Sunday, April 06, 2014

အပစ်အခတ်ရပ်စဲရေးအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည်


တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်သွားပြီးတဲ့နောက်မှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးဟာ အစိုးရရဲ့ အဓိက ရည်မှန်း ချက်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရေး ပထမနေ့ ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ ဒီနေ့ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းက အခုလို ပြောသွားတာပါ။

"တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို စာချုပ်လက်မှတ်ရေးထိုးပြီးတာနဲ့ တပြိုင်နက်တည်း မှာ ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသော အမျိုးသား ပြန်လည်စည်းလုံးညီညွှတ်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ဖို့အတွက် လိုအပ်မည့် ကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ရေးပဲဖြစ်ပါတယ်၊ မိမိတို့အနေဖြင့် အထက်ပါရည်မှန်းချက် ၃ ခုထားရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးရဖို့ လက်တွေ့အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့လိုကြောင်း၊ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးတဲ့နောက်ပိုင်း တကျော့ပြန်စစ်ရေး ပဋိပက္ခတွေကိုကြည့်ရင် နိုင် ငံရေးဆွေးနွေးမူတွေ မဖြစ်ပေါ်ခဲ့လို့ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခု ရေးဆွဲရေးအတွက် အစိုးရဖက်က တင်ပြလာ မယ့်မူကြမ်းနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဖက်က တင်ပြလာမယ့်မူကြမ်းကို နှစ်ဦးနှစ်ဖက် သဘော တူနိုင်မယ့် မူကြမ်းတစ်ခုရရှိရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော် မတီခေါင်းဆောင် ဦးသိန်းဇော်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းညှိနှိုင်းရေး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပဒို စောကွယ် ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ကြပါတယ်။

ဒါ့အပြင် NCCT အဖွဲ့ဝင်မဟုတ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List