Monday, December 21, 2015

“ဖြတ်သန်းလာခဲ့တဲ့ အနုပညာသမား ဘဝတစ်လျှောက်မှာ ဒီဘွဲ့ကတော့ အကြီးမားဆုံးဘွဲ့ပါပဲ” ဟာသသရုပ်ဆောင် ဗေလုဝနဲ့ တွေ့ဆုံခြင်း


နာမည်ကျော် ဟာသသရုပ်ဆောင် ဗေလုဝနဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲတွေမှာ ပြောဖြစ်တဲ့ အကြောင်း အရာများ၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ သူ့ရဲ့ ခံစားမှုများ၊ ဆန္ဒသဘောထားများကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 
Voice : လက်ရှိရိုက်နေတဲ့ မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်မှာ ဦးဗေလုဝရဲ့ ဇာတ်ကောင်စရိုက်က ဘယ်လိုပုံစံမျိုးလဲ။

BLW : ဒီကားကတော့ ဟာသကားပဲပေါ့။ ကိုယ်ကတော့ မင်းသားရဲ့ နောက်လိုက်ပေါ့။ ဇာတ်ရုပ်ကတော့ ပုံမှန်ပါပဲ။ သိပ်ပြီးတော့ ထူးထူးခြားခြား လုပ်ပြစရာ မပါပါဘူး။ ကိုယ်က မင်းသားကို ထိန်းကျောင်းရင်းနဲ့ နောက်ဆုံးမှာ ဇာတ်ထဲမျောသွားတာပေါ့။ 

Voice : ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး ဘယ်နှကားလောက် ရိုက်ဖြစ်လဲ။ ဒါရိုက်တာမီးပွားနဲ့ ရိုက်တဲ့ ဘီလူးရုပ်သံ ဇာတ်လမ်းတွဲကရော ဘယ်လိုဖြစ်သွားပြီလဲ။

BLW : ဒီနှစ်ထဲမှာ ကားကြီးတော်တော်များများ ရိုက်ဖြစ်ပါတယ်။ အကုန်လုံးကလည်း ကားကြီးတွေချည်းပဲ ရိုက်နေကြတာ ဆိုတော့လေ။ ဘီလူး ရုပ်သံဇာတ်လမ်းတွဲကတော့ မရိုက်ဖြစ်တော့ဘူး။ ဆယ်ပိုင်းလောက် ရိုက်ပြီးတော့ ရပ်လိုက်တာ။ ထုတ်လုပ်သူ အပြောင်းအလဲတွေရော၊ တခြားအခက်အခဲတွေရော ရှိလို့ပါ။

Voice : ဘီလူးဇာတ်ကောင်စရိုက်နဲ့ နောက်ထပ် ရုပ်ရှင်တစ်ကားလောက် ရော ရိုက်ချင်စိတ် မရှိဘူးလား။

BLW : ဒီပြင် Idea တစ်မျိုးနဲ့ပဲ ပရိသတ်ကို အသစ်အဆန်းတွေ ပေးချင်ပါတယ်။ ဘီလူးကတော့ ကျွန်တော့်အတွက် မှတ်တိုင်လည်း ဖြစ်ခဲ့ပြီဆိုတော့ တော်ပါပြီ။ နောက်ထပ် ဇာတ်ရုပ်အသစ်တွေပဲ ရိုက်ပြချင်တယ်။ အဲဒီအတွက်လည်း အခုပြင်ဆင်နေတာ ရှိပါတယ်။

Voice : အဲဒါကျတော့ ဘယ်လိုထူးခြားတဲ့ ဇာတ်ကားမျိုး ဖြစ်မလဲ။

BLW : အဲ့ဒါကတော့ ဗေလုဝနဲ့ မင်းသမီး ငါးယောက်ဇာတ်ပေါ့။ ကျွန်တော်ကတော့ မင်းသားပေါ့။ ဇာတ်လမ်းကတော့ မိုးနီလွင် ရေးထားတာ။ ဒီဇာတ်ကို ကိုခန့် (ခန့်စည်သူ) ဆီက ပြန်ဝယ်ရဦးမယ်။ သူရောင်းမရောင်းတော့ မသိသေးဘူး။ ဘီလူးပြီးတဲ့နောက်ပိုင်း၊ ထူးခြားတဲ့ ဇာတ်ရုပ်တစ်ခုပေါ့။

Voice : စာပေဟောပြောပွဲတွေရော ဘယ်တွေကို သွားဖြစ်နေလဲ။ စာပေဟောပြောပွဲတွေမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ပြောဖြစ်လဲ။

BLW : စာပေဟောပြောပွဲတွေကတော့ နေရာတော်တော်များများ သွားဖြစ်ပါတယ်။ နောက်ထပ်ပြီး မွန်ပြည်နယ်နဲ့ မကွေးဘက်တွေကိုလည်း သွားပြီးဟောပြောဖို့ ရှိတယ်။ စာပေဟောပြောပွဲတွေမှာတော့ အကြောင်းအရာစုံအောင် ပြောရတာပေါ့။ အဓိကကတော့ စိတ်တွေနဲ့ ပတ်သက်တာကို ပြောတာပေါ့။ နိုင်ငံပြောင်းလဲရေးမှာ အားလုံး စိတ်သန့်၊ လူသန့်နဲ့ ပါဝင်ကြဖို့ ပြောတာပေါ့။

Voice : စာပေဟောပြောပွဲ တစ်ခုနဲ့ တစ်ခုမှာ ပြောရတဲ့ အကြောင်းအရာ တွေကိုရော ဘယ်လိုပြင်ဆင်ဖြစ်လဲ။

BLW : အခုကတော့ စာပေဟောပြောပွဲတွေမှာ ပြောရတာတွေက အရင်ကနဲ့တော့ မတူတော့ဘူးပေါ့။ ရွေးကောက်ပွဲမတိုင်ခင်က ဟောရတဲ့ ပုံစံနဲ့ အခုဟောရတဲ့ ပုံစံတွေက မတူတော့ဘူး။ ပြည်သူတွေ ရင်ထဲမှာ အလုံးအခဲကြီး ကျသွားပြီလေ။ ဘဝမှာ စိတ်ကလေးတွေ ထားတတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်လည်း ကိုယ်လေ့လာထားသလောက် ပြန်ပြောပြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မိသားစုတွေလို ပြန်ပြီးဖောက်သည်ချတဲ့ သဘောပါပဲ။

Voice : အစိုးရသစ် အပြောင်းအလဲမှာ နိုင်ငံရဲ့ ရှေ့အနာဂတ်ကိုရော နိုင်ငံသားတစ်ယောက် အနေနဲ့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။.

BLW : အဲဒါကတော့ နိုင်ငံရဲ့ အပြောင်းအလဲမှာ ကျွန်တော်တို့လည်း နိုင်ငံသားတစ်ယောက် အနေနဲ့ အင်တိုက်၊ အားတိုက် စီးမျောပါဝင်ရမှာပေါ့။ ပြောရရင် ပြည်သူတွေက ခေါင်းဆောင်ကောင်းရဲ့ နောက်ကို လိုက်ဖို့ အရမ်းဆန္ဒ ပြင်းပြနေကြတယ်။ မျှော်လင့်နေကြတယ်။ သူတို့က ခေါင်းဆောင်ကောင်း ငတ်ခဲ့ရတာလေ။ နိုင်ငံရဲ့ အပြောင်းအလဲကာလမှာ အားလုံးက အင်တိုက်အားတိုက် လိုက်ပါကြမယ်လို့ ယုံကြည်ပါတယ်။

Voice : နိုင်ငံရဲ့ အကြီးအကဲပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးမှု အပေါ်ကိုရော နိုင်ငံသားတစ်ယောက် အနေနဲ့ ဘယ်လိုမြင်မိလဲ။

BLW : အဲဒီလို တွေ့ဆုံဆွေးနွေးတာက နိုင်ငံအတွက်လည်း အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်တယ် ဆိုကတည်းက မေတ္တာတရားတွေ ပါကြပြီလေ။ အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ကျွန်တော်တို့ကတော့ အနာဂတ်ကိုပဲ မျှော်မှန်းတယ်။ အနာဂတ်ကိုပဲ ကြိုက်တယ်။ ကျန်တာတွေ ထားလိုက်တော့။ ကျွန်တော်တို့က အနာဂတ်ကိုပဲ သွားချင်တာ။ ဒီထဲမှာ ဝဲမနေချင်တော့ဘူး။ ပစ္စုပ္ပန်ထဲမှာ ဝဲနေတာကြာပြီ။ တိုင်းပြည်လည်း မတိုးတက်ဘူး။ 

Voice : အဲ့ဒါဆို ဖြစ်ခဲ့တာတွေကိုမေ့ပြီး အနာဂတ်အတွက်ကိုပဲ ရည်ရွယ်ပြီး ကြိုးစားစေချင်တာပေါ့။

BLW : မေ့လိုက်ကြဖို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဘာပဲဖြစ်ဖြစ် သမိုင်းက သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်။ ကိုယ်ဆုံးဖြတ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အရိုးတွန်ကြလိမ့်မယ်။ ဒါတွေက ပျောက်သွားမှာ တော့ မဟုတ်ဘူးပေါ့ဗျာ။ ဖျောက်ထားလို့တော့ ရတာပေါ့။ ခဏတော့ ဖျောက်ထားလို့ ရတာပေါ့။

Voice : စစ်သူကြီး မဟာဗေလုဝဆိုပြီး နာမည်အသစ် ရသွားတဲ့ အပေါ်ကိုရော ဘယ်လိုခံစားလဲ။

BLW : ဒါကတော့ ဖြတ်သန်းလာခဲ့တဲ့ အနုပညာသမားဘဝ တစ်လျှောက်မှာ ဒီဘွဲ့ကတော့ အကြီးမားဆုံး ဘွဲ့ပါပဲ။ ကျွန်တော်တို့က သာမန်လူတွေပဲလေ။ အနုပညာသမားဆိုတော့ ပိုပြီး နှလုံးသား နုတာပေါ့ဗျာ။ အဲ့ဒီတော့ ဒေါ်စုက ဒီလိုပြောတဲ့အချိန်မှာ သာမန်လူသားတစ်ယောက်အနေနဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ ရင်ခုန်တာပေါ့။ အရမ်းဂုဏ်ယူ ဝမ်းမြောက်တာပေါ့။

The Voice Weekly

No comments:

Post a Comment

My Blog List