Monday, April 07, 2014

'ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ဘယ်အဖွဲ့အစည်းကမှ၊ဘယ်လူမျိုးစုကမှ ဒီပြည်ထောင်စုကနေခွဲထွက်ဖို့မတောင်းဆိုကြပါဘူး' ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(NCCT) အဖွဲ့ခေါင်းဆောင်ဦးနိုင်ဟံသာနှင့်တွေ့ဆုံခြင်း


မေး။ ။NCCT စတင်ဖွဲ့စည်းခဲ့တဲ့ လိုင်ဇာဆွေးနွေးပွဲကနေစပြီးအစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အရွေ့ဘယ်လောက်ရှိနေပြီလို့ပြော လို့ရပါသလဲ။
ဖြေ။ ။ လိုင်ဇာဆွေးနွေးပွဲမှာ တိုင်းရင်းသားများ၏ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့(NCCT)ကို စတင် ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပြီးတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ ရေးကို တိုင်းရင်းသားတွေအားလုံး အတွက် အခြေခံရပ်တည်ရမယ့်မူ ကိုလည်း ချပေးနိုင်တယ်။ တပ်မှာ အဲ့ဒီမူကတော့ အသေးစိတ်သိပ်ပြီး မပြည့်စုံသေးပေမယ့် အခြေခံမူကို တော့ရလိုက်တယ်။ အဲ့ဒီမူကိုရပြီး တော့မှ မြစ်ကြီးနားမှာ အစိုးရနဲ့ အန်ကယ်တို့ပထမအကြိမ်ဆွေးနွေး တယ်။ ဆွေးနွေးတော့ အမြင်တွေ တူညီမှုမရဘူးဗျ။ မရတော့ အပြင် ပိုင်းကနေ နည်းနည်း နည်းလမ်း ရှာရတာပေါ့ဗျာ။ ညှိနှိုင်းဖို့နည်း လမ်းရှာတော့ သူတို့ဘက်ကလဲ မူကအသေမဟုတ်ဘူး။ ညှိနှိုင်းလို့ ရပါတယ်ဆိုတဲ့အပေါ်မှာ အခုလို ထပ်ပြီးတော့ နည်းလမ်းရှာတာ ပေါ့။ 
 
အန်ကယ်တို့ဘက်ကလဲ မပြည့်စုံသေးတဲ့ လိုင်ဇာရဲ့မူကို လော်ခီးလာမှာထပ်မံပြီး ကွန်ဖရင့် လုပ်တယ်။ ထပ်မံပြီးတော့မူကို ရေးတယ်။ အဲ့ဒီ ရေးလိုက်တဲ့မူ ကိုလဲ အစိုးရဘက်ကိုပေးလိုက် တယ်။ အဲ့ဒီအထဲမှာသူတို့လက်မခံ နိုင်တဲ့အချက်တွေရှိတယ်။ သူတို့ ရပ်တည်ချက်ကိုလဲ အန်ကယ်တို့ လက်မခံနိုင်တဲ့အချက်တွေရှိတယ်။ သူ့မူကိုယ့်မူအပေါ်မှာ ကိုင်စွဲပြီး တော့ ဆွေးနွေးရတာ သိပ်ပြီးမပြေ လည်ဘူးဗျ။ မပြေလည်တဲ့အတွက် နည်းလမ်းကို ပြောင်းရတာပေါ့။ဟိုဘက်ကလဲလူတချို့ထည့်၊ဒီဘက် ကလဲလူတချို့ထည့်ပြီး သူ့အခြေခံ မူနဲ့ ကိုယ့်အခြေခံမူ နှစ်ခုအပေါ်မှာ သဘောတူညီမှုရနိုင်တဲ့အချက်တွေ ကို စုပြီးထည့်မယ်။ မရနိုင်သေးတဲ့ အချက်တွေကို ညှိနှိုင်းသွားမယ်။ညှိနှိုင်းပြီး သဘောတူညီမှုအနေ အထားကိုထည့်သွားမယ်။ တချို့ ဟာတွေကလဲ ဆက်ပြီး ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုတာပေါ့ ဗျာ။ သဘောထားဘယ်လိုရှိတယ်။ ဒါကြောင့် ဒီပွဲမှာမူတစ်ခုတည်း ဖြစ်ရေးကိုညှိတာပါ။ အစီအစဉ် ချနေတယ်။ ဒီအပေါ်ဘယ်လောက် နားလည်မှုရလဲဆိုတာ အပြတ် တော့ ပြောလို့မရသေးဘူးလေ။ နောက်ပိုင်း မှာမှ စောင့်ကြည့်ရ မယ်။

မေး။ ။ မူကြမ်းနှစ်စုံကို မူကြမ်း တစ်စောင်တည်းဖြစ်ပေါ်ရေးအတွက် ဘယ်လောက်အထိ မျှော်လင့်ချက် ရှိနေပြီလဲ။

ဖြေ။ ။ အမှန်က တကယ်ညှိဖို့ ဆိုရင် အားလုံးတူညီဖို့က သိပ်ပြီး မလွယ်ဘူး။ အများကြီးညှိနှိုင်းဖို့လို ပါသေးတယ်။

မေး။ ။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေအနေနဲ့အာဏာ ခွဲဝေရေး၊ သယံဇာတခွဲဝေရေးတွေ ပိုင်ပိုင်နိုင်နိုင်ဆွေးနွေးနိုင်မှ အပစ် အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ် လို့သိရတယ်။ ဒီတော့ တိုင်းရင်း သားတွေ လိုချင်နေတဲ့သဘော တူညီမှုတွေက ဘာတွေလဲဆိုတာ သိလိုပါတယ်ခင်ဗျ။

ဖြေ။ ။ အချုပ်ပြောရမယ်ဆိုရင် အန်ကယ်တို့ အဓိကလိုချင်တာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့လို တယ်။ အခုက ကျွန်တော်တို့နိုင်ငံ က ပြည်ထောင်စုလို့ နာမည်ခံ နေပေမယ့် တကယ့်ဖွဲ့စည်းပုံအရ တစ်ပြည်ထောင်စနစ်ဖြစ်နေတယ်။ပြည်နယ်တွေရှိပေမယ့် ဘာမှ အာဏာမရှိဘူး။ တိုင်းရင်းသား တွေမှာလဲ သူတို့လူမျိုးဆိုင်ရာအခွင့် အရေးတွေက ဘာတွေမရှိဘူးလဲ။ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ဖို့ဆိုရင် ပြည် နယ်တွေကို အခွင့်အရေးပေးရ မယ်။ နောက်လူမျိုးရေးဆိုင်ရာ၊ ပြည်နယ်မှာထွက်တဲ့ သယံဇာတ ခွဲဝေပေးမှု ဒါတွေအားလုံးပါလာ တာပေါ့ဗျာ။ ဒါတွေပြောမယ်ဆို ရင်တော့ အကျယ်ကြီးပဲဗျ။ စစ် မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အန်ကယ်တို့က လိုလားတယ်။အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိဖို့ လိုတယ်။ဒါအန်ကယ် တို့ရဲ့အခြေခံမူပဲ။

မေး။ ။ လာမယ့် သြဂုတ်လ ၁ ရက်နေ့ကို အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရကကြိုးစားသွားမယ်။ သတ်မှတ်ထားတယ်ဆိုတော့..။တကယ်ပဲ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ကြပါ့မလား။

ဖြေ။ ။ အခု အန်ကယ်တို့စီစဉ် နေတာကတစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးအတွက်ပဲ။ နိုင်ငံရေးအရ အကျယ်မဆွေးနွေးသေးဘူး။ ဒါ ပေမယ့် နိုင်ငံရေးအရ ဆွေးနွေး တဲ့နေရာမှာ ဒါတွေ၊ ဒါတွေပါဖို့ လိုတယ်။ ဥပမာပေါ့နော် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်တဲ့ ဒါတွေကတော့ ပါဖို့လို တယ်။စသည်ဖြင့်ပေါ့။ စစ်မှန်တဲ့ ဒီမိုက ရေစီနိုင်ငံကို အကောင်အထည် ဖော်ချင်တယ်။ ဒါကတော့ အာမခံ ချက်သဘောပါပဲ။ အသေးစိတ်က တော့ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကျမှပေါ့။

မေး။ ။ အစိုးရသက်တမ်းက သုံး နှစ်ပြည့်ခဲ့ပြီ။ ဒီမှာ နိုင်ငံတော် သမ္မတကပြောသွားတာရှိပါတယ်။ အချုပ်အခြာအာဏာကို ထိပါးမယ့် ကိစ္စရယ်၊ ပြည်ထောင်စုကနေ ခွဲထွက်ခွင့်တောင်းတဲ့ကိစ္စရယ်က လွဲရင် အားလုံးကိုဆွေးနွေးဖို့တံခါး ဖွင့်ထားတယ်လို့ ပြောတဲ့အပေါ်မှာ တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အန်ကယ် ကရော ဘယ်လိုသဘော ထားရှိပါသလဲ။

ဖြေ။ ။ သူတို့ကတော့ နိုင်ငံက ခွဲထွက်တာကို လက်မခံဘူး။အန်ကယ်တို့ ဒီကနေ့ဆွေးနွေးနေ တဲ့ ဘယ်အဖွဲ့အစည်းကမှ၊ ဘယ်လူမျိုးစုကမှ ဒီပြည်ထောင်စုကနေ ခွဲထွက်ဖို့ မတောင်းဆိုကြပါဘူး။ အန်ကယ်တို့တောင်းဆိုတာ စစ်မှန် တဲ့ပြည်ထောင်စုဖော်ပေးဖို့၊သဘော ကတော့ ပြည်နယ်တွေမှာ အမျိုး သားတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရတဲ့ပြည်နယ်တွေဖြစ်ဖို့။ဒါကြောင့် အဲ့ဒါကပြဿနာမရှိဘူး လို့မြင်တယ် နော်။နောက်အချုပ်အခြာအာဏာကို မထိပါးရေးဆိုတဲ့ နေရာမှာ တော့ အဓိက အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုတာက ပြည်ပက ဝင်ရောက်စွက်ဖက်မှုကိုဆို တယ်လို့ အန်ကယ်တို့ကထင်တယ်။ အန်ကယ်တို့လဲ ပြည်ပကို အားကိုးနေတာမဟုတ်ဘူး။ ပြည်ပ အင်အားတွေကို ခေါ်လာတာလဲ မဟုတ်ဘူး။ ဒီအတွက်ကတော့ ထူးထူးခြားခြား ငြင်းမနေပါဘူး။

မေး။ ။ ယခင်ဆွေးနွေးပွဲတွေမှာ မတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပါဝင်တက်ရောက် လာတာတွေ့ရတယ်။ သူတို့တွေက NCCT အဖွဲ့မှာ ပါဝင်ပူးပေါင်းဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။ ။ တချို့အဖွဲ့တွေက နာဂ ဆိုရင် ကျွန်တော်တို့နဲ့ တော်တော် လေးဆက်သွယ်မှုက အဆက်ပြတ် နေတယ်။ အားနည်းနေတယ်။အဲ့ဒါကတော့ လမ်းပန်းဆက်သွယ် ရေးအရရော၊ တခြားဆက်သွယ် ရေးနည်းလမ်းတွေအရရောခက်ခဲ မှုတွေရှိတယ်။ နောက် 'ဝ'တို့၊ မိုင်းလားတို့ဆိုရင်လဲ တော်တော် လေးဝေးတယ်။ နည်းနည်းဝေး နေတဲ့အပေါ်မှာကြောင့် ဖြစ်မှာပါ။ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်တဲ့အပေါ်မှာ အားလုံးပါဝင်ဖို့ လိုတယ်။ တချို့အဖွဲ့ကိုအပစ်ရပ်ပြီး တချို့အဖွဲ့ကိုတိုက်တဲ့ပုံစံမျိုး မဖြစ် စေချင်ဘူး။ ဒါကတော့ အန်ကယ် တို့ အဓိကထားရမယ်။ နောက် တစ်ချက်ကတော့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင် တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ပုံစံမျိုး ကိုလဲမလိုချင်ဘူး။ ဒါကြောင့် အဲ့ဒီ လိုဆက်မဖြစ်လိုတဲ့နေရာမှာ လိုအပ် တဲ့ပြင်ဆင်မှုတွေ၊ အချက်အလက် တွေလိုတယ်။ ကျန်တဲ့အဖွဲ့တွေ NCCT အဖွဲ့ထဲ ပါစေချင်တယ်။ ပြောတော့ မပြောရသေးဘူး။ဆွေးနွေးပွဲတွေမှာပါစေချင်တယ်။

The Union Daily

No comments:

Post a Comment

My Blog List