Wednesday, February 26, 2014

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ချက်ချင်းပြင်ပေးရန် မကွေးတိုင်းအတွင်း မြို့များမှ ပြည်သူများ တီရှပ်ဝတ်တောင်းဆို




၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(ဃ)၊ (စ)နှင့် ပုဒ်မ ၄၃၆ တို့အား ပြည်သူ့ဆန္ဒနှင့်အညီ ချက်ချင်းပြင်ပေးရန် မကွေးတိုင်းအတွင်း မကွေး၊ ရေနံချောင်း၊ မင်းဘူးမြို့များမှ ပြည်သူများ ဖေဖော်ဝါရီ ၂၅ ရက်က တီရှပ်ဝတ်တောင်းဆိုခဲ့ပြီး တောင်တွင်းကြီး၊ အောင်လံ၊ သရက်နှင့် ပခုက္ကူမြို့များတွင် ထိုသို့ပြင်ဆင်ပေးရန် တောင်းဆိုသည့် ပြည်သူများ၏ လက်မှတ်များအားလည်း ပြည်သူ့လွှတ်တော်သို့ တင်ပြရန် စုဆောင်းခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူများထံမှ သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ချက်ချင်းပြင်ဆင်ပေးရန် စာသားနှင့် သင်္ကေတပါ တီရှပ်များအား ၀တ်ဆင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများမှ ကိုယ်တိုင်ငွေရင်း စိုက်ထုတ်၍ မိမိစိတ်ဆန္ဒအတိုင်း ၀တ်ဆင်ခဲ့ကြကြောင်း တီရှပ်ဝတ်ဆင်ခဲ့သူများထံမှ သိရသည်။

“ဒီလို တီရှပ်တွေဝတ်ပြီး တောင်းဆိုရတဲ့ ရည်ရွယ်ချက်က ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကို ပြည်သူတွေ လက်မခံဘူးဆိုတာ ထုတ်ဖော်ပြသတာပါ” ဟု မကွေးမြို့မှ တီရှပ်ဝတ်ခဲ့သူတစ်ဦးက ဆိုသည်။

ထိုသို့ တီရှပ်ဝတ် ဆင်တောင်းဆိုခဲ့သည့် မကွေးမြို့မှ ကိုလွင်မိုးကလည်း “အများပြည်သူဆန္ဒနဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေမျိုး လိုချင်တယ်” ဟု ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆိုပါအချက်များမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းအတွက် ရည်ရွယ်ရေးဆွဲခဲ့သောကြောင့် ပြင်ဆင်ပေးရန် တီရှပ်ဝတ် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တီရှပ်ဝတ်ဆင်ခဲ့သူများနှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူများထံမှ အဆိုပါအချက်များအား ပြုပြင်ပေးရန် တောင်းဆိုသည့် လက်မှတ်များစုပေါင်း၍ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဥက္ကဋ္ဌထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း တောင်းဆိုမှုတွင် ပါဝင်ခဲ့သူများထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List