Wednesday, December 23, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်မင်း ဦးဆောင်သော MPC အဖွဲ့ဝင်များ နေပြည်တော်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စများ ဆွေးနွေးခဲ့






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဋ္ဌာန (MPC) အဖွဲ့ဝင်များ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဗဟို ကော်မတီဝင် ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်နှင့် ဥက္ကဋ္ဌရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင်တို့ တက်ရောက်ခဲ့ပြီး MPC ဘက်မှ ဦးအောင်မင်းနှင့်အတူ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“၀န်ကြီး ဦးအောင်မင်း ဦးဆောင်ပြီးတော့ MPC က အကြီးတန်းငါးဦးနဲ့ NLD ကတော့ ဒေါ်စု ဦးဆောင်ပြီး နောက်ထပ် အကြီးတန်းလေးဦး တက်ပါတယ်။ အခု ရှိနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အခု ဆောင်ရွက်မယ့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စကို ဆွေးနွေးတာပါပဲ။

ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ ဆောင်ရွက် နေတာတွေကိုဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဘက်ကလည်း ဒီကိစ္စ အပေါ် ပြန် ဆွေးနွေးတယ်။ ဆွေးနွေး ချက်တွေက ကောင်းပါတယ်။ ဒီလောက်ပဲ ကျွန်တော်တို့ ဘက်က ပြောလို့ ရမယ်ဗျ။ ကျွန်တော်တို့က တစ်နာရီ နီးပါးလောက် ကြာတဲ့ တွေ့ဆုံမှု ဖြစ်တော့ လိုအပ်ရင်တော့ နောက် တွေ့ဆုံတာလည်း ရှိနိုင်ပါတယ်။ အရေးကြီးတာက လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆွေးနွေး နိုင်တာ ကတော့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်”ဟု MPC ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပြသည်။

တွေ့ဆုံမှုတွင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုင်ရာ ကိစ္စများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ အကြို နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ညှိနှိုင်းရေး ဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အမြင် ဖလှယ် ဆွေးနွေးခဲ့သည်ဟု NLD က သတင်း ထုတ်ပြန်ခဲ့ပါသည်။

“MPC က လုပ်မယ့်၊ ၁၂၊ ၁၃၊ ၁၄ မှာလုပ်မယ့် ညီလာခံမှာ ဘာတွေ လုပ်မယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို လာပြီး တင်ပြတာ။ နောက်ပြီးတော့ အဲဒီ ညီလာခံအတွက် ၅ ရက်၊ ၆ ရက်၊ ၇ ရက်မှာ ပဏာမတွေ့ဆုံပွဲလုပ်မယ်။ လုပ်ပြီးတော့မှ ၁၂၊ ၁၃၊ ၁၄ ညီလာခံမှာ လုပ်မယ့် အစီအစဉ်ကို ညှိကြမယ်ပေါ့။ အဓိကကတော့ ဦးအောင်မင်းနဲ့ တကွ MPC က သူတို့ တောက်လျှောက် လုပ်ခဲ့တဲ့ အလုပ်ကို တင်ပြမယ်။ တင်ပြပြီးတော့မှ အတည်ပြုတဲ့ ပွဲပေါ့။ ကျွန်တော်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ ဒါကို ဆက်ပြီးတော့ လုပ်မှာ။ လုပ်တဲ့ အခါမှာ နှစ်ချက် ပြောတာပေါ့။

တစ်ချက်ကတော့ MPC ရဲ့ ကြိုးစားမှုတွေကြောင့် ဒီ NCA ပေါ့။ NCA ဟာ မပြည့်စုံသော NCA ဆိုသော်လည်း ဒီလောက်ထိ ရခဲ့တာ အသိအမှတ် ပြုပါတယ်။ ဂုဏ်ပြုပါတယ် ဆိုတဲ့ အကြောင်းနဲ့ နောက် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်ပြီး ငြိမ်းချမ်းရေး ဆက်လုပ်မယ် ဆိုရင် NCA က ကောင်းမွန်တဲ့ အချက်အလက်တွေ အများကြီး ဆက်ပြီးတော့ ယူသွားပြီး ချိတ်ဆက်ပြီးတော့ ဆက်လုပ်သွားမယ် ဆိုတဲ့ အကြောင်း ယေဘုယျတော့ အဲတာတွေပဲ”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါသည်။

ထို့အတူ MPC ကို ဖျက်ပစ်ရန် မရည်ရွယ်ဘဲ လုပ်ငန်း တာဝန်များကို ပြန်လည် သုံးသပ်မည်ဟုလည်း ပြောကြားခဲ့ကြောင်း ဦးဝင်းထိန်က ဆိုပါသည်။

“နောက်တစ်ခု ထူးခြားတာက MPC ကိုတော့ ဖျက်ပစ်ဖို့တော့ မရည်ရွယ်ဘူး။ သို့သော်လည်း MPC ရဲ့ လုပ်ငန်း တာဝန်တွေကို ပြန်လည် သုံးသပ်ဖို့တော့ ပြောလိုက်တယ်ပေါ့။ MPC ရဲ့ လုပ်ငန်း တာဝန်တွေ ဘာတွေ လုပ်ခဲ့သလဲ၊ ဘယ်သူတွေ ရှိသလဲ။ သူတို့ ပြောတာကတော့ ၀န်ထမ်း ၁၀၀ ကျော်လောက် ရှိတယ်လို့ ပြောတယ်။ တကယ်တန်း လိုအပ်သလား၊ မလိုအပ် သလားဆိုတာ ကျွန်တော်တို့ သုံးသပ်ရမှာပေါ့”ဟု ဦးဝင်းထိန်က ဆိုပါသည်။

သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့သော MPC ကို သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးများဖြစ်သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က ထိပ်ပိုင်းနေရာမှ ဦးဆောင်ခဲ့ပြီး ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များနှင့်အတူ သမ္မတ ဦးသိန်းစိန်၏ အခန်းကဏ္ဍ တောက်ပြောင်ရန် ကြိုးစားခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

MPC ၏ ဖွဲ့စည်းပုံအရ ၎င်း၏ အထက်တွင် သမ္မတဦးသိန်းစိန် ဖွဲ့စည်းထား သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင် အထည်ဖော်ရေး လုပ်ငန်း ကော်မတီ တို့ ရှိနေပြီး ဘေးတိုက်ဆောင်ရွက်မှုအနေဖြင့် အထူး အကြံပေးအဖွဲ့နှင့် နိုင်ငံတကာ အလှူရှင်များ၊ နိုင်ငံတကာ ကျွမ်းကျင်သူများကို ပါဝင်စေခဲ့ သည်။

သို့သော် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဦးဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ပြိုလဲ သွားခဲ့သည့် ကကလှမ်း (တပ်မတော် ထောက်လှမ်းရေး) အဖွဲ့နှင့် MPC ကို နှိုင်းယှဉ် သတ်မှတ်မှုများ ရှိခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်မှုများသည် ကကလှမ်း၏ လုပ်ကိုင် ပုံများနှင့် တူညီကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

အထူးသဖြင့် အစိုးရနှင့် နိုင်ငံရေးအရ သဘော ကွဲခဲ့သူများကို မက်လုံးပေး ဆွဲဆောင်ပြီး ကိုယ့်ဘက်သား ဖြစ်အောင် စည်းရုံးခြင်း၊ မလျော်သြဇာ အသုံးပြုပြီး အသေးအဖွဲကိစ္စများ တွင်ပါ အာဏာကို အသုံးပြုခြင်း၊ ငွေကြေး ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အစိုးရ အတိုက်အခံ အပါအ၀င် ၎င်းတို့နှင့် အဆင်ပြေသော အဖွဲ့အစည်းများတွင် elements များ ထည့်သွင်းပြီး manipulate လုပ်ရန် ကြိုးစားခြင်း၊ မီဒီယာကို အသုံးချပြီး misinform များ ဖြန့်ဝေကာ ရှုပ်ထွေးမှုများ ဖြစ်အောင် လုပ်ခြင်း အစရှိသည် တို့ကို လုပ်ဆောင်ခဲ့သည့် ကကလှမ်း၏ သွင်ပြင်လက္ခဏာများနှင့် MPC ၏ သွင်ပြင်လက္ခဏာများ ကွဲပြားမှု မရှိကြောင်း ဝေဖန်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။

MPC ၏ သက်တမ်း တလျှောက် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ် ဆွေးနွေး ခဲ့ရသော အထင်ရှားဆုံး ကိစ္စရပ်မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေး ကားပါမစ် ပေးခဲ့ခြင်း ဖြစ်ပြီး ကားအစီးရေ ၁၁၁၀ ကို တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကာ ထိုကိစ္စကို အကြောင်းပြု၍ အလွဲသုံးစားမှု ဆန်သော ကိစ္စများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကားအစီးရေ ၁၁၁၀ တွင် ၃၇၀ စီးကို အခွန်လုံးဝ ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပြုခဲ့ခြင်း ဖြစ်ပြီး ၇၄၀ စီးကို ၆၀ ရာခိုင်နှုန်း အခွန်ဆောင် စနစ်ဖြင့် တင်သွင်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကားပါမစ် ထုတ်ပေးရာမှ ကား လောကတွင် ငြိမ်းချမ်းရေး ပါမစ်ဟူသော အသုံးအနှုန်း ပေါ်ခဲ့ပြီး အခွန်လွတ် ခွင့်ပြုခဲ့သည့် ကားပါမစ် (9E/1000 ကျော် နံပါတ်များ) ဖြင့် အမေရိကန် ဒေါ်လာ သိန်းဂဏန်းမှ သန်းဂဏန်း အထိ တန်ကြေးရှိသော တန်ဖိုးမြင့် ကားများကို လွှတ်တော် အမတ် အချို့ ပြည်ထောင်စု ၀န်ကြီး အချို့၏ မိသားစုဝင်များ၊ ခရိုနီ လုပ်ငန်းရှင်များက တင်သွင်းမှုများ ရှိခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးပါမစ် 9E/1000 ကျော် နံပါတ်များဖြင့် အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ၀န်းကျင် တန်ကြေးရှိသော Rolls Royce Phantom ကာများ၊ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ၀န်းကျင် တန်ကြေးရှိသော Lamborghini ကားများ စီးနင်း ရောင်းဝယ်မှုများ တွင်ကျယ်ခဲ့ပါသည်။

ငြိမ်းချမ်းရေး ကားပါမစ်ကို အသုံးပြုခဲ့ပြီး ဖြစ်ပေါ်ခဲ့သော အလွဲသုံးစား လုပ်မှုများကြောင့် MPC မှ အခွန် ကင်းလွတ်ခွင့်ဖြင့် Rolls Royce တစ်စီး တင်သွင်းတိုင်းကျပ် သိန်း ၈၀၀၀ ကျော် နိုင်ငံတော်က အခွန်ငွေ ဆုံးရှုံးခဲ့ရပြီး Bentley တစ်စီး တင်သွင်းတိုင်း ကျပ်သိန်း ၅၀၀၀ ၀န်းကျင် နိုင်ငံတော်က ဆုံးရှုံးနစ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး Lamborghini တစ်စီး တင်သွင်းတိုင်း နိုင်ငံတော်က အခွန်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀၀၀ နှင့်အထက် ဆုံးရှုံးမှုများ ဖြစ်ခဲ့သည်။

ထို့ကြောင့် လုံးဝ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခဲ့သော ၃၇၀ စီးအတွက် တစ်စီးလျှင် ပျှမ်းမျှ ကျပ်သိန်း ၄၀၀၀ မှ ကျပ် သိန်း ၅၀၀၀ အကြား နစ်နာမှုဖြစ်ပါက အမေရိကန် ဒေါ်လာသန်း ၁၅၀ ၀န်းကျင်မှ ၁၈၅ သန်း အထိ နစ်နာခဲ့ရသည်။ ၆၀ ရာခိုင်နှုန်း အခွန်ဆောင် စနစ်ဖြင့် ၇၄၀ စီး တင်သွင်းပါက တစ်စီးလျှင် ပျှမ်းမျှ ကျပ်သိန်း ၁၀၀၀ မှ ၁၅၀၀ အကြား နစ်နာမှုဖြစ်ခဲ့သည် ဆိုပါက အမေရိကန် ဒေါ်လာ ၇၄ သန်းမှ ၁၁၁ သန်းအထိ နစ်နာမှုရှိခဲ့ပြီး နှစ်ရပ်ပေါင်း အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ နီးပါးခန့် နိုင်ငံတော်က နစ်နာခဲ့ရပါသည်။

အခြားတစ်ဖက်တွင်လည်း MPC နှင့် မြန်မာ့ငြိမ်းချမ်းရေး အတွက် နိုင်ငံတကာ အလှူရှင်များ၏ ဒေါ်လာ သန်းချီ လှူဒါန်းထားမှုများ၊ ထောက်ပံ့ငွေ ကတိက၀တ်များနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှု အတွက် မေးခွန်းထုတ်မှုများ ရှိနေသည့် နည်းတူ MPC အနေဖြင့်လည်း အကျယ်တ၀င့် အသေးစိတ် ရှင်းလင်းခြင်း မရှိသေးပေ။

MPC ကို ဥရောပသမဂ္ဂ (EU) က ၂၀၁၂ ခုနှစ် နိုဝင်ဘာမှ စတင်ပြီး ကူညီထောက်ပံ့ခဲ့ကာ MPC ၏ ၀န်ထမ်း စရိတ်၊ ရုံးအသုံးစရိတ်များကို ထောက်ပံ့ခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်းက ရရှိတဲ့ အချက်အလက်များ အရ MPC ကို ကနဦး လှူဒါန်းမှုအဖြစ် EU က အမေရိကန် ဒေါ်လာ ၉၀၀၀၀၀ ပေးပြီး၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၉ သန်း အထောက်အကူပေး မည်ဟု ကတိပြုမှု ရှိခဲ့ကာ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ယူရိုငွေ ၁၆ သန်းကို ငြိမ်းချမ်းရေး တည်ဆောက်မှု ဘတ်ဂျက် အဖြစ် ခွင့်ပြုခဲ့သည်။ ထို့အတူ ယူရိုငွေ သန်း ၂၀ ကို လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးခဲ့ကာ ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း ပေးခဲ့သည့် ပမာဏနှင့် ပေးအပ်မည့် ကတိက၀တ်များကို MPC က အသေးစိတ် ရှင်းလင်းမှု မရှိသေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ မေတ္တာရပ်ခံချက်ဖြင့် နော်ဝေအစိုးရက ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေး ပံ့ပိုးကူညီမှု အလှူရှင်များ အဖွဲ့ (PSDG) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပံ့ပိုးမှုအဖွဲ့ (MPSI) တို့ကလည်း MPC ၏ မိတ်ဖက် အဖွဲ့အစည်း အဖြစ် ရပ်တည်ပြီး PSDG အဖွဲ့က တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်းစီ အလိုက် အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ နှင့် စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၃၀ လှူဒါန်းရန် ကတိက၀တ် ရှိခဲ့ကြောင်း သိရသည်။ MPSI အနေဖြင့်လည်း မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အမေရိကန်ဒေါ်လာသန်း ၇၀ ထောက်ပံ့ရန် ရှိကြောင်း ထုတ်ပြန်ထားပြီး ထို ပမာဏများအနက် မည်မျှ အသုံးပြုပြီး ဖြစ်သည်ကို မသိရှိသေးပေ။ သို့သော် ၂၀၁၂-၂၀၁၃ ခုနှစ် အတွင်း MPSI က မြန်မာနိုင်ငံတွင် စီမံကိန်း ၁၇ ခု အကောင်အထည် ဖော်ခဲ့ပြီး အမေရိကန်ဒေါ်လာ နှစ်သန်းသာ တန်ကြေးရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ ထောက်ပံ့ကူညီမှုများအပြင် ငြိမ်းချမ်းရေးအတွက် အစိုးရ ဘတ်ဂျက်အနေဖြင့် ကူညီ ထောက်ပံ့မှု များလည်း ရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းမှာပင် ငြိမ်းချမ်းရေး အသုံးစရိတ် ကျပ်သန်း ၇၀၀၀ တောင်းခံခဲ့ခြင်းများ ရှိခဲ့သည်။

ထိုကဲ့သို့ ငွေကြေးဆိုင်ရာ ကိစ္စများတွင် MPC နှင့် နိုင်ငံတကာ အလှူရှင်များ၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းအများအကြား ဆက်နွှယ်မှု၊ ၎င်း အဖွဲ့အစည်းများနှင့် ငွေးကြေး သုံးစွဲမှုများကို MPC သို့မဟုတ် သမ္မတရုံးက မည်သို့ စီမံဆောင်ရွက်ခြင်း အစရှိသည့် အသေးစိတ် အချက်အလက်များ ကိုလည်း အများပြည်သူနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သိရှိခြင်း မရှိကြောင်း သိရသည်။

သို့သော် MPC မှ အကြီးတန်း အရာရှိ တစ်ဦး၏ လစာသည် တစ်လလျှင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ မှ ၁၅၀၀၀ အကြား ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး MPC က အဆိုပါ သတင်းများကို တရားဝင် ငြင်းဆိုခြင်း မရှိခဲ့ပေ။ ထို့အပြင် ၎င်းတို့၏ ဘတ်ဂျက်နှင့် ငွေကြေးဆိုင်ရာများကို မေးမြန်းရာတွင်လည်း ပြတ်ပြတ်သားသား ပြောဆိုလေ့မရှိဘဲ EU သို့မဟုတ် သမ္မတရုံးကိုသာ မေးမြန်းရန် ဖြေကြားခြင်းများ ရှိခဲ့ပါသည်။

လက်ရှိ အချိန်တွင် MPC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှု အရ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ပေါ်ပေါက်ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ၈ ဖွဲ့သာ NCA ကို လက်မှတ်ထိုးခဲ့ပြီး “၀” သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကဲ့သို့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် လက်မှတ် ရေးထိုးခြင်း မရှိသေးပေ။

ထိုအချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ရေးဆွဲမှုကို ၎င်းတို့ သဘောတူ ထားသည့် သတ်မှတ်ရက် အတိုင်း MPC က တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့၊ နိုင်ငံရေး ပါတီများ၊ အခြား ပါဝင်သင့်သူများ ပါဝင်သော စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ဖြင့် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် စတင် ကျင်းပမည်ဟု သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၁၈ ရက် နေ့စွဲဖြင့် ကြေညာခဲ့ပါသည်။

Eleven Media Group


No comments:

Post a Comment

My Blog List