Sunday, April 06, 2014

သီလ၀ါအထူးစီးပွားရေးဇုန်မှ လယ်သမား ၂၀ ကျော်နှင့် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြသူ ၅၀ ကျော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရောက်ရှိလာသော်လည်း တွေ့ခွင့်မရ


သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နေသောနေရာတွင် ယခင်က လယ်လုပ်ကိုင်ခဲ့သော လယ်သမား ၂၀ ကျော်သည် ဧပြီ ၅ ရက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာ ၎င်းတို့၏ နစ်နာမှုများကို ပြောကြားခွင့်ရရန်  ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်ကတည်းက စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ကြောင်း သိရသည်။
စုစုပေါင်း ၂၅ ဦးခန့်ရှိသော အဆိုပါ လယ်သမားဆိုသူများသည် သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၄၀၀ မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၅ ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရန် သတင်းပို့ထားသော်လည်း ပြန်လည် အကြောင်းပြန်ခြင်း မရှိသဖြင့် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

“ဟက်တာ ၄၀၀ ကလူတွေ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ပြောင်းရွှေ့ကြေး မရတဲ့ကိစ္စရယ်၊ ကျွန်တော် တို့ သီလ၀ါဘေး ပေါက်ကျေးရွာက လူတွေကိုလည်း သီးနှံလျော်ကြေးပဲပေးမယ်။ လယ်ယာမြေလျော်ကြေး မပေးဘူးဆိုတာရယ်၊ ရွာတွေရွှေ့ပြောင်းပေးရမယ့်ကိစ္စတွေမှာ တရားဥပဒေစိုးမိုးမှု မရှိတာတွေကို ဒေါ်စုကို တင်ပြချင်လို့ ရောက်လာတာပါ”ဟု ဦးအေးထွန်းက ဆိုသည်။

ထို့အတူ မိကျောင်းကန်သပိတ်စခန်းမှ  ဆန္ဒပြသူ ၅၀ ကျော်သည် ဧပြီ ၅ ရက် ည နေ ၅ နာရီခွဲ ၀န်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့တွင် ၎င်းနှင့်တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့ကြသည်။ အင်အား ၅၀ ကျော်ရှိသော အကူအညီတောင်းခံသူများတွင် အသက် ၆၀ ကျော် အသက်အရွယ်ကြီးရင့်သူ ဘိုးဘွားအများစု ပါဝင်ခဲ့ပြီး ည ၈ နာရီခန့်ထိ  စောင့်ဆိုင်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့်မရရှိခဲ့ဘဲ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါ်အောင်ဆန်းစုကြည့်၏ ဆရာဝန်နှင့်သာ
 တွေ့ဆုံခွင့် ရရှိခဲ့သည်။

တောင်းဆိုနေသူများသည် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ မိကျောင်းကန် ပြည်သူများကို အမေစု ထွက်တွေ့ပေးပါ” ကြွေးကြာ်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တံခါးဝတွင် နှစ်နာရီခန့် ကြာမြင့်စွာ တောင်းဆိုခဲ့သည်။

“အမေစုက ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ အကူအညီလာတောင်းတာပါ။ ဒီက လူတွေအားလုံးက အမေ့ကိုအားကိုးတယ်။ အားကိုးစရာဆိုလို့ အမေပဲရှိတယ်။ အစိုးရကတိတွေ အထပ် ထပ်ပေးပြီး  နောက်ဆုံးတော့ ဒီအခြေအနေကို ပြန်ရောက်လာတယ်” မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြ သူများကိုယ်စား မနေနွယ်သန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်းကို ပြောကြားသည်။

“ဒီကိုရောက်နေတဲ့ မိဘတွေက  အမေစုရဲ့ ကျန်းမာရေးကို ဂရုထားမယ်လို့ ယုံကြည်ပါတယ်။ အမေစုက မှာလိုက်တယ် လာတဲ့အဖွဲ့တွေရဲ့ခံစားချက်၊ လိုလားချက် အားလုံးကို သဘောပေါက်ပါတယ်တဲ့။ အမေစုရဲ့ အသက်အရွယ်က နားနေဖို့ လိုပါတယ်” ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တာဝန်ယူထားရသော ဒေါက်တင်မျိုးဝင်းက ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က မိကျောင်းကန်အဖွဲ့မှ ကိုယ်စားလှယ်လေးဦးခန့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ လာရောက်တင်ပြကာ ညှိနှိုင်းပေးရန်အတွက် ရုံးကိုမှာထားမည်ဖြစ်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List