Wednesday, April 09, 2014

ကျောက်ပန်းတောင်းမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင် ဆွေးနွေးရေးအတွက် အင်အား ၂၀၀၀ ကျော်ဖြင့် ဆန္ဒဖော်ထုတ်


ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၈ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင် ဆင်ပေးရေး၊ ပုဒ်မ ၅၉ (ဃ)၊ ၅၉(စ) ဖျက်သိမ်းပေးရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆောင် ရွက်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲကို ပြည်သူလူထုအင်အား ၂၀၀၀ ကျော်ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ညောင်ဦး၊ ဂွေးချို စသောမြို့နယ်များမှ ပါဝင်သော လူထုအင်အား (၂၀၀၀)ကျော်သည် စည်ပင်သာယာ ပန်းခြံတွင် နံနက် ၁၀ နာရီတွင် စတင်စုစည်း ကာ ကျောက်ပန်းတောင်းမြို့လယ် လမ်းမကြီးအတိုင်း လမ်းလျှောက်ချီတက်ခဲ့ကြပြီး ပုဒ်မ ၄၃၆ ပြင် ဆင်ပေးရေး၊ ပုဒ်မ ၅၉(ဃ)၊ ၅၉(စ) ဖျက်သိမ်းပေးရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးရေး အမြန်ဆောင် ရွက်ပေးရန်တို့ တောင်းဆိုကာ ဆိုင်းဘုတ်များကိုင်ဆောင်လျက် ကြွေးကြော်သံများဖြင့် ၁၂ နာရီအထိ ချီတက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တိုအားလုံး အဆင်ပြေပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့နဲ့လည်း ကောင်းမွန်သော ပူးပေါင်းဆောင် ရွက်မှုနဲ့ ပူးပေါင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ တင်ခဲ့တာပါလည်း ပါပါတယ်။ ၈၈ ပွင့်လင်းက ကျောက်ပန်းတောင်းက လူငယ်တွေလည်း ပါတယ်။ အဓိက တောင်းဆိုတာက ပုဒ်မ ၅၉(စ)၊ ၆၅၉(ဃ) ဖျက်သိမ်းပေးရေး၊ ၄၃၆ ပြင်ဆင်ပေးရေးနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး အမြန်ဆောင်ရွက်ဖို့ အချက်(၄)ချက်ပါ” ဟု ကျောက်ပန်းတောင်းမြို့မှ ဆန္ဒဖော်ထုတ်ရေး ဦးဆောင်သူ ကိုရဲမင်းထွေး (ခ)ကိုရဲက ပြောပါသည်။

“ဒီဆန္ဒပြပွဲဖြစ်ဖို့ ကျွန်တော်တို့မြို့မှာ ငါးဦးကော်မတီ ဖွဲ့ပါတယ်။ NLD ကသုံးဦး၊ ၈၈ က(၂)ဦး၊ ပြီးမှ ဘဏ္ဍာရေးကော်မတီတွေ ဆပ်ကော်မတီတွေ ဆောင်ရွက်တယ်။ NLD တွေပါတယ်၊ ၈၈ တွေပါတယ်၊ NGO တွေပါတယ်၊ ပြည်သူလူထုပါတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံ ကိုကျော်စိုးမင်း(ခ) ကပ်ပလီက ပြောပါသည်။

လူထုဆန္ဒ ဖော်ထုတ်ပွဲအား မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် အေးချမ်းစွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့မှ ဒေသခံများသည် ဆန္ဒဖော်ထုတ်ပွဲ ညနေပိုင်းတွင် မြစ်ဆုံစီမံကိန်းအတွက် ရန်ကုန်မြို့မှ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေသည့် အဖွဲ့အား ဂွေးချိုတွင် သွားရောက်တွေ့ ဆုံမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့သည် ဂွေးချို၊ချောက်မှတစ်ဆင့် ပုဂံညောင်ဦးသို့ ဖြတ်သန်းကာ ပခုက္ကူ မှတစ်ဆင့် ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List