Monday, December 21, 2015

လွှတ်တော်အမတ်များ ပင်စင်ခံစားခွင့်နှင့် ပြည်သူ့အသံ


လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ သက်တမ်းကုန်ဆုံးပါက နိုင်ငံရေးပင်စင်တစ်လုံးတစ်ခဲတည်းခံစားခွင့်ရရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးမှုများရှိခဲ့သည်။ တိုင်းပြည်က ဆင်းရဲနေပြီး တစ်နေ့လုပ်ခ ၃,၆၀၀ ကျပ်ရရေး ရုန်းကန်နေရသည့် အခြေခံလုပ်သားများရှိနေချိန်တွင် ၀န်ထမ်းမဟုတ်သည့် နိုင်ငံရေးလုပ်သူဥပဒေပြုမဏ္ဍိုင်မှ လွှတ်တော်အမတ်များကို ပင်စင်လစာခံစားခွင့်ပေးရန် မဖြစ်သင့်ကြောင်း ပြည်သူများကဝေဖန်နေပြီး အချို့လွှတ်တော်အမတ်များပင်လျှင် ပင်စင်ယူရန်စိတ်မလုံကြောင်း ပြောကြားမှုများရှိလာသည်။ 
ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များ ယခုခံစားရမည့် ပင်စင်လစာငွေပမာဏမှာ ကျပ်သိန်းငါးဆယ်ခန့်ရှိရာ လွှတ်တော်အမတ်များ နိုင်ငံရေးပင်စင်ယူသင့်၊ မယူသင့်နှင့်ပတ်သက်၍ ယခုတစ်ပတ်ပြည်သူများ၏အသံကို စုစည်းဖော်ပြအပ်ပါသည်။

ကိုဝင်းမြင့်ကျော် (ကားပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်းရောင်းချသူ)

နိုင်ငံရေးပင်စင်ယူသင့်တယ်။ မယူသင့်ဘူးဆိုတာကို လွှတ်တော် အမတ်တွေအနေနဲ့ ပြည်သူ့အသံလွှတ်တော်အသံဆိုတဲ့အတိုင်း အရင် ဆုံး ပြည်သူ့အသံကို နားထောင်လိုက်ရင် အဖြေကရှင်းနေတာပဲလေ။ လုံးဝမဖြစ်သင့်ဘူး။ မျှတမှုမရှိဘူး။ သူတို့က ပြည်သူတွေကို ဘာတွေများ လုပ်ပေးနေလို့လဲ။ နိုင်ငံရေးပင်စင်ဆိုတဲ့ စကားရပ်က အရမ်းမြင့်မြတ် တယ်။ အရမ်းလေးနက်တယ်။ အရမ်းတန်ဖိုးထားသင့်တဲ့ စကားလုံးလို့ပဲ ကျွန်တော်မြင်တယ်။ လက်ခံထားတယ်။ ဒါကြောင့် ဒီကိစ္စကို ပြန်ပြီးစဉ်း စားသုံးသပ်သင့်တယ်လို့ပဲ ပြောချင်ပါတယ်။ လွှတ်တော်ထဲမှာ ပြည်သူ့အတွက်ဆိုပြီး အမှန်တကယ်အနစ်နာခံလုပ်နေတဲ့ ကိုယ်စားလှယ်တွေကလက်ချိုးရေလို့ရပါတယ်။ အရမ်းကိုလည်း ရှားပါတယ်။ အလုပ်တာဝန်တွေကို ကျတော့ ပြယုဂ်သက်သက် သဘောမျိုးလုပ်ခဲ့ပြီး ရပိုင်ခွင့်ကိုတော့ အစွမ်းကုန်ယူကြတယ်။ အဲဒါဆိုရင် ထမင်းအငတ်ခံ၊ အသက်စတေးခံပြီး တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတချို့တွေ၊ တိုက်ပွဲဝင်ခဲ့တဲ့တပ်မတော်သားတချို့တွေနဲ့ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ မတရားဖိနှိပ်ခံနေတာတွေ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ အသက်ပေး၊ အကျဉ်းကျခံနေတဲ့ သူတွေကိုဆိုရင် ပင်စင်စရိတ်တစ်လကို ကျပ်သိန်း ၅၀၀ လောက် ပေးရမှာပေါ့။ လွှတ် တော်ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတွေမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခဲ့တယ်ဆိုရင်တော့ ပြည်သူတွေက သဘောမတူနိုင်စရာမရှိပါဘူး။

ဦးအောင်စည်သူမြင့် (စီးပွားရေးပညာရှင်)

လွှတ်တော်အမတ်တွေက နိုင်ငံ့ဝန်ထမ်းတွေနဲ့ မနှိုင်းယှဉ်သင့်ပါ ဘူး။ အစိုးရ၀န်ထမ်းဆိုတာ သူ့ဘ၀ကို နိုင်ငံတော်အတွက် နှစ်အတော် များများကို ပေးဆပ်ထားတာပါ။ လွှတ်တော်အမတ်ဆိုတာ ငါးနှစ်သက် တမ်းတည်းပါ။ ဒါကို သူတို့က တစ်လုံးတည်း သိန်း ၅၀ ရသွားတယ်။ ၀န်ထမ်းတွေကျတော့ တချို့တစ်ဘ၀လုံးပေးဆပ်ရတာတောင် အဲဒီ လောက် မရကြဘူး။ ယူသင့်၊မယူသင့်စဉ်းစားသင့်ပါတယ်။ ဒီ ငါးနှစ်အ တွင်း ဘာတွေလုပ်ပေးခဲ့လဲ။ ပြည်သူအတွက် ဘာတွေအကျိုးရှိခဲ့လဲ။ ပြည်သူတွေအတွက် ထည့်စဉ်းစားသင့်ပါတယ်။ ပင်စင်ကိုယူလိုက်မယ်ဆိုရင် ၀န်ထုပ်ဝန်ပိုးထက် အကြွေးတွေတော့ ပိုတက်သွားတာပေါ့။ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့မျက်နှာကို ကြည့်ရမှာပါ။

စောလဲ့ရတနာ (ကျောင်းသူ) ပဲခူးမြို့

လွှတ်တော်ကိုယ်စားလှယ်တွေ ပင်စင်လစာမယူသင့်ဘူးလို့ ထင် ပါတယ်။ သက်တမ်းငါးနှစ်အတွင်းမှာ ရခဲ့တဲ့ လစာတွေနဲ့ စာရင်တော့ ကျပ်သိန်း ၅၀ လောက်ဟာ ဘာမှမပြောပလောက်ပါဘူး။ ဒါပေမဲ့ ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံရဲ့ လွှတ်တော်အမတ်လစာဟာ ပြည်သူလူထုရဲ့ အခြေခံလစာနဲ့ ဆယ်ဆလောက်ကွာဟနေတယ်။ အခုလည်း ငါးနှစ်ပဲထမ်းဆောင်ပြီး လွှတ်တော်အမတ်ထောင်ချီကို ပင်စင်ပေးရပြန်တယ်။မြန်မာနိုင်ငံဟာ အကြွေးထူပြီး ဘတ်ဂျက်ငွေလိုနေတဲ့အတွက် အကျပ် အတည်းဖြစ်နေတဲ့အချိန် ပင်စင်လစာယူတာဟာ တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ လွှတ်တော်အမတ်တွေအနေနဲ့ ပြည်သူတွေ အတွက် မစဉ်းစားဘဲ ပင်စင်လစာယူဖို့ ကြိုးစားတာဟာ ပြည်သူနဲ့ တိုင်းပြည်အပေါ်မှာ မငဲ့ကွက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ကိုသက်ဆွေအေး (ကြည့်မြင်တိုင်မြို့နယ်)

လွှတ်တော်အမတ်တွေကို ပင်စင်လစာပေးတယ်ဆိုတော့ အမတ် တွေအနေနဲ့ မယူသင့်ဘူးလို့ မြင်တယ်။ ဘာလို့လဲဆို အခုလွှတ်တော်သက်တမ်းအတွင်းမှာ လုပ်နေကိုင်နေတာတွေက တစ်ဖက်စောင်းနင်းတွေ က များတယ်။ ထိရောက်တာသိပ်မရှိဘူး။ ပြီးတော့ မလိုလားအပ်တဲ့ ဥပဒေဆိုင်ရာတွေပဲ ကျင့်သုံးနိုင်အောင် လုပ်လာတယ်။ NLD က လုပ်မရတဲ့အနေအထားမှာပဲရှိတယ်။ ပြောခွင့်ပဲရတယ်။ ထင်ရာလုပ်နေကြတာ၊ ပြောလည်းထူးလာမယ်သိပ်မထင်ပါဘူး။ ယူသွားကြမယ်ထင်ပါတယ်။ တိုင်းပြည်မျက်နှာကြည့်ခဲ့သူက အဲဒီအမတ်တွေထဲမှာ လူနည်းစုပဲရှိတယ်။ ကျန်တဲ့သူတွေက နိုင်ငံဆင်းရဲချမ်းသာကို သူတို့စိတ်မ၀င်စားဘူး။ မြန်မာ ငွေဆိုတာကလည်း လိုသလောက်ရိုက်နေကြတာပဲ။ ပြီးတော့ တရားဝင် ယူတာနဲ့ တရားမ၀င်ယူတာပဲ ကွာမယ်။ ယူနေတာပဲလေ။ တချို့ဆို စီးပွားရေးသမားတွေနဲ့ ပေါင်းစားနေတာချမ်းသာနေကြပါပြီ။ နာမည်ကောင်း ယူဖို့ စိတ်မ၀င်စားဘူး။ နောင်တက်လာမယ့် အစိုးရအတွက်တော့ ၀န်ထုပ်ဝန်ပိုးဖြစ်စေမှာအမှန်ပဲ။ နောက် တက်လာမယ့် အစိုးရအတွက် ပိုဆိုးစေမယ့် ပြဿနာတစ်ရပ်ချန်ခဲ့တာပဲပေါ့။

ကာတွန်း ကာဠု (ပြည်) ပြည်မြို့

လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးပင်စင်ယူတဲ့အခါ ထိုက် သင့်သလောက်တော့ ယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့ပင်စင်လခမရရင် ဖယ်မပေးဘဲ ညစ်နေမှာစိုးရတယ်။ တိုင်းပြည်ဆင်းရဲပြီး ကြွေးထူနေတဲ့ အချိန်အခါလည်းဖြစ်နေတော့ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုရင် နည်းနည်းဆင်ခြင်ပြီး ရသင့်တာထက် ပင်စင်လခကို လျှော့ယူသင့်တယ်။ လုံးဝမယူရင်တော့ အကောင်းပေါ့။ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မဖြစ်မနေ အရမ်းလိုချင်နေရင်လည်း အနှစ်နှစ်ဆယ်၊ အနှစ်သုံး ဆယ်လောက် တိုင်းပြည်အပေါ် အမှုထမ်းခဲ့တဲ့ ပင်စင်စားကြီးတွေနဲ့မိမိ တိုင်းပြည်အပေါ် အလုပ်အကျွေးပြုခဲ့တာ၊ အလုပ်လုပ်ခဲ့တာတွေကို နှိုင်းယှဉ်ပြီး စဉ်းစားချင့်ချိန်သင့်တယ်။ တိုင်းပြည်နဲ့ ပြည်သူက အလိုမရှိသူတွေကို မြန်မြန်ပေးပြီး မြန်မြန်ထွက် သွားတာလည်း ကောင်းပါတယ်။

ကိုရာဇာထွန်း (ယာဉ်မောင်း) ရွှေဘိုမြို့

မယူသင့်ပါဘူး။ ပြင်းပြင်းထန်ထန်ဝေဖန်ရမယ်ဆိုရင်တော့ ဒီကိစ္စ ကို သူတို့ရှက်သင့်တယ်။ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ပြီး သူတို့က ပင်စင်ယူမယ်ဆိုတာ မဖြစ်သင့်ဘူး။ သူတို့ကို ဒီလိုချီးမြှောက်ဖို့ရာအတွက် သူတို့ဟာ ဒီပင်စင်နဲ့ ထိုက်တန်အောင် မစွမ်းဆောင်ခဲ့ဘူးလို့ မြင်တယ်။ နိုင်ငံ အတွက် တကယ့်နှစ်ရှည်လများပေးဆပ်ပြီး ရောက်လေရာမှာ တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကျတော့ သက်ပြည့် ဒါမှမဟုတ် နှစ်သုံး ဆယ်၊ နှစ်ပြည့်မဟုတ်ရင် ပင်စင်ရဖို့ မလွယ်ဘူး။ ဆေးပင်စင်တောင် သိပ်မပေးချင်ကြဘူး။ ဒီအခြေအနေမှာ သူတို့ကျတော့ ငါးနှစ်တည်းနဲ့ တစ်လုံးတည်း၊ တစ်ခဲတည်းပင်စင်ဆိုတာရမယ်ဆိုတော့ တကယ်ရယ်ချင်စရာပါ။ သူတို့ယူမယ်ဆိုရင် ပြည်သူက မပေးချင်တဲ့အတွက် ဒီပင်စင်ဟာ သူတို့အတွက် အရှက်ရစရာပဲ။ ပင်စင်ရရန် ကြိုးပမ်းမှုဟာ ဥပဒေမှာပါတယ်ဆိုပေမယ့် ဒီကိစ္စဟာ ပြည်သူက လိုလားတဲ့ ကိစ္စမဟုတ်ဘူး။နိုင်ငံက စီးပွားရေးအကျပ်အတည်းနဲ့ ဘတ်ဂျက်လိုငွေပြနေတယ်။ ပင်စင်ရဖို့ ကြိုးပမ်းခြင်းက နိုင်ငံအပေါ်ပြည်သူ့အပေါ် သူတို့ထားခဲ့တဲ့ စေတနာကို ကွက်ကွက်ကွင်းကွင်းပြတာပဲလို့ ထင်တယ်။

နန့်မေသဉ္ဇာ (NGO ၀န်ထမ်း) အင်းစိန်မြို့နယ်

လွှတ်တော် ငါးနှစ်သက်တမ်းမှာ အမတ်တွေအနေနဲ့ နိုင်ငံအတွက် ဘယ်လောက်ထိအလုပ်လုပ်ခဲ့လဲ။ အနိမ့်ဆုံးလုပ်ခလစာ ၃,၆၀၀ ကျပ်ရဖို့အာပေါက်အောင်ပြောနေရတဲ့အချိန်မှာ ပင်စင်ကျပ်သိန်း ၅၀ ယူဖို့ လွှတ်တော်အမတ်တွေအနေနဲ့ လိပ်ပြာသန့်ရဲ့လား။ ဒီအချိန်က လွှတ်တော် အမတ်တွေ ပင်စင်ရဖို့ပြောနေရမှာထက် လွှတ်တော်သက်တမ်း ငါးနှစ် မှာ ဘာတွေလုပ်ခဲ့ကြလဲ၊ ဘာတွေက ပြည်သူတွေအတွက် အကျိုးပြုခဲ့ လဲဆိုတာကို Review ပြန်လုပ်သင့်တဲ့ အချိန်လို့ ထင်တယ်။ ဘာလို့ လဲဆိုတော့ ပထမလွှတ်တော်သက်တမ်းရဲ့ အတွေ့အကြုံတွေက အခု လာမယ့် လွှတ်တော်သက်တမ်းအတွက် အရမ်းအသုံးဝင်မယ်လို့ ထင် တယ်။ ပင်စင်လစာပေးသင့်၊ မသင့်ကို နောက်သက်တမ်းအထိ စောင့်ကြည့်သင့်တယ်။

ဦးဝင်းထိန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့က ရရ၊ မရရအရေးမကြီးဘူး။ ဖြစ်နိုင်ရင်တော့ မယူ တာပိုကောင်းတယ်။ လိပ်ပြာသန့်တာပေါ့။ နောက်တစ်ခုက အဲဒီငွေကို ဘယ်ဘတ်ဂျက်ကပေးမလဲဆိုတာလည်း စဉ်းစားစရာရှိတယ်။ လစာတိုး တုန်းကတောင် ကျွန်တော်တို့မထောက်ခံခဲ့ဘဲနဲ့ အခုမှ ထောက်ခံရမှာ ၀န်လေးတယ်။ ပါတီအနေနဲ့က ဒီကိစ္စနဲ့ ပတ်သက်လို့ မဆုံးဖြတ်ရသေး ဘူး။ ကျွန်တော့်အမြင်ကတော့ မယူတာပိုကောင်းတယ်။

ကိုတင်ထွန်းဦး (အင်ဂျင်နီယာ) အလုံမြို့နယ်

လွှတ်တော်မှာ အမတ်သက်တမ်း နှစ်ဆယ်နဲ့အထက် ဆက်တိုက် ထမ်းဆောင်ခဲ့ပြီး အသက်အရွယ် (၆၀) ကျော်ဆိုရင် ပင်စင်လျှောက်ထား နိုင်သည်ဆိုတဲ့ မူလောက်ပဲ ဥပဒေပြုသင့်တယ်လို့ ထင်ပါတယ်။ ဒါကျွန် တော့် ပုဂ္ဂလိကအမြင်ပါ။ ပင်စင်ဆိုတာ ၀န်ထမ်းတောင် လုပ်သက်ပြည့် မှပဲ ခံစားရတာဖြစ်တဲ့အတွက် လွှတ်တော်သက်တမ်းတစ်ခုစာ တာဝန် ထမ်းရုံနဲ့ ပင်စင်ခံစားခွင့်ဆိုတာက အင်မတန်မှ စောသေးတဲ့အဆိုပြု ချက်တစ်ခုလို့ပဲ ထင်ပါတယ်။ နိုင်ငံအတွက် ဒီထက်အများကြီးလုပ်ဆောင်ပြလာကြတဲ့အခါ ပြည်သူတွေကို ပေးဖို့ တောင်းဆိုလာကြပါလိမ့်မယ်။ ပင်စင်ခံစားခွင့်ရှိသူဆိုတဲ့ Eligible Criteria မှာ စောစောက ပြောသလို အနည်းဆုံးလွှတ်တော်သက်တမ်း နှစ်ဆက်ဆက်တိုက်တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရမယ်။ အသက်အရွယ်အား ဖြင့် (၆၀) ကျော်ရမယ်ဆိုတာမျိုးပါဝင်တဲ့ ဥပဒေကြမ်းကတော့ အဆိုပြုတင်သွင်းတယ်ဆိုရင် ကြိုဆိုရမှာပါ။

ကိုမြင့်မြတ် (အင်ဂျင်နီယာ) ဗဟန်းမြို့နယ်

ပင်စင်ဆိုတာ နိုင်ငံတကာမှာက ဟိုးအစကတည်းက အစိုးရဆီမှာ အလုပ်လုပ်တယ်။ နိုင်ငံသားခိုလှုံခွင့်တောင်းပြီဆိုကတည်းက အလုပ် လုပ်ပြီဆိုတာနဲ့ ဘယ်လောက်ရာခိုင်နှုန်းအခွန်ဆောင်ရတယ်ဆိုတာရှိ တယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒါတွေက မထွန်းကားသေးဘူးပေါ့။ ဆိုလိုချင်တာက သူတို့ ဒီလိုလုပ်ဆောင်လာတယ်။ အသက်ကြီးလာတဲ့ အခါမှာ၊ တစ်လစာ ဘယ်လောက်ရတယ်ဆိုတဲ့အနေအထားမှာ ဘယ် လောက်ရာခိုင်နှုန်းဆောင်ထားတယ်ဆိုတာရှိတယ်။ အသက်ပြည့်လို့ ပင်စင်ယူတဲ့အချိန်မှာ အစိုးရကပြန်ပြီး ကြည့်ပေးတယ်။ ဒါကြောင့် လွှတ် တော်အမတ်တွေကကော ဘယ်လောက်အထိ နိုင်ငံတော်ကို အခွန်ဆောင်ခဲ့လဲ။ အခွန်ဆောင်ခဲ့တယ်ဆိုတာရှိလား၊ မေးချင်ပါတယ်။ အဲဒီလိုရှိခဲ့မယ်ဆိုရင်တော့ ဥပဒေအတိုင်းသူတို့ကိုပေးရမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ နိုင်ငံတော်မှာ ဘတ်ဂျက်တွေ လိုနေတဲ့ကြားထဲမှာ သူတို့ကို ပင်စင်တွေပေးနေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ထပ်ပြီးဆင်းရဲတွင်းထဲကို နက်နေဦးမယ် ထင်ပါတယ်။

ကိုဇော်သူရိန်ထွန်း (ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ) မုံရွာမြို့

လွှတ်တော်အမတ်တစ်ယောက်အတွက် ပင်စင်လစာ သိန်းငါးဆယ်ဆိုတာ ပြောပလောက်တဲ့ မက်လောက်စရာ ငွေကြေးမဟုတ်ပါဘူး။ ဒါပေမဲ့ လောလောဆယ်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၃၂ ယောက်အတွက် တစ်ယောက်ကို သိန်းငါးဆယ်စီပေးမယ်ဆိုရင် သိန်းပေါင်း သုံးသောင်းကျော်ကုန်ပါလိမ့်မယ်။ သိန်းပေါင်းသုံးသောင်း ကျော်ဆိုတာ ကျေးရွာတွေအတွက် စာသင်ကျောင်း၊ ဆေးရုံစတာတွေ အတော်များများ ဆောက်လုပ်လို့ရပါတယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းအနေနဲ့ စဉ်းစားသင့်ပါတယ်။ ကိုယ်ရတာ သိန်းငါးဆယ် ဘာမှမဟုတ်ပေမယ့် အားလုံးပေါင်းရင် သိန်းသုံးသောင်းကျော်ဆိုတဲ့ ငွေပမာဏကို လွှတ်တော်သက်တမ်းမကုန်ခင်လေး ပြည်သူ့မျက်နှာငဲ့ပြီး မယူသင့်၊ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ အရင်က ပိုင်ဆိုင်မှုတွေချပြဖို့ အဆိုတင်တုန်းက အားလုံးငြင်းခဲ့ကြပြီး အခု သိန်းငါးဆယ်ရမှာကျတော့ သဘောတူကြတယ်ဆိုရင်တော့ အတော်လေးကို နိုင်ငံရေးသိက္ခာကျသွားပါလိမ့်မယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် အရေးကြီးဆုံးက နိုင်ငံရေးဂုဏ်သိက္ခာပဲလေ။ ငွေသိန်းငါးဆယ်လေးနဲ့ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ လဲချင်သပဆိုရင်လည်း လဲကြပေါ့။ ကျွန်တော်တို့ ပြည်သူတွေက ဒီလုပ်ရပ်ကြီးကို မေ့သွားမယ့်သူတွေမှ မဟုတ်တာ။

မဖြိုးဒါလီမော် (တက္ကသိုလ်ဆရာမ) မန္တလေး

မယူသင့်သေးဘူးထင်တာပဲ။ ပြီးတော့ ကိုယ်စားလှယ်တွေ ကိုယ့် ကိုယ်ကိုယ်မေးကြပေါ့။ သိန်းငါးဆယ်ယူရလောက်အောင် လွှတ်တော်မှာ ငါဘယ်လောက်လုပ်ခဲ့သလဲဆိုတာ မညှာတမ်းမေးပါ။ အဖြေထွက်လာ လိမ့်မယ်။ ပြီးတော့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် လွှတ်တော် ထဲမှာ အလုပ်လုပ်ပါမယ်လို့ ပြောပြီး အခုလိုတောင်းဆိုနေတာက တိုင်းပြည်အတွက်လား၊ သူတို့အတွက်လား၊ နောက်ပြီး အရေးကြီးတဲ့အချက်က သက်တမ်းငါးနှစ်ကလေးနဲ့ ပငစင်ဒီလောက်ကြီးတောင်းဆိုလိုက်တယ်ဆိုတော့ လုပ်သက်တွေအများကြီးနဲ့ ပင်စင်နည်းနည်း မစို့မပို့ရနေတဲ့ သက် ကြီးရွယ်အိုပင်စင်စားဝန်ထမ်းဟောင်းတွေကို နည်းနည်းလောက်အားနာပါဦးလို့။ ပြီးတော့လည်း သူတို့ကို နားမလည်တာပါ။ ဘာအတွက်နဲ့များ ဒီပင်စင်ကိုတောင်းနေပါလိမ့်လို့ ကျွန်မပြောတာက ရှက်သင့်တာပါ။ ဘယ့်နှယ်မတန်တဆတောင်းရတယ်လို့။ တိုင်းပြည်က တော် တော်ကြီး အဆင်ပြေလာတဲ့ အချိန်ဆိုတစ်မျိုးပေါ့။

ဦးဘစီ (ရေစကြိုမြို့)

ကျွန်တော့်အမြင်ကတော့ တိုင်းပြည်ငွေတွေကို ပြုတ်ခါနီးတာ တောင် ရသလောက်ယူတယ်လို့ မြင်ပါတယ်။ ဥပဒေကတော့ ပြဋ္ဌာန်း ထားတာဟုတ်ပေမယ့် သူတို့တွေမယူသင့်ပါဘူး။ တိုင်းပြည်မှာ ဒီလောက်စီးပွားချွတ်ခြုံကျနေတာလေ။ ကန့်ကွက်ပါတယ်။ သူတို့တစ်တွေ ဥပဒေ အရယူတယ်ထားဦး တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေးတွေကို လှူလိုက်မယ်ဆိုရင် ဘယ်လောက်သမိုင်းကောင်းလိုက်မလဲ။ ဥပဒေက ဘယ်လို ပဲပြဋ္ဌာန်း၊ ပြဋ္ဌာန်းပေါ့ မယူသင့်ပါဘူး။ တစ်ယောက်ကျပ်သိန်း ၅၀ နဲ့ဆို ကိုယ်စားလှယ် ၆၀၀ ကျော်တွက်သာကြည့်၊ တိုင်းပြည်ဆင်းရဲနေချိန်မှာ ၀န်ထုပ်ဝန်ပိုးဖြစ်တာပေါ့။ NLD က အမတ်တွေကို ရာခိုင်နှုန်းနဲ့ ဖြတ်မှာ ပါ။ ဒါကြောင့်လည်း ပြည်သူက NLD ကို ယုံတာပေါ့။ ဥပဒေအရ ယူတယ် လို့ဆိုရင်တောင် လွှတ်တော်အမတ်တွေအနေနဲ့ တိုင်းပြည်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ပြန်လှူစေချင်ပါတယ်။ ပညာရေးဆိုရင်လည်း ကျောင်း တွေမှာ သောက်ရေသန့်၊ မိလ္လာတွေ လိုအပ်နေသလို ကျန်းမာရေးဆိုရင်လည်း ခေတ်မီတဲ့ကုသရေးစက်တွေ လှူသင့်ပါတယ်။

ကိုဝေမိုးနိုင် (မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ-တကသ)

ပင်စင်လစာဆိုတာ ကျွန်တော်နားလည်သလောက် တိုင်းပြည် တာဝန်ကို ကာလကြာမြင့်စွာကျေကျေပွန်ပွန်ထမ်းရွက်ခဲ့ကြတဲ့ ပြည်သူ့ ၀န်ထမ်းကြီးတွေကို သူတို့ရဲ့ တစ်သက်တာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေ အတွက် ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်ပါတယ်။ အခု လွှတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင်ပေးမယ်ဆိုတာက ပင်စင်ရဲ့ သဘောသဘာဝနဲ့ နည်း နည်းလေး အံချော်နေတယ်လို့ မြင်ပါတယ်။ နိုင်ငံရေးပင်စင် သိန်းငါး ဆယ်ပိုက်ပြီး လွှတ်တော်ကဆင်းကြမယ့် အမတ်တွေဟာ နောက်လာမယ့်ရွေးကောက်ပွဲတွေမှာလည်း ၀င်ပြီးယှဉ်ပြိုင်ကြဦးမှာပဲ။ နိုင်ငံရေးအလုပ် မှာ သက်တမ်းစေ့သွားတယ်ဆိုတာမျိုးမရှိတဲ့အတွက် သူတို့ကျန်းမာသန် စွမ်းနေသမျှကာလပတ်လုံး ရွေးကောက်ပွဲဝင်ခွင့်ရှိနေတယ်။ ဒီတော့ အချိန်မရွေးပြန်ရွေးကောက်ခံရနိုင်တယ်။ ဒါကြောင့် ပြည်သူ့ဝန်ထမ်းသဘောသဘာဝနဲ့မတူတဲ့ သက်တမ်းကန့်သတ်ချက်မရှိတဲ့ နိုင်ငံရေး သမားလွှတ်တော်အမတ်တွေကို ပင်စင်လစာပေးတယ်ဆိုတာ သင့်လျော်မှုမရှိဘူးလို့ မြင်ပါတယ်။ ဒါ့အပြင်လက်ရှိနိုင်ငံရဲ့ စီးပွားရေးအင်အား၊ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံမှုအခြေအနေတွေနဲ့ ချိန်ထိုးစဉ်းစားမယ်ဆိုရင်လည်း ကျွန်တော်သာဆို သိန်းငါးဆယ်ယူဖို့ တော်တော်နောက်ကျောမလုံဖြစ်မိမှာပဲ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ပြည်သူလူထုရဲ့ ရွေးကောက်တင်မြှောက်မှုအပေါ် အခြေခံပြီး လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်ရတဲ့ အမတ်တွေအနေနဲ့ ပြည်သူလူထုရဲ့ ပကတိဘ၀နဲ့ ကင်းကွာနေမယ်ဆိုရင် ပြည်သူတွေကလည်း သူတို့ရဲ့ ကိုယ်စားလှယ်တွေအဖြစ် ဘယ်တော့မှ ရွေးချယ်ဖို့ စဉ်းစားကြတော့မှာမဟုတ်ဘူးဆိုတာ လေးတော့ သတိပေးလိုက်ပါရစေ။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ)

အခုအပြင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပင်စင်ကိစ္စနဲ့ ပတ်သက်ပြီး ပြောသံဆိုသံတွေက တော်တော်ကို များပြားလာပါတယ်။အများစုကတော့ အပြစ်တင်တဲ့ပုံစံမျိုးတွေပါပဲ။ အဲဒီတော့ ဒီကိစ္စတွေ ဘယ်လိုစလာလဲဆိုတော့ အရင်အစိုးရလက်ထက်က ဥပဒေ ၂၂ ခုလောက်ပြဋ္ဌာန်းခဲ့တာရှိတယ်။ အဲဒီထဲမှာ ပင်စင်ခံစားခွင့်လည်းပါတယ်။တစ်လုံးတစ်ခဲတည်း ပင်စင်ခံစားခွင့်ဆိုတာပါပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ တိုင်းပြည်ဆင်းရဲတဲ့အထဲမှာ ငါးနှစ်လောက်နဲ့အဲဒီလောက်မခံစားသင့်ဘူးပေါ့။ လွှတ်တော်သက်တမ်းငါးနှစ်အတွင်းမှာ တော်တော်များများအလုပ်ဖြစ်ခဲ့ပါတယ်။ အစိုးရကို ကောင်းကောင်း checks and balacnces လုပ်နိုင်ခဲ့တယ်။ ပြည်သူအကျိုးရှိမယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်ခဲ့တယ်။ မလိုအပ်တဲ့ ဥပဒေတွေ ပယ်ဖျက်ပေးခဲ့တယ်။ နောက်ဝန်ထမ်းတွေ လစာတိုးအောင်လည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဒီငါးနှစ်အတွင်းမှာ လွှတ်တော်က ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ငါးနှစ်လောက်လုပ်ပေးတာနဲ့ ပင်စင်ယူမယ်ဆိုတော့ တိုင်းပြည်ကလည်း ဆင်းရဲနေတာ မယူသင့်ဘူးလို့ပြောကြပါတယ်။ ပင်စင် ကိစ္စမှာတော့ တချို့က ယူသင့်တယ်။ တချို့က မယူသင့်ဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့ ရုန်းကန်နေရတဲ့ ပါတီငယ်လေးတွေက ကိုယ်စားလှယ်တွေကတော့ ဥပဒေအရ ပေးရင်တော့ ယူချင်ပါတယ်။ တိုင်းပြည်က ဆင်းရဲတယ်၊ မပေးဘူးဆိုရင်လည်း မယူပါဘူး။

7Day News Journal

No comments:

Post a Comment

My Blog List