Tuesday, December 22, 2015

အငြိမ်းစား သမ္မတများ အတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အမေရိကန်ပုံစံ အတုယူထားဟု ဆို


နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းသည် အမေရိကန်နိုင်ငံ၏ သမ္မတ ဟောင်းများနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေအပေါ် လေ့လာသုံးသပ်၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီကို ပြောသည်။
ဦးရဲထွဋ်က“အဓိကအားဖြင့်တော့ အမေရိကန် ပြည်ထောင်စုမှာ အငြိမ်းစားသမ္မတနဲ့ ပတ်သက်ပြီးတော့ ဥပဒေတခု ရှိတယ်ဗျ။ အဲဒီ ဥပဒေအပေါ်မှာ မူတည်ပြီးတော့ မူကြမ်းရေးဆွဲတာလို့ သိရတယ်။ ဆွဲတဲ့အထဲမှာတော့ ကျနော်မပါပါဘူး”ဟု ဆိုသည်။

သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအနေဖြင့် ၎င်းတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြု၍ တရားစွဲဆိုခြင်း၊ အရေးယူခြင်းတို့ မရှိစေရန်နှင့် လုံခြုံရေးအရ အကာ အကွယ် ပေးနိုင်ရန်ဟု ဥပဒေကြမ်း၌ ဖော်ပြထားပြီး ထိုဥပဒေအား အများပြည်သူသိရှိ လေ့လာအကြံပြုနိုင်ရန် ယနေ့ထုတ် အစိုးရသတင်းစာ များ၌ ဖော်ပြထားသည်။

ယင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ မည်သို့ ဆွေးနွေး ဆုံးဖြတ်မည်ဆိုသည်ကို ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်၏ လုပ်ပိုင်ခွင့် သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အငြိမ်းစားသမ္မတနှင့် ပတ်သက်၍ ရေးဆွဲထားသည့် ဥပဒေတွင် အငြိမ်းစားတဦး၏ ခံစားခွင့်၊ ပင်စင်လစာ တို့ပါရှိသော်လည်း လုံခြုံရေးအတွက် ပြဌာန်းထားခြင်း မပါရှိကြောင်း ဦးရဲထွဋ်က ပြောသည်။

ဦးရဲထွဋ်က“လက်ရှိဥပဒေမှာ သမ္မတတဦး အငြိမ်းစားယူရင် လုံခြုံရေး အတွက် မပါဘူးလေ။ ဒီဥပဒေက သူ့အတွက် လုံခြုံရေး အာမခံ တာပေါ့။ အမေရိကန်မှာ ဆိုရင်လည်းပဲ သမ္မတဟောင်းရဲ့ အသက်ထင်ရှားရှိနေတဲ့ ကာလပတ်လုံး လုံခြုံရေး ထားပေးရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုး ရှိပါတယ်”ဟုလည်း ပြောဆိုသည်။

ဥပဒေကြမ်းတွင် သမ္မတဟောင်းအား အကာအကွယ်ပေးရေးနှင့် ပတ်သက်၍ သမ္မတဟောင်းက အမည်စာရင်း တင်သွင်းသူကိုသာ ကိုယ်ရံတော်အဖြစ် ခန့်အပ်ပေးရမည် ဖြစ်ပြီး ယင်းကိုယ်ရံတော်၏ လစာနှင့်စရိတ်ကို ကာကွယ်ရေး ၀န်ကြီးဌာန သို့မဟုတ် ပြည်ထဲ ရေး ၀န်ကြီးဌာနက ကျခံရမည်ဟု ပါရှိသည်။

ထိုဥပဒေကြမ်းကို လက်ရှိ လွှတ်တော်၌ ဆွေးနွေး၍ မကြာမီ အတည်ပြုပေး နိုင်ဖွယ်ရှိကြောင်း၊ ကန့်ကွက်မည့်သူ နည်းပါးမည်ဟု လည်း ယူဆကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောဆိုကြသည်။

သမ္မတ ဦးသိန်းစိန်သည် စစ်ဗိုလ်ချုပ်တဦးအနေဖြင့် တာဝန်ထမ်းဆောင် နေခြင်း မဟုတ်ဘဲ အရပ်သားတဦးအနေဖြင့် တာဝန် ထမ်း ဆောင်နေသူ ဖြစ်၍ အရပ်ဘက် သမ္မတအတွက် သီးသန့် ဥပဒေရေးဆွဲရန် လိုအပ်ပြီး ရေးဆွဲခြင်း ဖြစ်သည်ဟု ယူဆကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ဦးဖုန်းမြင့်အောင်က“ဦးသိန်းစိန်က အရပ်သားအနေနဲ့ တာဝန်ထမ်းဆောင် ထားတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ ဥပဒေရေးဆွဲတာပေါ့။ ဦးသန်းရွှေ လက်ထက်ကလည်း သူ့ကိုယ်သူကာကွယ်ဖို့ ဥပဒေ ရေးဆွဲထားခဲ့တာပဲ။ ဒီအစဉ်အလာကြီး နောက်လည်း ဖြစ်နေဦးမှာပါ” ဟုလည်း ပြောဆိုသည်။

ထိုဥပဒေကြမ်းသည် နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတတဦးအတွက် လိုအပ်သည်ဟု ယူဆကြောင်း၊ ဥပဒေကြမ်း၌ ပါရှိသည့် တာဝန်ထမ်းဆောင် ခဲ့စဉ် ဆောင်ရွက်ခဲ့သည့် အရာများအား တရားစွဲဆိုခြင်းမပြုရဆိုသည်မှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ရသည့် အရာများကို ဆိုလိုခြင်းသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ဧရာဝတီသို့ ပြောသည်။

ဦးရဲထွန်းက“တရားမစွဲဆိုရဆိုတာက ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာတွေ ကိုနောက်ကြောင်းပြန် တရားစွဲဆိုတာမျိုး မလုပ်ရတာကို ဆိုလိုတာပါ။ ဥပဒေနဲ့မညီတဲ့ ကိစ္စမျိုးတွေ၊ ဒါမှမဟုတ် တခြားရာဇ၀တ်မှုလိုမျိုး ကိစ္စတွေကို ဆိုလိုတာ မဟုတ်ပါဘူး”ဟု ဆိုသည်။

သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအနေဖြင့် ၎င်း၏ လုပ်ဆောင်ချက်သည် အများပြည်သူနှင့် မသက်ဆိုင်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်ခဲ့ပါက ဥပဒေအရ တရားစွဲဆို အရေးယူနိုင်ရန် အခွင့်အရေး ရှိသင့်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။

ရှေ့နေ ဦးအောင်သိန်းက“အရင်တုန်းကတော့ သမ္မတအတွက် သီးသန့် ပြဋ္ဌာန်းထားတာ မရှိဘူး။ အခုသီးသန့်ပြဋ္ဌန်းတာက နောက် ကြောင်းပြန် အကျိုးသက်ရောက်မှု ရှိသလား။ ရှေ့လာမယ့် သမ္မတတွေ အတွက်ကော အကျိုးသက်ရောက်မှု ရှိသလား ဆိုတာကို လည်း တိတိကျကျ လုပ်ထားဖို့တော့ လိုအပ်ပါတယ်”ဟုလည်း ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ယခင် အစိုးရလက်ထက်များ၌ ဆောင်ရွက်ခဲ့သည့် အရာများကို နောက်ကြောင်း ပြန်လှည့်၍ တရား စွဲဆိုခြင်း မပြုရဟု ပါရှိသော်လည်း ၎င်းအရာသည် ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်းများ အတွက်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ အရပ်သား သမ္မတအတွက် သီးသန့်ဥပဒေ ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းဟု ယူဆကြောင်း ကိုယ်စားလှယ်များက ပြောဆိုကြ သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List