Tuesday, April 08, 2014

ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ရေရှည်တွင် ကြွေးမြီဝန်ထုပ်ဝန်ပိုး များနှင့်အတူ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ကြုံတွေ့ရမည်ဟု ခန့်မှန်း

Tuesday, April 8, 2014
မြန်မာနိုင်ငံအနေဖြင့် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေသည့်အတွက် ရေရှည်တွင် ကြွေးမြီဝန်ထုပ်ဝန်ပိုး များနှင့်အတူ ငွေကြေးဖောင်းပွဲမှုကိုလည်း ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မေခဆောင်ဖောင်ဒေးရှင်းမှ စီစဉ်သည့် နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်း လေ့လာသုံးသပ်ခြင်း ဆွေးနွေးပွဲတွင် ပညာရှင်များ၏ သုံးသပ်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဘတ်ဂျက်လိုငွေပြမှု နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နေပြီး လက်ရှိအနေအထားအား ခန့်မှန်းသုံးသပ်ကြည့်ပါက နောင် နှစ်နှစ် သုံးနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှင့်အတူ ဘတ်ဂျက်လိုငွေပြမှုလည်း ဆက်ရှိနေဦးမည်သာ ဖြစ်ကြောင်းလည်း သိရသည်။ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံတွင် သုံးငွေနှင့် ၀င်ငွေမမျှတပါက ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်တတ်ကြောင်း၊ ဘတ်ဂျက်အမျိုးအစား သုံးမျိုးရှိကြောင်း လိုငွေပြဘတ်ဂျက်၊ ပိုငွေပြဘတ်ဂျက်နှင့် balance budget ဟူ၍ သုံးမျိုးရှိကြောင်း၊ သို့သော် balance budget မှာ သီအိုရီအားဖြင့်သာရှိပြီး လက်တွေ့တွင် balance budget ဟူ၍မရှိကြောင်း သိရသည်။ "ရှေ့နှစ်တွေမှာ ဘတ်ဂျက်လိုငွေဟာ ဘီလျံ ၃၀၀၀ လောက်အထိ ရှိလာမှာပါ။ ဘတ်ဂျက်လိုငွေဟာ ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် မပိုရင် ပြဿနာမရှိဘူးဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ တကယ်တော့ မြင့်တဲ့အချိန်မှာ အများကြီး မြင့်နိုင်သလို နိမ့်တဲ့အချိန်မှာလည်း အများကြီး နိမ့်နိုင်ပါတယ်။ ဒီလိုဘတ်ဂျက်လိုငွေတွေ ဆက်တိုက်ပြရင် ကျွန်တော်တို့က ရေရှည်မှာ ကြွေးမြီဆိုတဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်လာမှာမယ်။ ဆိုတော့ ဘတ်ဂျက်လိုငွေမြင့်ရင် financing ဘယ်လို လုပ်မလဲဆိုတာ အရေးကြီးတယ်။ ဆိုတော့ ငွေချေးဖို့ လိုလာတယ်။ ချေးတယ်ဆိုတဲ့နေရာမှာ ပြည်သူဆီက ချေးမယ်။ သို့မဟုတ်ရင် နိုင်ငံခြားက ချေးမယ်။ သို့မဟုတ်ရင် နှစ်ခုစလုံးဆီက ချေးချင်လည်းချေးမယ်။ ပြည်သူ့ဆီက ချေးတယ်ဆိုတာက အစိုးရက ပြည်သူကို ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းမယ်။ ငွေတိုက်လက်မှတ်တွေ ထုတ်ရောင်းမယ်။ ငွေတိုက်စာချုပ်ကတော့ တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်ဆိုပြီး သက်တမ်း အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ အဓိကပြဿနာက ငွေတိုက်လက်မှတ် သုံးလပဲ သက်တမ်းရှိတယ်။ အတိုးနှုန်းကိုကြည့်ရင် ငွေတိုက်စာချုပ်တွေက ၈ ဒသမ ၇၅ ရာခိုင်နှုန်းကနေ ၉ ဒသမ ၅ ရာ ခိုင်နှုန်းအထိ ရှိတယ်။ ငွေတိုက်လက်မှတ်ကျတော့ လေးရာခိုင်နှုန်းပဲရှိတယ်။ ဒါကြောင့် ငွေတိုက်လက်မှတ်ကျတော့ ဘယ်သူမှမ၀ယ်ဘူး။ မ၀ယ်တဲ့ အခါကျတော့ ဒါကို ဗဟိုဘဏ်က ၀ယ်ရတယ်။ ဗဟိုဘဏ်က ၀ယ်တယ်ဆိုတာ ပိုက်ဆံကို ထပ်ပြီးရိုက်ထုတ်တာပါ။ ဒါကြောင့် ဒီနေ့ခံစားနေရတဲ့ ငွေကြေးဖောင်းပွမှုက အဲဒီအကျိုးဆက်တွေပါပဲ" ဟု ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ အငြိမ်းစား ဒုညွှန်ချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
"ဘတ်ဂျက်မှာ ပိုငွေပြဘတ်ဂျက်ဆိုရင် တိုင်းပြည်အတွက် ကောင်းပါတယ်။ ဒါပေမဲ့ လိုငွေပြဘတ်ဂျက် ဆိုရင်လည်း manage လုပ်နိုင်ရင် ကောင်းတယ်လို့ မြင်ပါတယ်။ မလုပ်နိုင်ဘူး ဆိုရင်တော့ မကောင်းဘူးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဘတ်ဂျက်ရေးဆွဲရာမှာ fiscal policy လို့ခေါ်တဲ့ ရငွေဖြစ်ပေါ်လာဖို့အတွက် အခွန်ကောက်ခံမှုကရတဲ့ ၀င်ငွေက အဓိကဖြစ်လာပါတယ်။ ရငွေကို ဘယ်လိုရှာမလဲ။ အသုံးစရိတ်တွေကို ဘယ်လိုခွဲဝေမလဲ။ လိုတဲ့ငွေကို ဘယ်လိုရှာဖွေသုံး စွဲမလဲဆိုတာ စီမံဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ယခုနှစ်ပိုင်းတွေ အတွင်းမှာ မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေဟာ လေးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းလောက် ကြားမှာရှိနေပါတယ်။ ဒီပမာဏဟာ မြင့်လာဆိုရင်တော့ နိုင်ငံတကာ စံနှုန်းတွေနဲ့ပြောရရင် မြင့်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ ကျွန်တော်တို့က တစ်နှစ်ဘတ်ဂျက်ကိုပဲ ရေးဆွဲနေကြတာပါ" ဟု ၎င်းက ပြောကြားသည်။

တကယ်တမ်းတွင် ဘတ်ဂျက်ဆိုသည်မှာ သုံးနှစ်မှ ငါးနှစ်အထိ ရေးဆွဲထားရန် လိုအပ်ကြောင်း၊ ရှေ့ငါးနှစ်တွင် ဘတ်ဂျက် အနေအထားမည်သို့ ဖြစ်လာမည်ကို မသိနိုင်သော်လည်း လွန်ခဲ့သည့်နှစ်နှစ် သုံးနှစ်က အနေအထားကို ကြည့်ခြင်းအားဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ဘတ်ဂျက်လိုငွေသည် နောင်သုံးနှစ်မှ ငါးနှစ်အထိ ပေါ်ပေါက်ဦးမည်ဟု ခန့်မှန်းနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးကာလ ဖြစ်သည့်အတွက် သုံးစွဲရန်ကဏ္ဍများ အများကြီး ရှိနေသေးကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်လိုငွေ ဆက်လက် ဖြစ်ပေါ်နေဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ၂၇၇၃ ဘီလျံ ရှိနေပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် လျာထားဘတ်ဂျက်အရ ဘတ်ဂျက်လိုငွေ ၂၉၁၇ ဘီလျံထိရှိနေပြီး ဂျီဒီပီ၏ ၄ ဒသမ ၉၄ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးခြားရပ်တည်နိုင်သွားပြီ ဆိုသည့်အတွက် ငွေကြေးမူဝါဒနှင့် ပတ်သက်ပါက ဗဟိုဘဏ်၏ လက်ထဲတွင် ရှိနေသည် ဆိုသော်လည်း ငွေစက္ကူရိုက် ထုတ်ရန်အတွက် ဗဟိုဘဏ်ဆုံးဖြတ်ချက်ဖြင့် လုပ်နိုင်သည် ဆိုသော်လည်း ယင်းကဲ့သို့ လုပ်နိုင်ရန် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ အချိန်ကြာဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးပိုမို များလာနိုင်သည့် ငွေတိုက်စာချုပ်များနှင့် ငွေတိုက်လက်မှတ်များလည်း ထုတ်ဝေရောင်းချမှုများလည်း နောက်နှစ်နှစ် သုံးနှစ်အထိ ရှိလာဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အနေဖြင့် ကြွေးမြီဒဏ်ကို ခံကြရဦးမည် ဖြစ်သကဲ့သို့ ငွေကြေးဖောင်းပွမှု ဒဏ်ကိုလည်း ခံကြရဦးမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်လိုငွေပြမှုများ လျှော့ချနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အလားတူ ဘတ်ဂျက်လိုငွေပြသည့် အကြောင်းရင်းထဲတွင် အစိုးရအသုံးစရိတ် မြင့်တက်နေကြောင်း၊ မြန်မာပြည်တွင် စုစုပေါင်းဝန်ကြီးဌာန ၃၀ ကျော်ရှိနေပြီး ၀န်ကြီးဌာန အသုံးစရိတ်များ မလိုအပ်ဘဲ မြင့်တက်နေကြောင်း သုံးသပ်နေသည်။

"ဘတ်ဂျက်နဲ့ပတ်သက်ရင် ရငွေလည်း အရေးကြီးသလို သုံးငွေလည်း အရေးကြီးတယ်။ သုံးတဲ့အခါမှာလည်း efficient ဖြစ်အောင် သုံးစေချင်ပါတယ်။ မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေ အရမ်းဖောင်းပွနေပါတယ်။ ဒါကြောင့် ဘတ်ဂျက်မှာ မကုန်သင့်တာ ကုန်တာတွေလည်း များနေတယ်။ ဒါကြောင့် ရတာထက် သုံးတာက ပိုများနေတယ်။ ဂျာမနီနိုင်ငံဆိုရင် ၀န်ကြီးဌာန ၂၀ တောင် မပြည့် ပါဘူး။ နိုင်ငံတော်တော်များများမှာ ၀န်ကြီးဌာနနည်းတာ တွေ့ရပါတယ်" ဟု ဒေါက်တာ အောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ) က သုံးသပ်ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List