Thursday, April 10, 2014

ထောင်ဒါဏ်ချမှတ်ခံရသည့် ဒီဗွီဘီသတင်းထောက်အတွက် ဝတ်ပြုဆုတောင်း


ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့်  မကွေးမြို့နယ် တရားရုံးက ဧပြီ ၇ ရက်တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အတွက် သတင်းထောက် (၃ဝ)ခန့်က ယနေ့နေ့လည်တွင် ဆူးလေစေတီ၌ ဝတ်ပြုဆုတောင်းခဲ့ကြသည်။
“ကိုဇော်ဖေ အမြန်ဆုံးလွှတ်မြောက်ဖို့ လာရောက်ဆုတောင်းပေးခဲ့ကြတာပါ၊ သူ့ကို ထောင်ချလိုက်တာဟာ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့လည်းဆန့်ကျင်နေပါတယ်၊ ပြီးတော့ လိုရင်
လိုသလို လုပ်လို့ရတဲ့ ဥပဒေတွေ ရှိနေသေးတယ်ဆိုတာကိုလည်း ပြလိုက်တဲ့သဘောပါ”ဟု ဒီဗွီဘီရုပ်သံ သတင်းထောက် ကိုအောင်ပိုင်စိုး က ပြောသည်။

ဂျပန်နိုင်ငံ ပညာသင်ဆုတစ်ခုနှင့် ပတ်သက်ပြီး မကွေးတိုင်းပညာရေးမှူးရုံးထံ သတင်းသွားယူခဲ့သည့် အဆိုပါ သတင်းထောက်ကို မကွေးတိုင်းဒေသကြီး ပညာရေးဌာနက တရားလိုပြုလုပ်၍ ၂ဝ၁၂ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှုနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ဝတ္တရားနှောက်ယှက်မှုတို့ဖြင့်မကွေးမြို့နယ် တရားရုံးက ဧပြီ ၇ ရက်တွင် ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းထောက် ကိုဇော်ဖေ နှင့်အတူ အမှုတွဲ ကိုဝင်းမြင့်လှိုင်တို့ကို ခြွင်းချက် မရှိ ပြန်လည်လွှတ်ပေးရန် ဒီဗွီဘီ သတင်းဌာနက ကြေငြာချက်တစ်စောင်ထုတ်ပြန်၍လည်း တောင်းဆို ထားပြီး ယခု ဝတ်ပြုဆုတောင်းမှုသည့် ဒုတိယမြောက် တုန့်ပြန်မှုလည်း ဖြစ်သည်။

“သတင်းမီဒီယာသမားတွေအားလုံး ပါဝင်တဲ့ ဆန္ဒထုတ်ဖော်မှုကိုလည်း သင်္ကြန်ပြီးရင် လုပ်သွားဖို့ ရှိပါတယ်၊ ကိုဇော်ဖေတစ်ယောက်တည်းအတွက် မဟုတ်ဘဲ မီဒီယာလောကတစ်ခုလုံးအတွက်ပါ၊ ဒီရက်ပိုင်းအတွင်း ခွင့်ပြုမိန့် တင်သွားမှာပါ”ဟု ကိုအောင်ပိုင်စိုး က ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် သတင်းထောက်ကိုဇော်ဖေ၏ အမှုနှင့်ပတ်သက်၍ မကွေးခရိုင်တရားရုံး၌ အယူခံ ဝင်သွားရန် သက်ဆိုင်ရာ ရှေ့နေနှင့် ညှိနှိုင်းကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံ ဒီဗွီဘီရုံးတာဝန်ခံ ဦးတိုးဇော်လတ် ၏ ပြောကြားချက်အရ သိရသည်။

ထက်နောင်နောင်
The Myanmar Age

No comments:

Post a Comment

My Blog List