Sunday, April 06, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့၏ ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့စတင်



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးညှိနှိုင်းမှု ရန်ကုန်ဆွေးနွေးပွဲ ပထမရက်ကို ဧပြီ ၅ ရက်က ရန်ကုန်မြို့ရှိ  Myanmar Peace Center ၌ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းတစ်ခု တည်းဖြစ်အောင် ရေးဆွဲနိုင်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အစိုးရဘက်မှ  အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စု ၀န်ကြီး လေးဦး၊ လွှတ်တော်ဘက်မှ UPWC ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်အပါအ၀င် သုံးဦး၊ တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ခြောက်ဦး အပါအ၀င် စုစုပေါင်း ရှစ်ဦး ပါဝင်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ဘက်မှ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပဒိုကွယ် ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်တို့အပါအ၀င် NCCT အဖွဲ့ဝင် ၁၆ဖွဲ့မှ ကိုယ်စားလှယ်များ၊ NCCTအဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး မှု ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မိမိတို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန်မှစပြီး ယနေ့တိုင် လက်နက်ကိုင်ပဋိပက္ခပေါင်းစုံ ဖြစ်ပွားနေခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နဲ့ ငြိမ်းချမ်းရေးရရှိရန် အစိုးရအဆက်ဆက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ပေမယ့် ယနေ့အချိန်ထိခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း မရှိသေးတာကိုလည်း ငြင်းဆို၍မရသော အချက်ဖြစ်ပါတယ်။ သို့သော်လည်း ယနေ့မိမိတို့ ရောက် ရှိနေသော ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် အဆင့်ဆင့်ဟာ မျှော်လင့်ချက်များရှင်သန်ပြီး အာမခံချက်ရှိသော၊ အခွင့်အလမ်းများ ပွင့်လင်းနေသောအနေအထားဟု ဆိုနိုင်ပါတယ်”ဟု ပြောကြား သည်။

ပြည်တွင်းနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုအဆင့်ဆင့်ကို ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်နှင့် ချိတ်ဆက် စဉ်းစားရန် လိုအပ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ လူမှုစီးပွားပြုပြင်ပြောင်းလဲမှုများသည် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်နှင့် အပြန်အလှန်အကျိုးပြု မည်ဖြစ်သည်ကို အထူးသတိပြုစေလိုသည်ဟုလည်း ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ကလည်း ပြည်တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုး တက်မှုများစွာ နောက်ကျခဲ့ရသည်ဟု ပြောကြားသည်။

“အခု ဒီဝိုင်းမှာထိုင်နေတဲ့သူ တော်တော်များများဟာ ပြည်တွင်းစစ်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့မှ နှစ်ပေါင်းများစွာ တိုက်ခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့တာဝန်တွေ မကင်းပါဘူးလို့ ပြောရမှာဖြစ်တယ်။

ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလိုနှစ်ပေါင်းများစွာ ဖြေရှင်းလာပေမယ့် ကျွန်တော်တို့ရဲ့ အရင့်အရင်က ဖြေရှင်းတဲ့နည်းက မမှန်ကန်ဘူးလို့ ပြောရမယ်။ အဲဒီလို မမှန်ကန်လို့ မပြေလည်တဲ့အပြင် ကျွန်တော်တို့ပြည်တွင်းစစ်က ပိုပြီးတော့တောင် ကျယ်ပြန့်လာတယ်။ကျွန်တော်တို့နိုင်ငံရဲ့ခေတ်နောက် ကျမှုက ပိုပြီးတော့တောင် ရှည်ကြာလာတယ်။ အဲဒီလိုအနေအထားဖြစ်နေတယ်။ ဒီတော့ ဒီလိုအကျိုးမရှိတဲ့ နည်းလမ်းကို ကျွန်တော်တို့ ခေတ်ကာလမှာ ကျွန်တော်တို့ပြောင်းလဲဖို့ သင့်ပြီ။ ဒီလိုအနေ အထားကနေမှ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့နိုင်ငံအေးချမ်းဖို့အတွက် နည်းလမ်းရှာဖို့ဆို တဲ့နေရာမှာ ကျွန်တော်တို့မှာ တာဝန်ကြီးကြီးမားမား ရှိပါတယ်” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် ကိစ္စနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ခွဲထွက်မည်ဆိုသည့်ကိစ္စမှလွဲရင် အခြားကိစ္စ အားလုံးကို ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားသည်ဟု  နိုင်ငံတော်သမ္မတက အတိအလင်းကြေညာ ထားပြီး ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် မည်သည့်ကိစ္စကိုမဆို လက်နက်ကိုင်ပြီး တောင်းဆိုရန် မလိုအပ်သကဲ့သို့ တောင်းဆိုချက်များကိုလည်း လက်နက်ကိုင်ပြီး ပယ်ချရမည့် ခေတ်ကာလ မဟုတ်တော့ဘဲ နိုင်ငံ၏ အနာဂတ်အတွက် ညှိနှိုင်းဆွေးနွေးမှုများနှင့် အဖြေရှာရမည့် အခြေအနေဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားသည်။

“အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့အတွက် ယနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကြီးကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ကျွန်တော်တို့ ဆောင်ရွက်သွားနိုင်ကြမယ်လို့ ကျွန်တော့် အနေနဲ့ မျှော်လင့်ပါတယ်။ ပြည်သူတွေ အားလုံးအားကိုးမျှော်လင့်နေတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ ခန်းမကြီးရဲ့သော့ကို ဖွင့်ဖို့ရာအတွက်က အဓိကအကျဆုံးဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဒီသော့တံနဲ့ ဖွင့်ကြရတော့မှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ဖွင့်နိုင်လိမ့်မယ်လို့ လုံးဝဥဿုံယုံကြည်ပါတယ်”ဟု ဦးသိန်းဇော်က ပြောကြားသည်။

NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းကလည်း “နိုင်ငံရေးအမြင် သဘောမတူတဲ့အပေါ်မှာ ကျွန်တော်တို့ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ချေမှုန်းကြတယ်။ ဒါပေမဲ့ အခုတက်လာတဲ့ အစိုးရသစ်မှာကျတော့ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ဆိုတဲ့ သဘောထားကို ချလာတဲ့အပေါ်မှာ  ကျွန်တော်တို့ အင်မတန်ပဲ ၀မ်းသာမိပါတယ်။ ဒါက ပထမဦးဆုံးတိုင်းရင်းသားက လိုလားတဲ့ ပြည်သူတွေက လိုလားတဲ့ လိုအပ်ချက်ဖြစ်တယ်။ ခုနက ဦးသိန်းဇော်ပြောသလို ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ဖို့ အတွက် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ရှိဖို့ဆိုတဲ့ သော့က ကျွန်တော်တို့ အခုဒီမှာထိုင်နေ တဲ့ ခေါင်းဆောင်ကြီးတွေရဲ့လက်ထဲမှာရှိတယ်။ ဒါကိုကျွန်တော်တို့ ဒီသော့ကို ဖွင့်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီတာဝန်ကို ကျွန်တော်တို့ပြည်သူတွေ လိုလားတဲ့ တိုင်းရင်းသားတွေလိုအပ်တဲ့ ဆန္ဒလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ကျွန်တော်တို့မှာ အများကြီးတာဝန်ရှိပါတယ်”ဟု ပြောကြားသည်။

ဆက်လက်ပြီး ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ NCCT အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နှင့် နှစ်ဖက် ဖိတ်ကြားချက်အရ တက်ရောက်လာသည့် NCCT အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်aသာ “၀” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ(၄)၊ မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီအဖွဲ့မှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊  မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ “၀” အမျိုးသားအဖွဲ့ချုပ်၊ ရခိုင်တပ်မတော်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ စသည်တို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List