Friday, April 11, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလမှစ၍ ဆက်တိုက်ပြုလုပ်နိုင်ရန် စီစဉ်ထား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလမှစ၍ ဆက်တိုက်ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဧပြီ ၉ ရက်တွင် ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ  ၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သဖြင့် ယခုအချိန်တွင် ကော်မတီသက်တမ်း မှာ နှစ်လကျော် ကြာရှိပြီဖြစ်သည်။

“လက်ရှိအချိန်အထိတော့ ကျွန်တော်တို့ကော်မတီရဲ့ လုပ်ငန်းအကောင်အထည် ဖော်မှုက ပြီးခဲ့တဲ့လွှတ်တော် မပြီးဆုံးမီကာလက အတိုင်းပဲ။ ဘာမှလှုပ်ရှားမှု မရှိသေးဘူး။ လာမယ့် လွှတ်တော်အစည်းအဝေးတွေက မေလတတိယပတ်မှာ ပြန်စမယ်လို့ သိရတယ်။ လွှတ်တော် အစည်းအဝေးတွေ ပြန်လည်မစတင်ခင် နှစ်ပတ်အလို မေလပထမပတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစည်းအဝေးတွေကို စတင်ဖို့ စီစဉ်ထားကြပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်ပြုလုပ်ဖို့ ရှိသလို စနေ၊ တနင်္ဂနွေတွေလည်း ပါချင်ပါမယ်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် ဆောင်ရွက် ရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မူဝါဒချမှတ် ပြောကြားထားသည်။

ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်အောင် ပြင်ဆင် သင့်သည့် အကြောင်းအရာများ၊ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက်ထားရှိသင့်သည့် အကြောင်းအရာ များကို လေ့လာဖော်ထုတ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ် ဖြစ်ပေါ်သည်အထိ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်သည်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲစေသည်ဟု နိုင်ငံတကာမှ ပြောကြားနေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လုပ်ကိုလုပ်ရမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဖေဖော်ဝါရီ ၁၉ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။

ကော်မတီကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး၊ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ ချင်းတိုးတက်ရေး ပါတီမှတစ်ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ တစ်ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တစ်ဦး စုစုပေါင်း ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

eleven media group

No comments:

Post a Comment

My Blog List