Friday, April 11, 2014

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံတွေ့ဆုံပွဲကို ဧပြီလတွင် ထပ်မံ ပြုလုပ်မည်


ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်ဟု ဖလုံဆဝေါ် ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။
ဧပြီလ ၁၀ ရက်က ပြည်ဦးလွင်မြို့တွင် ပြုလုပ်သည့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲ (အထက်မြန်မာပြည်) အပြီးတွင် မန်းအောင်ပြည်စိုးက မဇ္ဈိမကို ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“ခလယ်တံခွန်တိုင်ရွာမှာ လုပ်ဖို့ရှိပါတယ်။ အခုပွဲကိုလည်း ကရင်လူမျိုး တစ်ရာနီးပါလောက်တက်ပါတယ်။ ဒီလိုပွဲလေး လုပ်ဖြစ်တဲ့အတွက် အထက်မြန်မာပြည်မှာရှိတဲ့ ကရင်အမျိုးသားတွေ အလွန်ကိုပဲ ၀မ်းသာနေကြပါတယ်”ဟု မန်းအောင်ပြည်စိုးကပြောသည်။

ပြည်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် ကြိုဆိုထောက်ခံပွဲသည် အထက်မြန်မာပြည်တွင် ပထမဆုံးနှင့် နောက် ဆုံးအကြိမ်ဖြစ်သည်။ အဆိုပါ ပွဲကို ကရင်အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ (KUPC) က ဦးစီးပြုလုပ်ခြင်းကဖြစ်ပြီး အထက်မြန်မာပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။

မြန်မာပြည်အထက်ပိုင်းတွင် ကရင်လူမျိုးနည်းပါးသည့်အတွက် တစ်ကြိမ်သာ ပြုလုပ်ရခြင်းဖြစ်သည်ဟု လည်း မန်းအောင်ပြည်စိုးက ဆက်လက်ပြောကြားသည်။

“အထက်မြန်မာပြည်မှာရှိတဲ့ ကရင်အမျိုးသားတွေကလည်း သူ့တို့ ကရင်ခေါင်းဆောင်တွေနဲ့မတွေ့ တာကြာပြီဆိုတော့ ပြန်ဆုံပေးတဲ့သဘောပါ၊ အခုဆိုရင် လုပ်ခဲ့တဲ့ပွဲတွေက စုစုပေါင်းရင် အကြိမ်နှစ် ဆယ်ကျော်လောက်ရှိပါပြီ၊ ပွဲတိုင်းကိုတော့ ဒီခေါင်းစဉ်နဲ့ပဲလုပ်တာပါ”ဟု KUPC အဖွဲ့ဝင် စောလှထွန်း က ပြောသည်။

ပြည်ဦးလွင်တွင်ပြုလုပ်ခဲ့သည့် အဆိုပါပွဲကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကရင်တိုင်းရင်းသား ပါတီများ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အထက်မြန်မာပြည်ရှိ ကရင်တိုင်းရင်းသားများနှင့် ဧည့်သည်တော်များစုစုပေါင်း ၁၁၄ ဦးတက်ရောက်ခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အထက်မြန်မာပြည် ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များမှ ကရင့်အမျိုးသားပညာရေး မြင့်မားအောင် စီမံကိန်းဖြင့် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်စေလိုပါသည် စသည့်တောင်းဆိုချက်များ ပါဝင်သည့် စာတစ်စောင် KUPC ကို ပေးပို့ထားသည်။

KUPC မှ ဦးစီးပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲများကို တနသာင်္ရီတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတိုင်း၊ အစရှိသည့် မြို့များတွင် ကျင်းပပြုလုပ်ပြီးဖြစ်သည်။

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ( KUPC) ကို ၂၀၁၂ ခုနှစ် မတ်လတွင် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင်တိုင်းရင်းသား ပါတီများ ၊ကရင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ စုစည်းတည်ထောင်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List