Monday, April 07, 2014


မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်အတွင်း ကျုံးဘေးပတ်လည်တွင် ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်ခွင့် ပါမစ်ကို တစ်ဆင့်ပြန်လည်ရောင်းချပါက ကျုံး တောင်ဘက်ခြမ်းတွင် ကျပ်သိန်းရာဂဏန်း ၀န်းကျင် အထိ ဈေးနှုန်းရှိနေကြောင်း သင်္ကြန်မဏ္ဍပ်မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မဲမပေါက်ခဲ့သော ပြင်ပမှဝယ်ယူ လိုသူများ ထံမှ သိရသည်။
“သင်္ကြန်မဏ္ဍပ် မဲနှိုက်တာမပေါက်တဲ့ အတွက် ပြင်ပကနေ လက်လွှဲပြန်လည် ၀ယ်ယူဖို့ အတွက် ဈေးစုံစမ်း တော့ ကျုံး တောင်ဘက်ခြမ်းမှာ ကျပ်သိန်း၈၀နဲ့ ၁၀၀ ကြား ဈေးနဲ့ ပြန်ရောင်း ချင်တဲ့သူတွေရှိပါတယ်။ ၀ယ်ယူတဲ့သူရှိပါတယ်။ ကျွန်တော် တို့ကတော့ မ၀ယ်ပါဘူး” ဟု ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးက ပြောသည်။

ကျုံးဘေးပတ်လည်တွင် ကျုံးတောင် ဘက်ခြမ်း၌ မဏ္ဍပ် ၁၅ ခုသာ ဆောက်လုပ်ခွင့်ပြုထားသည်။ တည် ဆောက်လိုသည့် အရေအတွက်နှင့် ချထားပေးသည့် အရေ အတွက်မှာ ကိုက်ညီမှုမရှိသဖြင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးတစ်ရပ် ပေါ်ထွန်းလာခြင်း ဖြစ်သည်။

“သင်္ကြန်မဏ္ဍပ်တည်ဆောက်ခွင့်အတွက် မဲစနစ်နဲ့ မြို့တော်စည်ပင်မှာ နှိုက် ပါတယ်။ အဲဒီထဲမှာ တချို့က မရလည်း အရင်း၊ ရလည်းအမြတ်ဆိုပြီး ၀င်နှိုက်တာ တွေ ပါပါတယ်။ အဲဒီအခါမှာ အခုလို ပြဿနာတွေ ဖြစ်လာတာပဲ။ စပေါ်ကြေးက ငါးသိန်း ပြင်ပရောင်းဈေးက သိန်း ၈၀ လောက်ရှိတော့ အမြတ်များများ ကျန်တဲ့အတွက် အခုလိုလုပ်ကြတာဖြစ်ပါတယ်”ဟု မဏ္ဍပ်တည်ဆောက်လိုသည့် လုပ်ငန်းရှင် တစ်ဦးဖြစ် သည့် ကိုနေသူက ပြောသည်။

ယခုကဲ့သို့သော ပြဿနာများမဖြစ်ပွားစေရန် ရန်ကုန်တွင် ထိရောက်သော ဒဏ်ကြေးများ သတ်မှတ်ဆောင် ရွက် သော်လည်း မန်္တလေးတွင်မူ စစ်ဆေးမှုပိုင်းနှင့် ထိရောက်သော ဒဏ်ကြေးတပ်ရိုက်ခြင်းများ မရှိဟု ၎င်းတို့က ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူတစ် ဦးက “ကျွန်တော်တို့အနေနဲ့ စည်းကမ်းချက်နဲ့မညီတဲ့ သူတွေကို စစ်ဆေးမှုတွေစနေပြီဖြစ်ပါတယ်။ အဲဒီ ထဲမှာ စည်းကမ်းချက်နဲ့မညီတဲ့ မဏ္ဍပ်တွေကိုလည်း တွေ့ရပါတယ်။ ဒါတွေကို သတိပေးတာတွေ လုပ်နေ ပြီဖြစ်ပါတယ်။ မန္တလေးမြို့တွင်း တချို့မဏ္ဍပ်တွေဆိုရင် ဆောက်လုပ်ခွင့်မတင်ဘဲ ဆောက်နေတာတွေရှိ ပါတယ်။ အဲဒါတွေကိုလည်း စစ်ဆေးဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

မန္တလေးမြို့ သင်္ကြန်မဏ္ဍပ်နေရာချ ထားရာတွင် ၂၀၁၄ခုနှစ်၌ မဏ္ဍပ် ၅၃ ခုအတွက် ငွေကျပ် သိန်းလေးရာ ကျော် ကောက်ခံရရှိထားသည်ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ ကျုံးဘေးပတ်လည်တွင် မဏ္ဍပ်ပေါင်း ကနဦးတွင် ၃၄ ခု၊ လက်ရှိ၌ ၃၆ခုအထိ ရှိနေပြီဖြစ်ရာ မြို့တွင်းတွင် အလှပြမဏ္ဍပ်တစ်ခု၊ ရေကစားမဏ္ဍပ် ၉ခုနှင့် ကန်တော်ကြီး၌ ရေကစားမဏ္ဍပ်ခုနစ်ခု လက်ရှိ တည်ဆောက်နေပြီဖြစ်သည်။

မန္တလေးကျုံးလေးဘက်တွင် တောင် ဘက်ကျုံးမှာ မဏ္ဍပ်အများဆုံးနှင့် နှစ်စဉ် အစည်ကားဆုံးဖြစ်သည်။ ဒုတိယအ စည်ကားဆုံးမှာ အရှေ့ကျုံးဖြစ်ပြီး ကျန်အ နောက်နှင့် မြောက်ဘက်တို့မှာ မဏ္ဍပ်နည်း ပါးပြီး ရေစုပ်စက်၊ မီးသတ်ပိုက်များဖြင့် ရေကစားမှုများသာ များပြားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List