစ်ပေါ်က တရုတ်နဲ့ လာအိုလို နိုင်ငံက ဆည်တွေ တည်ဆောက်မယ့် အစီအစဉ်ကြောင့် မြစ်အောက်ပိုင်းက နိုင်ငံတွေ ကန့်ကွက်ရာက မဲခေါင် မြစ်ရေနဲ့ ပတ်သက်လာရင် တရုတ်က မြစ်အောက်ပိုင်းက နိုင်ငံတွေအတွက် ထည့်တွက် စဉ်းစားသွားမယ်လို့ တရုတ် ဝန်ကြီးချုပ်က ကတိပေးလိုက်ပါ တယ်။
အခုလောလောဆယ် နှစ်ပေါင်း ၉၀ ကျော်အတွင်း မဲခေါင် မြစ်ရေ အနိမ့်ဆုံး အဆင့်ရောက်နေတဲ့အတွက် တရုတ်နိုင်ငံ မဲခေါင်မြစ်ဆည်မှာ သိုလှောင်တဲ့ ရေတွေ လွတ်ချပေးဖို့ တောင်းဆိုမှုတွေကို တရုတ်အစိုးရက လုပ်ပေးဖို့ ရှိနေပါတယ်။
ABC
No comments:
Post a Comment