Saturday, April 12, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှစ်စီးမီးလောင်ကာ လူ ၁၂ ဦးခန့်သေဆုံးကာ လေးဦးပျောက်ဆုံးနေ







ဧပြီလ ၁၂ရက် နံနက် ၂နာရီ ၁၀မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းဖြူးမြို့နယ် မိုင်တိုင် ၁၁၆တွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့်တောင်ပြာတန်းခရီးသည်တင်ယာဉ်နှင့် မတ်တူးယာဉ် တိုက်မိကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၂ဦး သေဆုံးခဲ့ သည်ဟု တောင်ကြီး မြို့ တောင်ပြာတန်း အမြန်ယာဉ်အသင်းဂိတ်မှူး မချိုက မဇ္ဈိမကိုပြောသည်။

သေဆုံးသူများသည် တောင်ပြာတန်း မှန်လုံအမြန်ယာဉ်ပေါ်မှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ကလေးတစ်ဦး၊ ကျားမခွဲခြားမရသေးသူ တစ်ဦးနှင့် မတ်တူးယာဉ်ပေါ်ပါ ခြောက်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် တောင်ပြာတန်းယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ပျောက် ဆုံးနေဆဲဖြစ်သည်။

"ကားသမားက သေသွားတယ်တော့ ပြောတယ်။ ရဲကပြောတာတော့ ယာဉ်မယ်တစ်ယောက်ပဲ ဒဏ်ရာ ရတယ် ပြောတယ်"ဟု မချိုက ပြောသည်။

ယာဉ်ပေါ်တွင်ပါသည့် အန္တရယ်ကင်းရှင်းသူများကို ဧပြီလ ၁၂ရက် နံနက်ပိုင်းတွင် ၇ဦးတစ်ဖွဲ့၊ ၈ဦးတစ်ဖွဲ့၊ လေးဦးနှစ်ဖွဲ့ ခွဲ၍ ရန်ကုန်သို့ ကားများဖြင့် ပို့ဆောင်ခဲ့ပြီး မီးလောင်ဒဏ်ရာရသူ များကို ဖြူးဆေးရုံတွင် နှစ်ဦး၊ တောင်ငူဆေးရုံတွင် ၁ဦး ဆေးကုသထားသည်ဟု မချိုက ပြောသည်။

သို့သော် အမြန်လမ်းရဲတပ်ဖွဲ့၏ မီးလောင်ဒဏ်ရာရရှိသူစာရင်းမှာ ခရီးသည် ၅ဦးဖြစ်ပြီး တောင်ငူဆးရုံတွင် ၁ဦး၊ ဖြူးဆေးရုံတွင် ၄ဦး ဆေးကုသမှု ခံယူလျှက်ရှိသည်ဟု ဖြူးအမြန်လမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။

ယာဉ်နှစ်စီး မီးလောင်ခဲ့ရသည့် ဖြစ်စဉ်သည် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာ သည့် တောင်ပြာတန်းအမြန်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၁၁၆အရောက်တွင် မတ်တူးယာဉ် တစ်စီးကို ကျော်တက်ရမှ တိုက်မိကာ မတ်တူးယာဉ်သည် အမြန်ယာဉ်၏ အောက်သို့ ရောက်ရှိသွားပြီ ကားနှစ်စီးလုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် ရေးသားထားသည်။

"သေဆုံးသူစာရင်းက အတိကျ မသိရသေးပါဘူး၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲ ရှိပါသေးတယ်၊ ဘယ်သူဘယ်ဝါ သိရတဲ့ သေဆုံးသူဦးရေက (၁၁)ဦးလောက်ရထားပါပြီ"ဟု ဖြူးအမြန်လမ်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

တောင်ပြာတန်းမှန်လုံခရီးသည် ယာဉ်သည် ပုံမှန်အားဖြင့် ခရီးသည် ၄၄ဦးဆံ့ပြီး ယခုမီးလောင်ခဲ့သည့် ကားပေါ်တွင် ခရီးသည် မည်မျှပါသည်ကိုမူ မသိရှိဟု တောင်ကြီးမြို့ တောင်ပြာတန်းအမြန်ယာဉ်အသင်း ဂိတ်မှူး မချိုက မဇ္ဈိမကို ပြောသည်။

မီးလောင်ကျွမ်းသည့် ကားနှစ်စီးကို ဖြူးမြို့ မီးသတ်တပ်ဖွဲ့နှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းငြှိမ်း သတ်ခဲ့ရာ နံနက် ၃နာရီ ၂၀မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကျော်မျိုးမြင့် ဦးစီးကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျှက်ရှိသည်။ ယာဉ်ပေါ်တွင် ပါသည့် ခရီးသည်အရေအတွက်နှင့် သေဆုံးသည့် မှတ်တမ်း အတိအကျကိုမူ ဧပြီ ၁၂ရက် နေ့လည် ၁၂နာရီအထိ အတည်ပြုချက် မရရှိသေးပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List