Thursday, February 27, 2014

“ဝ”မျိုးနွယ်စုများအား အမျိုးမျိုးကွဲပြားခေါ်ဝေါ်နေခြင်းနှင့် ပတ်သက်၍ “ဝ”ဟု တစ်မျိုးတည်းသာ ခေါ်ဆိုရန် ဆုံးဖြတ်


“၀”လူမျိုးစုများအားအမည်နာမ အမျိုးမျိုးကွဲပြားခေါ်ဝေါ်နေခြင်းနှင့် ပတ်သက်၍ “၀”လူမျိုးဟုသာ တစ်စုတစ်မျိုး တစ်လုံးတည်း ခေါ်ဝေါ်အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်မြောက်ပိုင်း“၀”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ယမန်နေ့ ဖေဖော်ဝါရီ(၂၄)ရက်တွင် တရားဝင်ပြောကြားသွားပြီး နိုင်ငံတော်သမ္မတရုံးနှင့် အခြားသက်ဆိုင်ရာဌာနများ၊ အစိုးရလူဝန်မှု ကြီးကြပ်ရေးဌာနှင့်၊ မြန်မာနိုင်ငံသန်းခေါင်စာရင်း ကောက်ခံရေးကော်မတီရုံးသို့ အသိပေး တောင်းဆိုထားသည်ဟုလည်း ဆိုသည်။

အထက်ပါ“၀”လူမျိုးနွယ်စု တိုင်းရင်းသားများမှာပြည်နယ်ဒေသအလိုက် နေထိုင်ကြပြီး ဒေသဘာသာစကားဖြင့် အမည်နာမ အမျိုးမျိုး ခေါ်ဝေါ်နေခြင်းကြောင့် နောင်တချိန်တွင်“၀”မျိုးနွယ်စုပျောက်ကွယ်မည့်အရေးကို စိုးရိမ်နေ၍ ယခုလို နိုင်ငံတော်အစိုးရနှင့်ပြည်သူအပေါင်းတို့အား အသိပေးရခြင်းဖြစ်ကြောင်း၊ ယင်းကြောင့်မြန်မာနိုင်ငံပြည်နယ်ဒေသအတွင်း နေထိုင်ကြသော“၀”လူမျိုးနွယ်စုများကို “၀”လူမျိုးဟုသာဖြစ်ရမည်ဟုဆိုလိုထားသည်ကိုဆက်လက်သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ၂၀၁၄ခုနှစ်မတ်လတွင် ကောက်ခံမည့်နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းတွင် လွဲမှားမှုမရှိအောင် အရေးတကြီးလိုအပ်နေကြောင်း၊ ရှမ်းမြောက်ပိုင်းဒေသ တန့်ယန်း၊ ဟိုပန်မြို့နယ်များတွင် “၀”မျိုးနွယ်စုများကို ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့်“လွယ်လှ”ဟုခေါ်ဝေါ်နေပြီး နိုင်ငံသားမှတ်ပုံတင်၌ လွယ်လှလူမျိုး ဖြစ်သွားခြင်းကြောင့်“၀”လူမျိုး သွေးစည်းရေးကို အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ ယင်းအပြင် ရှမ်းပြည်တောင်ပိုင်း တွင်လည်း ဆမ်တောင်း၊ ရှဲမ်းကြင်း၊ လွယ်၊လွယ်လှဟု ဒေသစကားဖြင့် အမျိုးမျိုးခေါ်နေသည့်အပေါ် ၎င်းတို့အား “၀”လူမျိုးဟုသာ တစ်လုံးတည်းခေါ်ဆိုအသုံးပြုပေးရန် လိုလားကြောင်း ယခုလိုရှင်းပြရခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင်“၀”တိုင်းရင်းသားများမှာ ယခင်ရှေးနှစ်ပေါင်းများစွာက တိဘက်ကုန်းမြေမြင့်ဒေသမှ ဆင်းသက်လာကြပြီး နိုင်ငံတွင်းသံလွင်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသများတွင် နေထိုင်လာခဲ့ကြကြောင်း၊ အချိန်ကာလအကြာရေကြည်ရာမျက်နုရာ ရွှေ့ပြောင်းနေထိုင်လာရင်းမှယခုလိုပြည်ထောင်စုတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားများဖြစ်ကြောင်း သမိုင်း အထောက်အထားအရ သိရသည့်အပြင် “၀”လူမျိုးစုသမိုင်းကိုပေစာ၊ ကျောက်စာအရ “၀”၊ လ၀၊ လ၊ လွဟု ခေါ်ဝေါ် အက္ခရာ တင်ထားခြင်းလည်းဖြစ်ကြောင်း၊ အင်္ဂလိပ်လူမျိုးများပင်“၀”ကို “WA”(WA STATE)ဟု သတ်မှတ်ထားသလို၊ တရုတ်လူမျိုး များကလည်း“၀”ကိုချူ(WA CHU)ဟု ခေါ်လျက်ရှိကြောင်း၊ ယင်းကြောင့် ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းနှင့် နိုင်ငံသားမှတ်ပုံ တင်ရေးကိစ္စများတွင် သေချာစိစစ်ရန် လိုအပ်နေပြီဟု ၎င်းအမျိုးသားစည်းလုံး ညီညွတ်ရေးပါတီက ပြောဆိုထားသည်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊“၀”အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဌဦးညီပလုပ်က“အရင်အစိုးရမဆလ လက်ထက် တုန်းက“၀”လူမျိုးနွယ်စုတွေကို လွယ်နဲ့လွယ်လှဖြစ်လိုက် အမျိုးမျိုးအမည်နာမသတ်မှတ်ကြပါတယ်၊ ကြာလာတော့“၀”တိုင်းရင်းသားအမှန်နည်းလာပြီး တခြားတိုင်းရင်းသားဖြစ်သွားသလို ရောက်သွားပါတယ်၊ ဒီလိုသာလူမျိုးတွေကို အမည်နာမ ခွဲခြားနေမယ်ဆိုရင် နိုင်ငံရေးလမ်းကြောင်းမှာ လူမျိုးရေးပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်၊ လူမျိုးအချင်းချင်း သွေးစည်းရာမှာလည်း ခက်ခဲနိုင်တာမို့ ပွင့်လင်းမြင်သာစွာ တစ်မျိုးတည်းပဲ အမည်နာမ သုံးစေချင်တာပါ။ ချင်းလူမျိုး(၅၃)မျိုးရှိနေသလို“ချင်း”ဟာချင်းလူမျိုးပဲဖြစ်သလိုပေါ့ဗျာ၊ တချို့နိုင်ငံသားမှတ်ပုံတင်မှာ အဖေ/အမေက“၀”ဟုရေးပြီး သားသမီးကလွယ်လှလို့ ရေးထားတာတွေ့ရပါတယ်၊ ဒါဟာဘာသဘောလည်း နားမလည်ဘူး၊ ရှင်းရှင်းလင်းလင်းလုပ်ပါ၊ အခြားလူမျိုးစုနိုင်ငံတွေမှာလည်း လိုရင်းစနစ်ပဲ ကျင့်သုံးတယ်၊ ဒီမိုကရေစီစနစ်မှာ ပွင့်လင်းရိုးသားမှုကို အခြေခံပါတယ်၊ အစိုးရအနေနဲ့ ဒီကိစ္စအပေါ်အလေးထား ဆောင်ရွက်ကူညီပေးဖို့ ပြောချင်တာပါ”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းကြောင့်အဆိုပါ “၀”လူမျိုးနွယ်စုအမည်နာမ အရေးနှင့်ပတ်သက်၍ အထက်ပါ၊ပါတီကယခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်တွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ခံရေး ကော်မတီအဖွဲ့သို့ အသိပေးတောင်းဆိုထားကာ၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရလူဝန်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၊ “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်တိုင်းနှင့် “၀”ပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီ အသီးသီးသို့ တင်ပြတောင်းဆိုထားကြောင်း သိရပြီးလူမျိုးနွယ်စုအရေးနှင့်ပတ်သက်၍လည်း နိုင်ငံရေး အခင်းအကျင်းဖြစ်သည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် အရေးပါနေသည်ဟု “၀”အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီအဖွဲ့က ဝေဖန်သုံးသပ် ပြောဆိုထားသည်။

ထွန်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List