Tuesday, March 22, 2016

အိုဘားမားကို ကျူးဘားသမ္မတ ရာအူးလ် ကတ်စ်ထရို ကြိုဆိုနှုတ်ဆက်


ကျူးဘားနိုင်ငံကို တရားဝင် အလည်အပတ် သွားရောက်နေတဲ့ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားကို ကျူးဘားသမ္မတ ရာအူးလ် ကတ်စ်ထရိုက မြို့တော် ဟာဗားနားမှာ မတ် ၂၁ ရက်နေ့က ကြိုဆိုနှုတ်ဆက်ပါတယ်။ သမ္မတ ၂ ဦးကြား ၄ ကြိမ်မြောက်နဲ့ သမိုင်းဝင် ဆွေးနွေးပွဲတွေကိုလည်း ကျင်းပပါတယ်။
အမေရိကန်သမ္မတက စီးပွားရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကျူးဘားသမ္မတကို ဖိအားပေးမှာပါ။

ကျူးဘားသမ္မတကတော့ အမေရိကန်ရဲ့ ကျန်ရှိနေဆဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကြောင်း တိုင်တန်းမယ်လို့ မျှော်လင့်ထားကြပါတယ်။

အိုဘားမားနဲ့ ရာအူးလ်တို့ အပြန်အလှန် ဆက်ဆံရေး ပြန်တည်ဆောက်ရာမှာ အားထုတ်ရေး ဆွေးနွေးကြရာ မတူခြားနားမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ကြပါတယ်။

အမေရိကန်နဲ့ ကျူးဘား နှစ် ၅၀ ကြာ စစ်အေးခေတ်ကို အဆုံးသတ်ပြီး ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေး လုပ်ဆောင်ဖို့ သမ္မတ ၂ ဦး သဘောတူအပြီး ၁၅ လအကြာမှာ အိုဘားမားက ကျူးဘားကို လာရောက် လည်ပတ်ခဲ့တာပါ။

မတ် ၂၀ ရက်နေ့က ကျူးဘားကို ရောက်လာတဲ့ အိုဘားမားဟာ ကျူးဘား တွေရဲ့အတွေးအခေါ် သဘောတရားစနစ်အချက်အချာဖြစ်တဲ့ တော်လှန်ရေး နန်းတော်ကို သွားရောက် လည်ပတ်ပါတယ်။

ဒီနေရာဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကန်ရဲ့ ဖိအားကို ကြံ့ကြံ့ခံရာမှာ ကျူးဘားကို ဦးဆောင်တဲ့ ကက်စထရို ညီနောင်ရဲ့ နေရာ လည်း ဖြစ်ပါတယ်။

အိုဘားမားဟာ ကျူးဘားတော်လှန်ရေး ခေါင်းဆောင်တွေရဲ့ ဂူဗိမာန်နဲ့ အထိမ်းအမှတ် ကျောက်တိုင်မှာလည်း ပန်းခွေချ အလေးပြုခဲ့ပါတယ်။

အိုဘားမားဟာ ကက်စ်ထရိုနဲ့ အစည်းအဝေးအပြင် အစိုးရပိုင် ဘီယာချက် စက်ရုံဆီ သွားရောက်လည်ပတ်ဖို့နဲ့ မတ် ၂၁ ရက်နေ့ ညမှာ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

အိုဘားမားဟာ မတ် ၂၂ ရက်နေ့မှာ ကျူးဘားရုပ်သံကနေ တိုက်ရိုက် မိန့်ခွန်းပြောမှာပါ။

အဲဒီနောက် အဓိက ဘေ့စ်ဘောအသင်း တမ်ဘာဘေးရေးစ်နဲ့ ကျူးဘား အမျိုးသားအသင်းတို့ကြား ကစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List