Tuesday, December 22, 2015

ကချင်-တရုတ်နယ်စပ် စစ်ဘေးဒုက္ခသည်များအတွက် အနွေးထည်များ လိုအပ်နေ


ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေ ကချင်-တရုတ်နယ်စပ် စစ်ဘေးရှောင် စခန်းများမှ ဒုက္ခသည်များအတွက် ဆောင်း ရာသီ အအေးဒဏ် ခံနိုင်သည့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။ ကချင်-တရုတ်နယ်စပ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းဖြစ်သည့် မှတ်တိုင် အထက် ၆၊ အောက် ၆ တို့တွင် ဆီးနှင်းများ ကျဆင်းပြီး အလွန်းအေးနေ၍ ဒုက္ခသည်များ ဆောင်းဒဏ်ခံနိုင်ရန်အတွက် အနွေးထည်များ လိုအပ်နေ ကြောင်း၊ ကျန်းမာရေးအတွက် ဆေးဝါးများ လည်း လိုအပ်နေကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝေါမ်က ဧရာဝတီကို ပြောပြသည်။
“နယ်ခြားမှတ်တိုင် ၆ မှာ အခုတလော အရမ်းအေးတယ်။ အိမ်ထဲကနေ အပြင်မထွက်ဘူး။ စားသောက်ဖို့ ဒီလကုန်အထိ လုံလောက် တယ်။ ဆေးဝါး၊ အထည်တွေစောင်တွေ လိုအပ်မယ်လို့ ကျနော်ထင်တယ်။ ပိုက်ထဲက ရေတွေခဲတယ်။ နေပူရင်တော့ ရေပြန်ရ တယ်။ ရေ အခက်အခဲ ရှိမယ်လို့ ထင်တယ်”ဟု ဦးဟိန်းဝေါမ်က ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၂ ခုတွင် ဒုက္ခသည် ၁,၈၀၀ ကျော် ရှိကြောင်း၊ စခန်းအတွင်းရှိ အဆောက်အအုံများ ပြန်ဆောက် လုပ်ရန် စီစဉ်နေကြောင်းလည်း ဦးဟိန်းဝေါမ်က ဆက်ပြောသည်။

ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးဇော်ရော် ကလည်း“မှတ်တိုင် ၆၊ ၇၊ ၈ မှာ နှင်းတွေဖုံးလွှမ်းနေ တယ်။ ကမ့်ကလူတွေ အချိန်ပြည့် မီးမွှေးပြီး နေရတယ်။ အဝတ်အစားတွေ လုံလောက်တယ်လို့ ပြောလို့မရဘူး”ဟု ဧရာဝတီကို ပြောသည်။

ကချင်-တရုတ် နယ်စပ် မှတ်တိုင် ၆ ဒုက္ခသည်စခန်းသည် ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၉,၀၀၀ ကျော် အမြင့်တွင် တည်ရှိပြီး လိုင်ဇာနှင့် မိုင် ၁၄၀ ကျော် ကွာဝေးသည်။

ထိုစခန်းသို့သွားသည့် ကားလမ်း အလွန်ကြမ်းတမ်းသဖြင့် အလှူရှင်များ စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက်ကူညီ လှူဒါန်း ရန် ခက်ခဲသည့် နေရာတခုလည်း ဖြစ်သည်။

KIO ထိန်းချုပ်ရာနယ်မြေတွင် စစ်ဘေးရှောင် ဒုက္ခသည် ၄သောင်းကျော် ရှိနေပြီး အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ် မတော်(KIA) တို့ကြား ၂၀၁၁ ခုနစ် ဇွန် ၉ ရက်မှစတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား ခဲ့ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်ဦးရေ တသိန်း နှစ်သောင်း ခန့်နှင့် စစ်ဘေးရှောင်စခန်း ၁၇၂ ခု ရှိကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List