ဗြိတိန်ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir Peter Wall ၏နေရာတွင် မြေပြင်တပ်ဖွဲ့များ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Sir Nicholas Carter အား ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် အစားထိုး ခန့်အပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကာကွယ်ရေး ဝန်ကြီး Philip Hammond က အတည်ပြု ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ကြည်းတပ် ဦးစီးချုပ်အဖြစ် စတင် တာဝန်ယူသည့် အချိန်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး Carter အား ဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ ၄င်းနှင့် အတူ တာဝန် ထမ်းဆောင်ရန် မျှော်လင့်လျက် ရှိကြောင်းနှင့် ပိုမိုကျစ်လျစ်ပြီး စွမ်းဆောင်ရည် ရှိသော ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြေအနေ အမျိုးမျိုးတွင် လျင်မြန်စွာ ဆောင်ရွက်နိုင်သည့် တပ်မတော် တည်ဆောက်ရေး အတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အကောင် အထည်ဖော်ရန် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း Philip Hammond က ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် အာဖဂန်နစ္စတန်နှင့် လစ်ဗျား အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးများ ဆောင်ရွက် နေချိန်တွင် တပ်မတော် အရန်အင်အား ပြန်လည် တည်ဆောက်ရေး စတင်ခဲ့မှုနှင့် အမြဲတမ်း တပ်မတော် ပုံစံပြန်လည် အသက်သွင်းမှုတို့ကြောင့် ဆူပူမှုများ ဖြစ်ပေါ် နေချိန် ကာလအတွင်း ဗိုလ်ချုပ်ကြီး Sir Peter Wall ၏ ခေါင်းဆောင်မှုကို ဂုဏ်ပြုမှတ်တမ်းတင် အပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment