Monday, December 21, 2015

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာနှစ်ဦးကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း တရားရုံးသို့ တင်ပြ


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားသဖြင့် ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း မြန်မာနှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က လျှောက်လဲချက် အကျဉ်းချုပ် အစီရင်ခံစာတစ်စောင်ကို ယနေ့ တရားရုံးသို့ တင်သွင်းလိုက်သည်။
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲတရားစွဲဆို ခံထားရသည့် မြန်မာနှစ်ဦး၏ အမှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။

အစီရင်ခံစာ အကျဉ်းချုပ်တွင် အဓိကအားဖြင့် အစွပ်စွဲခံဘက်မှ သက်သေ ၁၃ ဦးတို့၏ ထွက်ချက်များအနက် အရေးကြီးအချက်များ၊ ယင်းအချက်များကို တရားလို သက်သေထွက်ချက်များနှင့် နှိုင်းယှဉ်၍ပါ တင်ပြခဲ့ပြီး တရားသူကြီးအဖွဲ့မှ စီရင်ချက်ချရာတွင် ထည့်သွင်းစဉ်းစားစေရန် ယင်းအစီရင်ခံစာကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ညှင်းပန်းနှိပ်စက်ခံရခြင်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရခြင်းတို့ကြောင့် မြန်မာနှစ်ဦးက ပြစ်မှုကျူးလွန်သည်ဟု ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးစဉ်က ဝန်ခံခဲ့ရခြင်း ဖြစ်သဖြင့် တရားလိုဘက်က တရားရုံးသို့ တင်ပြခဲ့သည့် ပြစ်မှုကျူးလွန်သည်ဟု မြန်မာနှစ်ဦး ဖြောင့်ချက်ပေးထားသည့် ရုပ်သံမှတ်တမ်းကို အတည်မယူသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

လူသတ်မှုတွင် အသုံးပြုခဲ့သည်ဆိုသည့် ပေါက်တူးအရိုးတွင် တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇ (DNA) မှာ မြန်မာနှစ်ဦး DNA မဟုတ်ဘဲ အမည်မသိ အခြားသူများ၏ DNA သာ ဖြစ်နေသဖြင့် မြန်မာနှစ်ဦးသည် ပေါက်တူးနှင့် ပတ်သက်မှု မရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို စွပ်စွဲတရားစွဲဆိုရာတွင် အသတ်ခံရသူ၏ ကိုယ်ပေါ်တွင် တွေ့ရှိသည့် DNA နှင့် မြန်မာနှစ်ဦး၏ DNA မှာ ကိုက်ညီမှုရှိသည် ဆိုသည့် အချက်မှာ အဓိကအချက်အဖြစ် ပါဝင်နေသည်။

အမှုစွဲချက်တင်သည့် သက်သေအထောက်အထားများတွင် အခင်းဖြစ်ပွားရာ နေရာကို ပြသောဓါတ်ပုံများ၊ အလောင်းခွဲစိတ် မှတ်တမ်းများ၊ DNA စစ်ချက် ဖော်ထုတ်သည့် အဆင့်များ၊ မှုခင်းသိပ္ပံဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်များကို ထိန်းချုပ်သည့် စာရွက်စာတမ်းများ၊ DNA အသေးစိတ် စစ်ဆေးဖော်ထုတ်သည့် ဓာတ်ခွဲခန်း မှတ်တမ်းများ စသည်တို့မှာ ပြည့်စုံအောင် မပါရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းအပြင် ပြစ်မှုကျူးလွန်သူ၏ DNA ရှိနိုင်သော သေဆုံးသူ အမျိုးသမီး၏ အဝတ်အစားများနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများပေါ်တွင် စစ်ဆေးမှု မရှိခြင်း (သို့မဟုတ်) စစ်ဆေးမှု ရှိခဲ့သော်လည်း အမှုတွဲတွင် သက်သေအဖြစ် မတင်ပြခြင်းတို့သည် သံသယဖြစ်ဖွယ်ကောင်းကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

(ဓာတ်ပုံ- MWRN)
The Voice Weekly

No comments:

Post a Comment

My Blog List