Monday, February 24, 2014

ယူကရိန်း ကြားဖြတ် သမ္မတ တာချင်နော့မှ ဥရောပ သမဂ္ဂနှင့် တစ်စည်း တစ်လုံးတည်း ဖြစ်ရန် အာရုံစိုက်သွားမည်ဟု ပြောကြား




ယူကရိန်း၏ ကြားဖြတ်သမ္မတ အိုလခ်စန်ဒါ တာချင်နော့မှ နိုင်ငံအနေဖြင့် ဥရောပ သမဂ္ဂနှင့် ပူးပေါင်းရေး ကို အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သမ္မတ ဗစ်ခ်တာယာနူကိုဗစ်ခ်ျအား ပါလီမန်မှ နုတ်ထွက်ခွင့် ပြုပြီးနောက် ကြားဖြတ် သမ္မတအဖြစ် တာချင်နော့အား စနေနေ့တွင် ခန့်အပ် ထားခြင်း ဖြစ်သည်။

ဥရောပ သမဂ္ဂနှင့် ယူကရိန်းတို့၏ ကုန်သွယ်ရေး စာချုပ်ကို လက်မှတ်ထိုးရန် ယာနူကိုဗစ်ခ်ျ၏ ငြင်းပယ်မှုမှ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး သမ္မတအဖြစ်မှ နူတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။ မစ္စတာ ယာနူကိုဗစ်ခ်ျအား ထောက်ခံသည့် ရုရှားမှ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ယူကရိန်းနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား ပြန်လည် ခေါ်ယူခဲ့သည်။

အမေရိကန်မှ ပါလီမန်၏ လုပ်ဆောင်မှုမှာ တရားနည်းလမ်းတကျ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရုရှားအား စစ်ရေးဆိုင်ရာ စွက်ဖက်မှုများ မပြုလုပ်ရန် သတိပေးထားသည်။ သမ္မတဟောင်း ယူလီယာ တိုင်မိုရှင်ကို၏ ရင်းနှီးသော မဟာမိတ် တစ်ဦးဖြစ်သူ ကြားဖြတ် သမ္မတ မစ္စတာ တာချင်နော့မှ ကြားဖြတ်သမ္မတ အဖြစ် ခန့်အပ်ခံရပြီး နာရီ အနည်းငယ်အကြာတွင် ရုပ်သံမိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထု၏ အစိုးရကို တည်ဆောက်သွားရန် ကတိပြုခဲ့ပြီး ဥရောပ နိုင်ငံများ မိသားစုအတွင်းသို့ ပြန်လည် ဝင်ရောက်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မျှတမှု၊ တန်းတူညီမှုနှင့် အိမ်နီးချင်း ပီသမှုအပေါ် အခြေခံပြီး ယူကရိန်း၏ ဥရောပ ရွေးချယ်မှုကိုလည်း ထည့်သွင်း စဉ်းစားမည်ဆိုပါက ရုရှားနှင့် ဆွေးနွေးဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဥရောပ သမဂ္ဂ၏ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်မှ ယူကရိန်း နိုင်ငံအတွက် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရာတွင် ရှေရှည်ခံမည့် ဆောင်ရွက်ချက်များနှင့် စီးပွားရေး အခြေအနေများကို တည်ငြိမ်စေရန် အတွက် ဥရောပ သမဂ္ဂ၏ ထောက်ပံ့မှုကို ပေးဆောင်ရန် ကိဗ်မြို့သို့ တနင်္လာနေ့တွင် သွားရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပါလီမန်မှ မစ္စတာ တာချင်နော့အား အင်္ဂါနေ့အထိ အစိုးရသစ် ဖွဲ့စည်းရန် အတွက် ပြောကြားထားခဲ့သည်။

REF: BBC
The Myanmar Age

No comments:

Post a Comment

My Blog List